သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် ရဲအင်အား ၅၀ ရာခိုင်နှုန်း ကို ရွေးကောက်ပွဲ လုံခြုံရေး အသုံးပြုမည်


တရားရုံးထုတ်စစ်ဆေးမှုကို လုံခြုံရေးယူနေတဲ့ရဲတပ်ဖွဲ့ဝင်များ။
တရားရုံးထုတ်စစ်ဆေးမှုကို လုံခြုံရေးယူနေတဲ့ရဲတပ်ဖွဲ့ဝင်များ။

ရွေးကောက်ပွဲကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရဲ့ ရဲအင်အား ၅၀ ရာခိုင်နှုန်းကို လုံခြုံရေးအနေနဲ့ အသုံးပြုသွားမယ်လို့ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။ ဒီအပြင် ရန်ကုန်တိုင်းဒေသကြီး အတွက် အထူးရဲ အင်အား ၆၀၀၀ နီးပါးအသုံးပြုမယ် လို့လည်း ပြောဆိုလိုက်ပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းကမေခကပေးပို့ထားပါတယ်။

ဒီကနေ့ကျင်းပခဲ့တဲ့ ၅၁ နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားမှာ ခုလိုပြောဆို လိုက်တာပါ။ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲအကြိုကာလ၊ မဲဆွယ်ကာလ၊ မဲပေးကာလနဲ့ ရွေးကောက်ပွဲလွန်ကာလဆိုပြီး ကာလ ၄ ခုခွဲကာ လုံခြုံရေး ရယူဖို့ရှိ တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဒုတိယရဲမှူးကြီး ဝင်းဗိုလ်က ဗွီအိုအေ ကိုပြောပါတယ်။ ရွေးကောက်ပွဲအတွက် လုံခြုံရေး ဆိုင်ရာ ဆောင်ရွက်မှုတွေနဲ့ ပတ်သတ်ပြီး သူကိုခုလိုပြောပြတာပါ။

“ကျနော်တို့ ၂၀၁၅ ရွေးကောက်ပွဲအနေနဲ့ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်စေချင်ပါတယ်။ လုံခြုံရေး စီမံချက်နဲ့ ပက်သက် လာရင်လည်း စည်း ၅ စည်း ဆိုတာရှိပါတယ်။ မဲရုံနဲ့ မဲရုံ ပရိဝုဏ်အတွင်း လုံခြုံရေးဆောင်ရွက်ဖို့ကို အထူးရဲများ ခန့်ထားဆောင်ရွက်တာရှိပါတယ်။ မဲရုံရဲ့ အတွင်းစည်း အနီးစည်း၊ အပြင်စည်း၊ အဝေးစည်း တွေကို သက်ဆိုင်ရာ စခန်းမှူး၊ မြို့နယ်မှူး၊ ခရိုင်တပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့ စည်းအမျိုးမျိုးနဲ့ သက်မှတ်ထားတာရှိပါတယ်။ ဒီအပေါ်မှာ လက်ရှိ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်များရဲ့ ၅၀ ရာခိုင်နှှုန်း အင်အားကိုတော့ ရွေးကောက်ပွဲမှာ အသုံးပြုမယ်လို့ ယာထားပါတယ်။”

ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် အသုံးပြုမယ့် အထူးရဲတွေနဲ့ပတ်သတ်ပြီး အရှေ့ပိုင်းခရိုင် ရဲမှူး မြင့်ထွေးက ခုလိုဗွီအိုအေကို ပြောကြားခဲ့တာပါ။

“အောက်တိုဘာ ၁၅ ရက်ကနေ နိုဝင်ဘာ ၁၃ ရက်အထိ တစ်လ။ တစ်လ စာကို လစာ နှစ်ကြိမ်ထုတ်မယ်၊ သူတို့ကို ကျနော်တို့က ၂၀ ရက်ကနေ ၃၀ ရက်ကို သင်တန်းပေးမယ်။ ကျနော်တို့ လက်ရှိလည်း သူတို့ကို သင်တန်းပေးဖို့အတွက် တပ်ဖွဲ့ဝင်တွေကို ကျနော်တို့ နည်းပြအနေနဲ့ သင်တန်းတွေပေးနေတာဖြစ်ပါတယ်။ ကျနော်တို့ အောက်တိုဘာ ၁၅ ရက် ခန့်တာနဲ့ သူတို့ကို သင်တန်းပေးမှာပါ။ မဲရုံနဲ့ပက်သက်ပြီး ဘာလုပ်ရမလဲ။ ဘယ်လိုတွေဆောင်ရွက်ရမလဲ ၊ မဲရုံနဲ့ ပက်သက်တဲ့ လွတ်တော် ဥပဒေတွေက ဘာတွေ၊ နည်းဥပဒေတွေက ဘာတွေ ဆိုတာ ရှင်းပြမှာပါ။ ၁၅ မှာ စခန့်မှာပါ။ ၂၀ မှာ ကျနော်တို့သင်တန်းပေးမှာပါ။ မဲရုံရဲ့လုံခြုံရေးကိုတော့ အထူးရဲနဲ့ထားပြီးတော့ ၊ ကျန်တဲ့ မဲသယ်ပို့တာတို့ နယ်မြေလုံခြုံရေးကိုတော့ လက်ရှိတပ်ဖွဲ့ဝင်တွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။”

