သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ဥရောပခရီးစဉ် အဆုံးသတ်


မြန်မာသမ္မတဦးသိန်းစိန်နဲ့ အီတလီဝန်ကြီးချုပ် မာရီယိုမွန်တီ
(Credit to အီတလီသမ္မတ ဝဘ်ဆိုက်ဒ် http://www.governo.it)
မြန်မာသမ္မတဦးသိန်းစိန်နဲ့ အီတလီဝန်ကြီးချုပ် မာရီယိုမွန်တီ (Credit to အီတလီသမ္မတ ဝဘ်ဆိုက်ဒ် http://www.governo.it)
သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ ပထမဆုံး အကြိမ် ဥရောပ ၅ နိုင်ငံခရီးစဉ်ကို ကြာသပတေးနေ့မှာ အဆုံးသတ်ပြီး အီတလီနိုင်ငံကနေ ပြန်လည်ထွက်ခွါသွားပြီဖြစ်ပါတယ်။ သမ္မတရဲ့ အီတလီခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ချေးငွေဆိုင်ရာ ပြုပြင်မှု သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် ကပြောပြပေးမှာပါ။

ဥရောပ ၅ နိုင်ငံကို ဆယ်ရက်ကြာခရီးထွက်လာတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဗုဒ္ဓဟူးနေ့မှာ သူ့ခရီးစဉ်ရဲ့ နောက်ဆုံးနိုင်ငံဖြစ်တဲ့ အီတလီနိုင်ငံကို ရောက်လာခဲ့တာဖြစ်ပြီး အီတလီနိုင်ငံမှာ သမ္မတ Giorgio Napolitano၊ လက်ရှိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေတဲ့ မာရီယိုမွန်တီ (Mario Monti) အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အီတလီအစိုးရ က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားလာဖို့ အတတ်နိုင်ဆုံး အကူညီတွေပေးဖို့ ရှိတယ်လို့ အီတလီနိုင်ငံ တူရင်း (Turin) မြို့တော်ဝန် ပီယဲရိုဖဆီနို (Piero Fassino) ကပြောပါတယ်။

"ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ အီတလီနိုင်ငံက အစိုးရကလည်း အခုလက်ရှိမှာ အပြောင်းအလဲတွေ လုပ်နေတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားလာစေရေးအတွက် အကူအညီတွေပေးဖို့ ဆန္ဒရှိပါတယ်။ ဒီလိုကူညီဖို့ရာအတွက် ဆက်ဆံရေးကဏ္ဍ အသစ်တရပ် ဖွင့်လှစ်ပြီး နိုင်ငံရေး မှာရော၊ လူမှုရေးပြဿနာတွေနဲပ စီးပွါးရေး အထောက်အကူတွေ ပေးပြီး အားပေးမှာပါ။ မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းတဲ့ကာလ အခြေအနေတွေဟာ ပြောင်းလဲနေတာ မို့ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ဒီပြောင်းလဲမှု ခိုင်ခိုင်မာမာဖြစ်လာဖို့ အတွက် ကူညီရမှာဖြစ်ပါတယ်။"

မစ္စတာ ဖဆီနိုဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ EU ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားစေဖို့ ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ပေးခဲ့သူဖြစ်ပါတယ်။ အခု သမ္မတ ဦးသိန်းစိန် ရဲ့ အီတလီခရီးစဉ်အတွင်းမှာ အီတလီအစိုးရ ကနေ မြန်မာနိုင်ငံချေးငွေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ့် သဘောတူစာချုပ် တရပ်ကို အီတလီနိုင်ငံခြားရေး ဝန်ကြီး Giulio Terzi နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏမောင်လွင် တို့ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ လက်ကျန်ကြွေးငွေပေါ်မူတည်ပြီး အတိုးဆက်ပေးစရာ မလိုတဲ့ ငွေချေးမှုဆိုင်ရာ ပုံစံ ပြန်လည်ပြင်ဆင်ဖို့ သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဒီသဘောတူညီချက်အရ အီတလီနိုင်ငံကိုပေးရမယ့် ကြွေးမြီ ဒေါ်လာ ၃ သန်းကို ဖွံ့ဖြိုးရေး စီမံကိန်းတွေ အတွက် ပြောင်းလဲပေးအပ်ဖို့အပြင် စိုက်ပျိုးရေးကဏ္ဍအတွက် နောက်ထပ် ယူရိုငွေ သန်း ၂၀ ချထားပေးဖို့ရှိပါတယ်။ အခုလို အကူအညီပေးတာတွေဟာ မြန်မာနိုင်ငံ လက်ရှိအနေအထားကြောင့်ဖြစ်ပြီး အပြောင်းအလဲကာလအတွက် အီးယူအပါအဝင် အားလုံးကပံ့ပိုးပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

"အခုလို သဘောတူစာချုပ် ချုပ်တာဟာ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြောင်းလဲမှှုတွေ ဖြစ်လာအောင် လုပ်နေတာ မှန်သမျှကို ကျွန်တော်တို့ နိုင်ငံက ထောက်ခံပံ့ပိုးပေးတဲ့ သဘောပါ။ ဒါကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေဟာ သိပ်ကို အရေးပါတဲ့ အနေထားရောက်နေလို့ပါ။ အကူညီကောင်းကောင်းပေးနိုင်ဖို့ တကယ်ဆိုရင် မြန်မာလူမှု အသိုင်းအဝိုင်းအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ လုပ်ရမှာလည်း ဖြစ်ပါတယ်။ ငွေရေးကြေးရေး၊ စီးပွါးရေးမှာ ပံ့ပိုးရမှာဖြစ်သလို နိုင်ငံရေးမှာလည်း အားလုံးက ဝိုင်းပြီး ပံ့ပိုးဖို့ လုပ်ရမှာပါ။"

အီတလီနိုင်ငံ ရဲ့ အခုလုပ်ဆောင်မှုတွေ ဟာ မကြာသေးခင်က မြန်မာနိုင်ငံက ပေးဖို့ ရှိနေတဲ့ကြွေးမြီတွေထဲက Paris Club မှာ ထက်ဝက်လျှော်ပစ်ဖို့ သဘောတူညီမှုရခဲ့တာကို တစိတ်တပိုင်း အကောင်ထည်ဖေါ်တာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂက မြန်မာနိုင်ငံဖွံ့ဖြိုးရေး အတွက် ၂၀၁၂ - ၂၀၁၃ ခုနှစ်မှာ ယူရိုငွေ သန်းပေါင်း ၁၅၀ ကျော်ချထားပေးဖို့ အစီအစဉ်ရှိသလို ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့လည်း အစီစဉ်တွေ ရေးဆွဲနေကြတာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့အပြင်၊ အီးယူကနေ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ အဆိုပြုမူကြမ်းကို ရပ်စဲပေးဖို့ ပြောဆိုခဲ့ပေမယ့် ဥရောပလွှတ်တော် လူ့အခွင့်ရေး ဆပ်ကော်မတီအကြီးအကဲ Babrara Lochbihler က တော့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်ရေး ဆိုင်ရာ တိုးတက်အောင် လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်။
XS
SM
MD
LG