သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားတွေနဲ့အစိုးရ ဘားအံဆွေးနွေးပွဲရွှေ့ဆိုင်း


မြန်မာငြိမ်းချမ်းရေးစင်တာမှာ နိုင်ဟံသာ ဆွေးနွေးနေစဉ် - ၂၄ နိုဝင်ဘာ ၂၀၁၃ (ဓာတ်ပုံ - ဦးလှမောင်ရွှေ)
မြန်မာငြိမ်းချမ်းရေးစင်တာမှာ နိုင်ဟံသာ ဆွေးနွေးနေစဉ် - ၂၄ နိုဝင်ဘာ ၂၀၁၃ (ဓာတ်ပုံ - ဦးလှမောင်ရွှေ)
ကရင်ပြည်နယ် ဖားအံမြို့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို ရက် ထပ်ရွှေ့လိုက်ပြန်ပါပြီ။ ၂၀၁၃ ဒီဇင်ဘာကနေ ၂၀၁၄ ဇန်နဝါရီ၊ အဲ့ဒီကနေမှတခါ ဖေဖော်ဝါရီလကျမှ လုပ်မယ်ဆိုပြီးတော့ ရွှေ့လိုက်တာပါ။ ဘယ်လိုအခြေအနေတွေကြောင့် အခုလို ထပ်ခါထပ်ခါ ရက်ရွှေ့ဆိုင်းနေရတာပါလဲ။ ဘယ်လိုအခက်အခဲတွေ ရှိနေပါသလဲ။ အသေးစိတ်ကို စုံစမ်းထားတဲ့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ခဲ့ပါတယ်။

အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ NCCT တို့ဟာ မူလ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ် ဘားအံမြို့မှာ တွေ့ဆုံပြီး တပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးဖို့ သဘောတူညီထားတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလဆန်းမှာတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းကို အပြီးသတ် ဆွေးနွေးဖို့အတွက် ၂၀၁၄ ဇန်နဝါရီလကို ရက်ရွှေ့ပြောင်းထားရာက ဖေဖော်ဝါရီလကို ထပ်မံ ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း NCCTအဖွဲ့ရဲ့ ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

“ကျနော်တို့ ဖေဖော်ဝါရီ ၂၀ ရက်နောက်ပိုင်း အဲ့ဒီလိုရွှေ့တာ။ ရက်တွေနေ့တွေ အတိအကျတော့ မသတ်မှတ်ရသေးဘူးဗျ။”

ဒီရက်ပိုင်းတွေအတွင်းမှာတော့ NCCT အဖွဲ့ဟာ တပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ မူကြမ်းရေးဆွဲဖို့အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလုပ်ရုံဆွေးနွေးပွဲတွေ ဆက်တိုက်ဆိုသလို ကျင်းပနေခဲ့ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲက ရရှိလာတဲ့ အချက်အလက်တွေကို ဒီလ ၂၀ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ နယ်မြေ လောခီးလာ ခေါ် လေးဝါးစခန်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဒုတိယအကြိမ် ညီလာခံကို ကျင်းပပြီး ဆုံးဖြတ် အတည်ပြုမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလကို ရက်ရွှေ့ဆိုင်းရတာကတော့ လောခီးလာ ခေါ် လေးဝါးညီလာခံက ရရှိလာတဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ မူကြမ်းကို အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ အချိန်ယူပြီး ထပ်မံညှိနှိုင်းဖို့ ဖြစ်တယ်လို့ နိုင်ဟံသာက ပြောပါတယ်။

“ပထမစီစဉ်ထားတာကတော့ ကျနော်တို့ KNU လောခီးလာ ပြီးတာနဲ့ ဘားအံကိုသွားမယ်ဆိုတော့ ဘားအံမှာ တရားဝင် ဆွေးနွေးရမယ်ဆိုရင် ကျနော်တို့ အပြင်မှာ ညှိနှိုင်းတိုင်ပင်မှု မရှိဘဲနဲ့ သဘောကတော့ အပေးအယူ အလွတ်သဘော ညှိနှိုင်းမှုမရှိဘဲနဲ့ ဝိုင်းမှာတွေ့ရင် သူ့မူ ကိုယ့်မူ ဆိုပြီးတော့မှ အဲ့ဒါညှိလို့မရဘဲ ဖြစ်မှာစိုးလို့ပါ။ နားလည်မှု ပိုမို ကောင်းကောင်းရအောင်ဆိုပြီးတော့မှ အချိန် နည်းနည်း ယူလိုက်တာပါ။ အပြင်မှာ နည်းနည်း ညှိနှိုင်းခွင့်ရဖို့အတွက်ပါပဲ။”

မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေးတဦးဖြစ်တဲ့ ဦးလှမောင်ရွှေကတော့ ဒီလို ရက်ရွှေ့ဆိုင်းတာဟာ တစုံတရာ ပြဿနာရှိတာကြောင့် မဟုတ်ဘူးလို့ ပြောပါတယ်။

“၂၀၊ ၂၁၊ ၂၂ လေးဝါး ဒါပြီးရင် ဘားအံကို ဝင်မှာပေါ့ဗျာ။ ဒါပေမဲ့ သူတို့ထဲမှာလည်း သူတို့ခေါင်းဆောင်တွေ တင်ပြကြတယ်။ ပြန်ညှိဖို့ကိစ္စတွေ ရှိတယ်ဆိုတဲ့အတွက် သူတို့အနေနဲ့ အချိန်နည်းနည်း ထပ်ပြီးတော့ ညှိလိုက်တာပေါ့ဗျာ။ လေးဝါးပြီးရင် ဝန်ကြီးဦးအောင်မင်းနဲ့ သူတို့ ပြန်ပြီးတော့ တွေ့ဆုံချင်တယ်ဆိုတာကြောင့် လေးဝါးပွဲပြီးရင် ဘားအံပွဲကို နောက်ကို အနည်းငယ်ဆုတ်တယ်။ ကျနော် နားလည်သလောက်တော့ ဘာပြဿနာ အခက်အခဲမှ မရှိဘူး။ သေချာသထက် သေချာအောင် ညှိနှိုင်းဖို့ အချိန်အနည်းငယ် တောင်းတယ်လို့ နားလည်ပါတယ်။”

NCCT အဖွဲ့နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့ အလွတ်သဘော တွေ့ဆုံပွဲကိုတော့ ရန်ကုန် သို့မဟုတ် ချင်းမိုင်မြို့မှာ တွေ့ဆုံဖို့ ရှိနေတာဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က တင်ပြထားတဲ့ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကိုတော့ တပြည်လုံး အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အချိန်မှာ ထည့်သွင်းဆွေးနွေးဖို့ အစိုးရဘက်က ကမ်းလှမ်းထားပါတယ်။

ဘားအံတွေ့ဆုံပွဲမှာတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်နိုင်မယ့် အချက်တွေကို ညှိနှိုင်းပြီး နှစ်ဘက် သဘောတူညီချက်ရရှိရင် နေပြည်တော်မှာ တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံတကာက အသိသက်သေတွေ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။ ဒီနောက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပကြမှာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG