သုံးရလွယ်ကူစေသည့် Link များ

လူထုပညာပေးရေး မီဒီယာအကူအညီ လိုအပ်ဟု သမ္မတဦးသိန်းစိန်ပြော


( ဝဲမှ ယာ) အမေရိကန်အသံ VOA ညွှန်ကြားရေးမှူး David Ensor ၊ မြန်မာသမ္မတ ဦးသိန်းစိန်၊ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း တို့ နေပြည်တော် သမ္မတရုံးတွင် တွေ့ဆုံစဉ်။
( ဝဲမှ ယာ) အမေရိကန်အသံ VOA ညွှန်ကြားရေးမှူး David Ensor ၊ မြန်မာသမ္မတ ဦးသိန်းစိန်၊ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း တို့ နေပြည်တော် သမ္မတရုံးတွင် တွေ့ဆုံစဉ်။
ဒီကနေ့ ဒီဇင်ဘာလ ၇ရက်မှာ မြန်မာနိုင်ငံကို ရောက်ရှိနေကြတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ရုပ်သံလွှင့်လုပ်ငန်း အုပ်ချုပ်သူများအဖွဲ့ BBG ရဲ့ အုပ်ချုပ်သူ Governor တစ်ဦးဖြစ်တဲ့ Victor Ashe ဦးဆောင်ပြီး BBG လက်အောက်ခံ အမေရိကန်အသံ VOA ညွှန်ကြားရေးမှူး David Ensor ၊ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း ၊ လွတ်လပ်တဲ့အာရှအသံ RFA ရဲ့ ဥက္ကဌ Libby Liu တို့ဟာ မြန်မာသမ္မတဦးသိန်းစိန်ကို သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေ တဲ့ မြန်မာနိုင်ငံမှာ ပြည်ပကနေ မြန်မာဘာသာ နဲ့ ရေဒီယို၊ ရုပ်မြင်သံကြား ထုတ်လွှင့်နေတဲ့ မီဒီယာတွေရဲ့ပံ့ပိုးကူညီမှုဟာ အရေးကြီးပါကြောင်း နဲ့ အခုအခါ မြန်မာအစိုးရရဲ့ မိတ်ဆွေတွေဖြစ်လာကြတဲ့ VOA ၊ RFA သတင်းဌာနတွေနဲ့ မိတ်ဆွေအဆင့်ကနေ ဆွေမျိုးသားချင်းအဆင့်ကို တက်လှမ်းလိုပါကြောင်း သမ္မတဦးသိန်းစိန်က ရင်းနှီးနွေးထွေးစွာ ပြောကြားသွားခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲကို ကိုယ်တိုင်တက်ရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ ဝိုင်းတော်သား ဦးရော်နီငြိမ်းက အပြည့်အစုံ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ BBG ၊ RFA ၊ VOA အဖွဲ့ရဲ့ အကြီးအကဲတွေနဲ့ မြန်မာသမ္မတဦးသိန်းစိန်တို့ နေပြည်တော်၊ သမ္မတရုံးမှာ တွေ့ဆုံကြစဉ်မှာ အခုလို ပြည်ပက မြန်မာဘာသာနဲ့ အသံလွှင့်ဌာနတွေ ကို မြန်မာအစိုးရရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေတာမှာ ပံ့ပိုးကူညီနေသူတွေအဖြစ် ရှု့မြင်ထားပါတယ်လို့ သမ္မတဦးသိန်းစိန်က စတင်ပြောကြားခဲ့ပါတယ်။

“ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့နေရာမှာ အဆွေတော်တို့ကို သိပြီးဖြစ်ပါတယ်။ နိုင်ငံရေးအရပြုပြင်ပြောင်းလဲမှုတွေ၊ လူမှု စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေ ဒါတွေ ကျနော်တို့လုပ်နေတယ်ဆိုတာ အဆွေတော်တို့သိပြီးဖြစ်မှာပါ”

သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုတွေကို အမေရိကန်ပြည်ထောင်စုမှာတင် ကြားသိနေရပြီးတော့ အခုမြန်မာနိုင်ငံကို ရောက်ရှိလာတဲ့အခါ သမ္မတကြီးရဲ့ ရိုးသားမှု နဲ့ ပြုပြင်ပြောင်းလဲရေး စိတ်အားထက်သန်မှုတွေကို ကိုယ်တိုင် ထပ်ပြီး ကြား၊ မြင်၊ တွေ့၊ သိ နေရတယ် လို့ BBG ရဲ့ Governor တစ်ဦးဖြစ်တဲ့ Victor Ashe ကလည်း ပြန်လည်ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံထဲက သတင်းတွေကို ရယူရမှာ RFA ၊ VOAတို့ရဲ့ သတင်းထောက်တွေကို သတင်းဖြစ်ပွားနေတဲ့ နေရာတွေကို လွတ်လပ်စွာ သွားရောက်ခွင့်ပြုစေလိုကြောင်းလည်း မစ္စတာ Victor Ashe က သမ္မတကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

VOA ညွှန်ကြားရေးမှူး ဖြစ်တဲ့ David Ensor ကလည်း ၁၉၄၂ခုနှစ်က စပြီး မြန်မာနိုင်ငံကို ရေဒီယို အသံလွှင့်ခဲ့တဲ့ ဗွီအိုအေ နဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း နှစ် ၇၀ ရှိလာခဲ့မှုကို စတင်ပြောကြား ခဲ့ပြီးတဲ့နောက် အခုအခါ VOA ရဲ့ အဓိကရည်မှန်းချက်ဟာ မြန်မာအစိုးရနဲ့ အစိုးရအဖွဲ့ ဝန်ကြီးဌာနတွေ နဲ့ ပူးပေါင်းဆောင်ရွက်ရေးဖြစ်တယ်လို့ သမ္မတဦးသိန်းစိန် ကို ပြောကြားခဲ့ပါတယ်။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံ၊ MRTV ရုပ်သံလွှင့်ဌာနနဲ့ နားလည်မှု စာချွန်လွှာကို ရေးထိုးနိုင်ခဲ့ပြီးတော့ ဗွီအိုအေက သင်တန်းနည်းပြလာရောက်ပြီး ရက်တိုသင်တန်း MRTV မှာ ပေးနိုင်ခဲ့ကြောင်း၊ အခုအခါ ဗွီအိုအေဟာ မြန်မာနိုင်ငံက ပုဂ္ဂလိက မီဒီယာလုပ်ငန်း တစ်ခုဖြစ်တဲ့ Sky Net ရုပ်သံလွှင့်ဌာနနဲ့ ဗွီအိုအေရဲ့ အစီအစဉ်တွေကို မြန်မာနိုင်ငံမှာ Sky Net ကတဆင့် ထပ်ဆင့်ရုပ်သံလွှင့်ရေး သဘောတူစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း သမ္မတဦးသိန်းစိန်ကို တင်ပြပြောဆိုခဲ့ပါတယ်။

RFA အသံလွှင့်ဌာနရဲ့ ဥက္ကဌ Mrs. Libby Liu ကလည်း ပြည်ပက ရင်းနှီးမြုတ်နှံမှုတွေ မြန်မာနိုင်ငံ ကို ရောက်ရှိလာတဲ့အခါ အင်တာနက်လုံခြုံရေးဟာ အရေးကြီးတာကြောင့် နည်းပညာအရ RFA က အင်တာနက် လုံခြုံရေးကို အကူအညီပေးအပ်လိုတယ်လို့ သမ္မတဦးသိန်းစိန်ကို ပြောကြားခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ကလည်း BBG၊ RFA ၊ VOA တို့ရဲ့ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးလိုတဲ့ ကမ်းလှမ်းမှုတွေကို ကြိုဆိုပါကြောင်းနဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာမှာ သူ့အနေနဲ့ အဓိက တွေ့ကြုံနေရတဲ့ အခက်အခဲတစ်ခုကတော့ "ဒီမိုကရေစီဆိုတာ မိမိရဲ့လွတ်လပ်ခွင့်လို့သာ သိမြင်ပြီးတော့ လိုက်နာစောင့်ထိန်းရမယ့် တာဝန်ရှိနေမှုတွေကိုတော့ မသိနားမလည်သူ အများစုဖြစ်နေတာကြောင့် ဒီမိုကရေစီရဲ့ တကယ့်အနှစ်သာရကို ပြည်ပသတင်းဌာနတွေကပါ ကူညီညာ ဖြန့်ဖြူးပေးစေလိုကြောင်း၊ လူအုပ်စု များများရအောင်စုပြီး တောင်းချင်တာ ကို တောင်းဆိုတယ်ဆိုတာဟာ ဒီမိုကရေစီလို့ ယူဆနေကြတဲ့ အတွေးအခေါ်ကို ပြောင်းလဲပေးနိုင်ဖို့ အတွက် ပြည်ပမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ ဒီနေရာမှာ အရေးပါနေပြီးတော့ ဒီလို စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း" တို့ကို သမ္မတဦးသိန်းစိန်က ပြောကြားသွားခဲ့ပါတယ်။

ပြည်ပရင်းနှီးမြုတ်နှံမှုတွေကို ဖိတ်ခေါ်ရာမှာ သံယံဇာတ ကျိမ်စာ Resources ကပ်သင့်နိုင်တယ် ဆိုတာကို အတွေ့အကြုံအရ သိမြင်လာရပြီဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်မှုပေးရေး နဲ့မှ ပြည်ပရင်းနှီးမြုတ်နှံမှုတွေကို လုပ်ဆောင်တော့မှာဖြစ်ကြောင်းနဲ့ ဒီ့အတွက် သဘာဝ ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်မှု အသိပညာပေးရေးမှာ VOA ၊ RFA အသံလွှင့်ဌာနတွေက ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးစေလိုတယ်လို့ သမ္မတဦးသိန်းစိန် က ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာလ ၆ရက်နေ့က မြန်မာနိုင်ငံက ပုဂ္ဂလိက မီဒီယာလုပ်ငန်းတစ်ခုဖြစ်တဲ့ Sky Net ရုပ်သံလွှင့်ဌာနနဲ့ VOA တို့ရဲ့ ဗွီအိုအေ ထပ်ဆင့်ရုပ်သံလွှင့်ရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့မှုအပေါ် သူ့အနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိကြောင်း သမ္မတဦးသိန်းစိန်က ပြောဆိုသွားခဲ့ပါတယ်။

“ပုဂ္ဂလိက အသံလွှင့်ဌာနတစ်ခုဖြစ်တဲ့ Sky Netနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ့်ကိစ္စအတွက် ကျနော်တို့အနေနဲ့ ကြိုဆိုပါတယ်။”

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုဟာ လူမျိုးပေါင်းစုံနဲ့ ဘာသာပေါင်းစုံ ကိုးကွယ်ကြသူတွေ၊ ယဉ်ကျေးမှုမတူ ကွဲပြားခြားနားကြသူတွေ စုပေါင်းနေထိုင်ကြပြီးတော့ အားလုံးက ငါတို့ဟာ အမေရိကန် လူမျိုးတမျိုးတည်း ဖြစ်တယ်လို့ ခံယူထားကြတာကို သူ့အနေနဲ့ အားကျမိပါကြောင်း နဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အတွက်လည်း မတူကွဲပြားခြားနားနေကြတဲ့ တိုင်းရင်းသားတွေ အားလုံးက ငါတို့ဟာ မြန်မာလူမျိုး တမျိုးတည်းဖြစ်တယ်ဆိုတဲ့ ရင့်ကျက်တဲ့ စိတ်ဓာတ်တွေ ပြောင်းလဲဝင်ရောက်လာဖို့ အများကြီး ကြိုးစားဖို့လိုအပ်နေပါကြောင်းလည်း သမ္မတဦးသိန်းစိန်က ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် သူငယ်စဉ် တပ်မတော်အရာရှိဘဝက ရှေ့တန်းစစ်မျက်နှာ နေရာတွေမှာ လိုင်းတိုအသံလွှင့်တဲ့ ဗွီအိုအေလို သတင်းတွေလို နိုင်ငံခြားက မီဒီယာတွေက လွှင့်ထုတ်တဲ့ သတင်းတွေကိုသာ အားကိုးနားထောင်ခဲ့ရတယ်လို့ ပြောဆိုသွားပါတယ်။ အခုအခါ မြန်မာအစိုးရရဲ့ မိတ်ဆွေတွေဖြစ်လာကြတဲ့ ဗွီအိုအေအသံလွှင့်ဌာနတွေ နဲ့ မိတ်ဆွေအဆင့်ကနေ ဆွေမျိုးသားချင်း အဆင့်ကို တက်လှမ်းလိုတယ်လို့ သမ္မတဦးသိန်းစိန်က BBG ၊ VOA ၊ RFA အကြီးအကဲတွေနဲ့ တွေ့ဆုံပွဲမှာ နိဂုံးချုပ်ပြောဆိုသွားခဲ့ပါတယ်။

“နိဂုံးချုပ်ပြောရရင် ကျနော်တို့တတွေဟာ အခုအစိုးရသစ်လက်ထက်မှာ မိတ်ဆွေဖြစ်သွား ပါပြီ။ ရှေ့ဆက်ပြီးတော့ မိတ်ဆွေအဆင့် ကနေ ဆွေမျိုးသားချင်းအဖြစ် တိုးမြှင့်နိုင်ဖို့အတွက် နောက်ထပ်ကြိုးစားသွားဖို့လိုအပ်ပါတယ်။”

ဒီနေ့ BBG ၊ VOA ၊ RFA အကြီးအကဲတွေ မြန်မာအစိုးရသမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံတဲ့ပွဲ မှာ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်၊ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းနဲ့ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ အစိုးရအဖွဲ့ရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်သိန်းသန်းတို့လည်း တက်ရောက်ခဲ့ကြပါတယ်။
XS
SM
MD
LG