သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကို ထိခိုက်စေတဲ့ မူးယစ်ဆေးဝါးထုတ်မှု အဓိက နိုင်ငံများထဲ မြန်မာပါဝင်


ဘိန်းစိုက်ပျိုးမှုကို ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဖက်ကာကျေးရွာတွင် တွေ့ရစဉ်။
ဘိန်းစိုက်ပျိုးမှုကို ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဖက်ကာကျေးရွာတွင် တွေ့ရစဉ်။

မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံကို အမေရိကန်ပြည်ထောင်စုအပေါ် သိသိသာသာ ထိခိုက်မှု ရှိစေတဲ့ ကမ္ဘာပေါ်က မူးယစ်ဆေးဝါး အဓိကထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ တဆင့်ဖြန့်ချိတဲ့ နိုင်ငံများစာရင်းမှာ အမေရိကန် သမ္မတ အိုဘားမား က ထည့်သွင်းလိုက်ပါတယ်။

အာရှမှာ မြန်မာနဲ့ တောင်အမေရိကမှာ ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလား နိုင်ငံတို့ကိုတော့ လွန်ခဲ့တဲ့ ၁၂ လတာ ကာလတွင်း မူးယစ်တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ စာချုပ်စာတမ်းတွေနဲ့အညီ အပြည့်အ၀ လိုက်နာ ဆောင်ရွက်ခြင်း မရှိတဲ့ နိုင်ငံ သုံးနိုင်ငံအဖြစ် ထပ်ဆင့် အလေးပေး ဖော်ပြထားပါတယ်။ ဒီအကြောင်း မခင်ဖြူထွေးက ဆက်ပြီး တင်ပြပေးပါမယ်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားဆက်ဆံရေး ခွင့်ပြုမိန့် ချမှတ်ရေးဆိုင်ရာ အက်ဥပဒေ (FRAA) အရ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်တဲ့၊ ဖြန့်ဖြူးတဲ့ နိုင်ငံတွေရဲ့ စာရင်းကို အမေရိကန် သမ္မတက သတ်မှတ်ပြီး လွှတ်တော်ကို နှစ်စဉ် တင်သွင်းတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အခုလို စာရင်းထဲမှာ ပါဝင်ခဲ့သလို၊ ဒီနှစ်မှာလည်း ထပ်မံ ဖော်ပြခံရတာပါ။

ဒီနှစ်ထုတ်ပြန်တဲ့ ၂၂ နိုင်ငံ စာရင်းထဲမှာ အာရှမှာ မြန်မာနဲ့ တောင်အမေရိကမှာ ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလားနိုင်ငံ သုံးနိုင်ငံကိုတော့ လွန်ခဲ့တဲ့ ၁ နှစ်အတွင်း နိုင်ငံတကာ မူးယစ်ဆေးတိုက်ဖျက်ရေး သဘောတူ စာချုပ်မှာပါတဲ့ ကတိကဝတ်တွေနဲ့အညီ လုပ်ဆောင်ပြသဖို့ ပျက်ကွက်ခဲ့တဲ့ နိုင်ငံတွေအဖြစ် သမ္မတက ထပ်မံ စာရင်းပြုစု သတ်မှတ်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မူးယစ်အထူးအဖွဲ့က ဒုတိယရဲမှူးကြီး ခင်မောင်သိန်းကတော့ - မြန်မာနိုင်ငံ အနေနဲ့ မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ထိထိရောက်ရောက် ဆောင်ရွက်နေတာဖြစ်ပြီး ဒီအပေါ်မှာ ဒေသတွင်း နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုတွေကိုတောင် ရထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ကတော့ ဥပမာ ဒီ ထုတ်လုပ်တဲ့နေရာ ဝန်းကျင်မှာရှိတဲ့ဟာတွေကို ကျနော်တို့ operation တွေအနေနဲ့ အားလုံးလုပ်နေတာ အကုန်လုံး အသိပါပဲ။ ဒါတွေလည်း မိခဲ့တဲ့ လူတွေပဲ မိတယ်။ အိမ်နီးနားချင်း နိုင်ငံတွေလည်း ဒီဟာအပေါ်မှာ တိုးတက်မှုရှိလို့ cooperation လုပ်တာတွေ အများကြီးပါ။ ကျနော်တို့ ဒီဟာတွေက ဟို စစ်ဆင်ရေးအနေနဲ့ လုပ်နေတာရှိတယ်။”

သူတာဝန်ယူလုပ်ဆောင်တဲ့ ရန်ကုန်တိုင်းတွင်းမှာ မူးယစ်ဆေးလုပ်ငန်းတွေကို သိသိသာသာ လျော့ကျလာတာ ရှိတယ်လို့လည်း ဒုတိယရဲမှူးကြီး ခင်မောင်သိန်းက ပြောပါတယ်။

“တော်တော်လေး လျှော့လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ task force (လုပ်ငန်းအဖွဲ့) တွေ ပိုပြီးတော့ ရှိလာတယ်။ ဖမ်းဆီးမှုက တက်လာတဲ့အခါကျတော့ ဒီ မူးယစ်ဆေးသုံးသူ အပိုင်းက အတော်လေး လျှော့သွားတဲ့ အနေအထားရှိပါတယ်။”

ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လတွေက ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်းရာချီရှိတဲ့ စိတ်ကြွဆေးပြား သန်းနဲ့ချီကို အာဏာပိုင်တွေက ဖမ်းဆီးရမိတာတွေ ရှိခဲ့ပါတယ်။ ခုလို ဖမ်းဆီးမှုတွေ ရှိပေမဲ့လို့လည်း မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးနဲ့ တခြား မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေမှာလည်း အဓိကကျတဲ့ နိုင်ငံတခု ဖြစ်နေဆဲပါ။

ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွေအတိုင်း အပြည့်အ၀ လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ သုံးနိုင်ငံ စာရင်းထဲမှာ ထပ်မံ အလေးပေး ဖော်ပြခံရတာ ဖြစ်ပါတယ်။ ဒီလို ပျက်ကွက်တဲ့ နိုင်ငံတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံရနိုင်ပေမဲ့လို့ FRAA အက်ဥပဒေ ပြဌာန်းချက်တွေ အရ မြန်မာနဲ့ ဗင်နီဇွဲလားနိုင်ငံတွေမှာ ဒီမိုကရေစီရေး ဖြစ်ထွန်း တိုးတက်လာစေရေးအတွက် အမေရိကန်ရဲ့ အကူအညီတွေဟာ အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် ဆက်ပြီးတော့ အရေးကြီးတယ်လို့ သတ်မှတ်တာကြောင့် ဒီနိုင်ငံတွေကို ဒဏ်ခတ်အရေးယူမှုတွေကနေ ကင်းလွတ်ခွင့်ပေးထားတဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခု မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံကို မူယစ်းဆေးဝါး အဓိက ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးတဲ့နိုင်ငံများ စာရင်းမှာ ထည့်သွင်းတာဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကြိုးပမ်းမှုနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းဆောင်ရွက်မှု အဆင့်ကို ဖော်ပြတာမျိုး မဟုတ်ဘဲ၊ မူးယစ်ဆေးဝါး ကုန်ကူးမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ ပထဝီဝင်အနေအထား၊ ကူးသန်းရောင်းဝယ်မှုနဲ့ စီးပွားရေး အခြေအနေ အားလုံးကို ထည့်သွင်း သတ်မှတ်တာ ဖြစ်တဲ့အကြောင်း သမ္မတအိမ်တော် ပြောရေးဆိုခွင့်ရှိသူက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG