သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ဆန္ဒပြပွဲ အကြမ်းဖက်ခံရ


အရပ်ဝတ်လူအင်အားဖြင့် ဆန္ဒပြကျောင်းသားများအား ဝင်ရောက်အကြမ်းဖက်- သတင်းဓာတ်ပုံ- Credit to ရှစ့်ဆယ့်ရှစ်မျိုးဆက်
အရပ်ဝတ်လူအင်အားဖြင့် ဆန္ဒပြကျောင်းသားများအား ဝင်ရောက်အကြမ်းဖက်- သတင်းဓာတ်ပုံ- Credit to ရှစ့်ဆယ့်ရှစ်မျိုးဆက်

လက်ပံတန်းမြို့မှာ စခန်းချနေတဲ့ ပင်မသပိတ်စစ်ကြောင်းကို ငြိမ်းချမ်းစွာ ရန်ကုန်ကို လာရောက် ခွင့်ပြုဖို့ အကြမ်းမဖက်ဖို့ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို အာဏာပိုင်တွေက ရဲအင်အားအလုံးအရင်းသုံးပြီး အကြမ်းဖက်ဖြိုခွဲကာ ရိုက်နှက် ဖမ်းဆီးခဲ့ပါတယ်။ ဒီ့နောက် ကျောင်းသား၇ဦးထက် မနည်းကို ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။ သတင်း အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လက်ပံတန်းမြို့မှာ တားဆီးခံထားရတဲ့ ကျောင်းသားတွေကို အကြမ်းမဖက်ဖ့ိုအတွက် ရန်ကုန်၊ မန္တလေးနဲ့ တခြားနယ်မြို့တွေမှာ ဆန္ဒပြပွဲတွေလုပ်ခဲ့ရာမှာ ဒီကနေမှာတော့ ၃ရက်မြောက် ရှိပြီဖြစ်ပါတယ်။ ဧရာဝတီ သပိတ်စစ်ကြောင်းက ကျောင်းသားတွေ အပါအဝင် ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြနေတဲ့ တက္ကသိုလ် အသီးသီး ကကျောင်းသားတွေကို အင်အားသုံးပြီး အာဏာပိုင်တွေကဖြိုခွဲခဲ့ကြောင်း မျက်မြင်ကြုံခဲ့ရသူ ပြည်သူတဦး ကပြောပါတယ်။

“ ကျနော်တို့ ဧရာဝတီစစ်ကြောင်းက ကျောင်းသားတွေအပါအဝင် လက်ပံတန်းမှာ ပိတ်မိနေတဲ့ ကျောင်းသားတွေကို ငြိမ်းချမ်းစွာ ရန်ကုန်ကို လာခွင့်ပြုဖို့နဲ့ အကြမ်းမဖက်ဖို့ ဆိုပြီး အလံ ဆယ့်ငါးလက်လောက်နဲ့ ကျောင်းသားထုကို ဝန်းရံကြဆိုတဲ့ ဗီနိုင်းတွေ ထောင်ပြီးတော့ ဒီမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲ လုပ်တာကို ကြံံံ့ဖွံ့နဲ့ ရဲ က ရဲက ကျနော်ထင်တယ်။ ရဲအင်အား ငါးရာလောက် ရှိမယ်။ အဲ့ကြားတွေ၊ ကြားတွေ ထဲမှာရော ရှေ့မှာရော စွမ်းအားရှင်၊ လက်ပတ်အနီ နဲ့ပေါ့ လူရာနဲ့ချီပြီးတော့ ရောက်လာတယ်။ ရောက်လာပြီးတော့ ကျောင်းသားတွေကို အတင်းဝင်ပြီးတော့ ဆွဲ၊ အတင်းဝင်ပြီးတော့ တုတ်တွေနဲ့ ရိုက်တာလေ။ ကျနော်တို့ကတော့ ဝင်တားတယ်။ တားလို့မရဘူး။ ပါသွားတာဆိုရင် မနီလာသိန်း အပါအဝင် ကျောင်းသား ၇ယောက်လောက် အတင်း ကားပေါ် ဆွဲတင်သွားတယ်ပေါ့။ မနီလာသိန်းတို့ကတော့ ကလေးတွေကို နာမှာစိုးလို့ သူတို့က လက်ချင်းချိတ်ပြီး ကာကွယ်တာပေါ့နော်။ အဲ့ကြားထဲက ဆွဲတင်သွားတာ။”

ရဲအင်အားတွေနဲ့အတူ လက်ပတ်အနီဝတ်ထားတဲ့ အရပ်ဝတ်တွေ အများအပြား ပါဝင်ခဲ့ပြီး ရိုက်နှက်ခဲ့တာဖြစ်ကြောင်းကိုလည်းဆက်ပြောပြပါတယ်။

“ ရိုက်နှက်ပြီး ဆွဲတင်တာ။ ဝါးလုံးတွေ ဘာတွေ ပါလာတယ်။ ဥပဒေနဲ့မညီဘူးလေ။ သူတို့က နဂိုက ပြောတာက အဆင့်လေးဆင့်နဲ့ သူတို့ ရပ်မိရပ်ဖတွေနဲ့ပြောမယ်။ သံဃာတွေနဲ့ပြောမယ်။ ပြီးမှ အဆင့်ဆင့်ပြောမယ်ဆိုပြီး အခုဒီလိုလုပ်တာက ဝုန်းဝုန်းနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ နောက် စွမ်းအားရှင်ပေါ့။ ခေါ်လာ တာပေါ့နော်။ ခေါ်လာတာ သူတို့အရက်နံ့တွေလည်း ထွက်နေတယ်။ တချို့ သိတဲ့သူတွေက မြောက်ဥက္ကလာတို့ဘာတို့ ဆင်ခြေဖုံးကနေပြီးတော့ အရင်ကတည်းက လူစုထားတယ် လို့ပြောတယ်လေ။ ကျနော်တို့ဆီလည်း သတင်းတွေရောက်တယ်။

ရဲမှူးတွေကို ကျနော်ကိုယ်တိုင်ပြောတယ်။ ရဲမှူး ဒါမလုပ်ရဘူး။ ဒီဟာ ကျောင်းသားတွေ လည်းဖြစ်တယ်။ လွှတ်တော်မှာ လည်း ဆွေးနွေးနေတဲ့ အချိန်မှာ မလုပ်ရဘူးလို့ သေချာပြောတယ်။ မလုပ်ပါနဲ့လို့လည်း ပြောတယ်။ အဲ့တာ စွမ်းအားရှင်တွေက အတင်းဝင်လုပ်တာပေါ့နော်။ တချို့ရဲမှူးတွေကလည်း ချကွာတဲ့။ ချပြီးမှ ရှင်းမယ်တဲ့။ အဲ့တာတွေလည်း ကျနော်မြင်နေရတယ်လေ။ နောက်ပြီးတော့ လူငယ်တွေလည်း များတယ်။ တချို့ဆိုရင် ဆယ့်ငါးနှစ်အောက်တွေ တွေ့ရတယ်။ လာရိုက်တဲ့သူတွေက။ ကျနော်တို့က မင်းတို့ ဒါ လာမလုပ်နဲ့ မင်းတို့ကျောင်းသာ းအချင်းချင်းလည်းဖြစ်တယ်။ ဆိုတော့ ဟုတ်ကဲ့။ ဟုတ်ကဲ့ဆိုပြီး တချို့ တခြားကတော့ မရိုက်ဘူး။ ကျနော်တို့တောင်းပန်တယ်။ မလုပ်နဲ့။ ရဲမှူးကိုလည်း တောင်းပန်တယ်။ မရိုက်ပါနဲ့ဆိုတာ တခြမ်းက မရိုက်ဘူး။ ဒီဘက်ခြမ်းက တအားဝင်ရိုက်သွားတာ။”

အလားတူပဲ လက်ပံတန်းမြို့မှာလည်း ကျောင်းသားတွေကို ရဲတွေက တားဆီးထားမူ့ကို ကန့်ကွက်ကြတဲ့ ပြည်သူ တချို့ဖမ်းဆီးခံခဲ့ ရပါတယ်။ ပြီးခဲ့တဲ့ရက်တွေကစပြိး ရန်ကုန်တိုင်း၊မန္တလးတိုင်း စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တွေမှာ ကျောင်းသားသပိတ်ကိုထောက်ခံပြီး အစိုးရအနေနဲ့ အကြမ်းဖက်မူတွေ မလုပ်ဖို့အတွက် ဆနပြပွဲတွေ လုပ်လာပါတယ်။ဒီနေ့မှာတော့ ကလေးတက္ကသိုလ် ကျောင်းသားတွေလည်း ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မှာတော့ ဒဂုံတက္ကသိုလ် ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် အနောက်ပိုင်းတက္ကသိုလ် စတဲ့ တက္ကသိုလ် အသီးသီးက ကျောင်းသားတွေ ဆန္ဒပြနေကြသလို ၃ရက်ဆက်တိုက် ဆန္ဒပြမူတွေဖြစ်ခဲ့ပါတယ်။

ဗွီအိုအေသတင်းထောက် မအေးမာသတင်းပေးပို့ချက်ပါ။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းသဘောထား

ဒီကနေ့ ညနေပိုင်း ရန်ကုန် မြို့တော် ခန်းမရှေ့မှာ လုပ်တဲ့ ဆန္ဒပြပွဲကိုတော့ ရဲနဲ့ အရပ်ဝတ် စွမ်းအားရှင်အဖွဲ့တွေက ရိုက်နှက် ဖမ်းဆီး တာကြောင့် ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက မနီလာသိန်း၊ မနုနုအောင်တို့ အပါအဝင် တက်ကြွလှုပ်ရှားသူ ၈ ဦး ထိန်းသိမ်းခံထားရပါတယ်။ ဒီလို ရဲမဟုတ်တဲ့ သာမန်အရပ်သားလူတွေကိုသုံးပြီး ရုန်းရင်းဆန်ခတ်အကြမ်းဖက် မှုဖြစ်အောင် ဆောင်ရွက်တာဟာ မကောင်းတဲ့လက္ခဏာဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင်တဦးဖြစ်သူ ကိုပြုံးချိုက ပြောပါတယ်။

" ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့တဲ့သူတွေကို အခုလိုမျိုး အတင်းအဓမ္မ ဖြိုခွဲပြီးတော့ ဖမ်းဆီးမှုတွေဟာ ဒါ မတရားဘူး။ နိုင်ငံသားတွေရဲ့ ဆန္ဒကို လေးစားရမယ်။ အဲ့လိုပဲ အုပ်ချုပ်ရေးဘက်က ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လူတွေကို သုံးပြီးတော့ ရုန်းရင်းဆန်ခတ်မှု ဖြစ်စေတာတွေဟာဆိုရင် ဒါမကောင်းတဲ့ လက္ခဏာတွေပဲလို့ ကျနော်ပြောချင်တယ်။ ကျနော်တို့က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုနဲ့ပတ်သက်ပြီးတော့ အရင်တုန်းကလည်း ဖမ်းဆီးခံထားရတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ ရပ်တည်ပြီးပြောခဲ့တာရှိတယ်။ ဆက်လက်ပြီးတော့လည်း ဆက်လုပ်သွားမှာဖြစ်တယ်။"

လက်ပံတန်းမြို့မှာ ပိတ်ဆို့ခံထားရတဲ့ ဆန္ဒပြကျောင်းသားတွေကို အကြမ်းမဖက်ဖို့ ရန်ကုန်မှာ တတ်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းအချို့ပေါင်းပြီး ညနေ ၄ က စ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဆန္ဒပြသူ တစ်ရာကျော်ရှိပြီး၊ ရဲတပ်ဖွဲ့ဝင် တရာကျော်နဲ့ လက်ပတ်အနီပတ်ထားတဲ့ အရပ်ဝတ် လူအင်အားတရာကျော်တို့ အကြမ်းဖက်မှုတွေ မဖြစ်ခင်မှာ အဲဒီနေရာမှာရှိနေကြတယ်လို့ မျက်မြင်တွေ က ပြောပါတယ်။ ဆန္ဒပြသူတွေကို အဲဒီ လက်ပတ်နီအရပ်ဝတ်တွေက စတင် ရိုက်နှက် အကြမ်းဖက်မှုတွေ လုပ်ပြီး ရဲတပ်ဖွဲ့ဝင်တွေပါ ဝင်ရောက်ရိုက်နှက် ဖမ်းဆီးမှုတွေ လုပ်တာဖြစ်ပါတယ်။ အခုလို အာဏာပိုင်တွေဖက်က လူစုခွဲ ရိုက်နှက် ဖမ်းဆီးမှုတွေမလုပ်ခင်မှာတော့၊ ဆန္ဒပြမှုဟာ ဥပဒေနဲ့မညီညွတ်လို့ လူစုခွဲပေးဖို့ဆိုပြီး ရဲအာဏာပိုင်တွေက သတိပေးကြေညာခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲ

ဒီကနေ့ မြို့တော်ခန်းမရှေ့မှာ ရဲနဲ့ လက်ပတ်နီဝတ် အရပ်သားတချို့ အကြမ်းဖက် နှိမ်နင်းခဲ့တာနဲ့ ပါတ်သက်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက အခု ညပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက် နှိမ်နင်းမှုမှာ ပါဝင်ခဲ့ကြတဲ့ လက်ပါတ်နီဝတ် စွမ်းအားရှင် ဆိုသူတွေကို ဘယ်သူက တာဝန်ပေးသလဲ ဆိုတာကို မေးခွန်းထုတ်လိုက်ပြီး ဒီအဖြစ်အပျက်ကို သက်ဆိုင်ရာ အစိုးရ အာဏာပိုင်တွေနဲ့ လွှတ်တော်ကို အကြောင်းကြားသွားမယ်လို့ ၈၈ မျိုးဆက်က ပြောပါတယ်။

ဖမ်းဆီးထားသူတွေကိုလည်း ပြန်ပြီး လွှတ်ပေးဖို့ တောင်း ဆိုလိုက်ပါတယ်။ အဖမ်းဆီးခံရသူတွေထဲမှာ ၈၈ မျိုးဆက်အဖွဲ့က အမျိုးသမီးခေါင်းဆောင် မနီလာသိန်း အပါအဝင် စုစုပေါင်း ၈ ဦး အဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

XS
SM
MD
LG