လာမယ့်ရွေးကောက်ပွဲအတွက် လုံခြုံရေးကို အထူးသတိထား လုပ်ဆောင်မယ်လို့လည်း ဒီကနေ့ကျင်းပတဲ့ရဲတပ်ဖွဲ့နေ့မှာ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ပြောပါတယ်။ လုံခြုံရေးအတွက် လုပ်ဆောင်မယ့် အစီစဉ်တွေနဲ့ပတ်သတ်ပြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေက ရဲတပ်ဖွဲ့နေ့အခမ်းအနားမှာ ခုလိုပြောဆိုခဲ့တာပါ။

“မဲဆွယ်စည်းရုံးရေးကာလဟာ လုံခြုံရေးအရ အရေးအကြီးဆုံးကာလ တစ်ခုဖြစ်ပြီး မဲဆွယ်စည်းရုံးရာမှာ ပါတီအဖွဲ့အစည်း တခုနဲ့တခု ၊ ကိုယ်စားလှယ် တဦးနဲ့တဦး မလိုလားအပ်တဲ့ ပြဿနာများ ဖြစ်ပေါ်လာနိုင်တဲ့အပြင် လူမျိုးရေး၊ ဘာသာရေးတို့ကို အကြောင်းပြုပြီး ပဠိပက္ခ အသွင်ဆောင်တဲ့ လှုပ်ရှားမှုများဆောင်ရွက်လာနိုင်သည်။ အထွေထွေရွေးကောက်ပွဲ အောင်မြင်အောင်ကျင်းပနိုင်ရေးကို ထိခိုက်လာနိုင်တဲ့ အတွက် နယ်မြေသတင်းများ ထောက်လှမ်းရယူကာ ကြိုတင်ကာကွယ် တားဆီးမှုများ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မသမာသူများက ဖောက်ခွဲ ပစ္စည်းများကို မပြုလုပ်လာနိုင်စေရေးအတွက် ဧည့်စာရင်းစစ်ဆေးခြင်း ၊ ယဉ်ဆို့ စစ်ဆေးခြင်းကိုလည်း အရှိန်မြင့်တင်ဆောင်ရွက်သွားဖို့ ပြောကြားလိုပါတယ်။”

လာမယ့် ရွေးကောက်ပွဲအတွက် လက်ရှိ ဝန်ကြီးဌာန ရဲ့ဖွဲ့စည်းပုံ အတိုင်း ရဲအင်အား အပြည့် မရှိတဲ့ အတွက် ရွေးကောက်ပွဲကာလ အတွက်အသုံး ပြုဖို့ ရွေးကောက်ပွဲ အထူးရဲတွေကို ကာလတို ခေါ်ယူတာဖြစ်ပါတယ်။ မဲရုံလုံခြုံရေး နဲ့ အမှားအယွင်း မရှိစေရေး တွေအတွက် အသုံးပြုမှာဖြစ်ပါတယ်။ အထူးရဲ ဝတ်စုံကိုတော့ လက်ရှိ ရဲယူနီဖောင်း အတိုင်းပဲလို့ လော လော ဆယ်သတ်မှတ် ထား မှာဖြစ်တယ်လို့ ရဲမှုးမြင့်ထွေးကပြောပါတယ်။

ဒီအထူးရဲတွေဟာ လာမယ့် ၂၀၁၅ ခုနှစ် အောက်တိုဘာကနေ နိုဝင်ဘာ အထိ ၁လကြာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး တလလျှင် အခြေခံလစာ ၁ သိန်း ၂ သောင်းကျပ် နဲ့ နေ့တွက် စရိတ်အဖြစ် တရက်လျှင် ၁၀၀၀ ကျပ် ခံစားခွင့် ရှိမှာပါ။ ၂ဝ၁၅ အထွေထွေရွေး ကောက်ပွဲ ကာလမှာ တစ်နိုင်ငံလုံးအနှံ့က မဲရုံလုံခြုံရေးတာဝန်ယူဖို့အတွက် အထူးရဲ ၂သောင်းကျော် ခန့်အပ် တာဝန်ယူပေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မဲဆန္ဒရှင် ၅ သန်းနီးပါး ရှိပြီး မဲရုံပေါင်း ၅၅၀၀ ကျော် ရှိပါတယ်။ ဖွင့်လှစ်မယ့် မဲရုံတွေ တိုင်းကို ရွေးကောက်ပွဲ အထူးရဲက တာဝန်ယူမှာဖြစ်ပြီး မဲသယ်ပို့မှုနဲ့ နယ်မြေလုံခြုံရေးအတွက် အမြဲတမ်း ရဲဝန်ထမ်းတွေကိုပါ လုံခြုံရေး ချထားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။

XS
SM
MD
LG