သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားတွေကို စောင့်ရှောက်ဖို့ မြန်မာသံရုံးတွေကို သမ္မတတိုက်တွန်း


မြန်မာသမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံးအင်တာနက်စာမျက်နှာ)
မြန်မာသမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံးအင်တာနက်စာမျက်နှာ)
မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်က ဒီကနေ့ နိုင်ငံကို အသံလွှင့်မိန့်ခွန်း ပြောကြားရာမှာ ဇွန်လအတွင်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို မီးမောင်းထိုးပြသွားပါတယ်။ အဓိကအားဖြင့် ပြည်တွင်းဖြစ်ပျက်မှုကနေ ပြည်ပေ ရာက် မြန်မာနိုင်ငံသားတွေအထိ ဂယက်ရိုက်ခံရတဲ့အတွက် လိုအပ်တဲ့ အကူအညီတွေကို သက်ဆိုင်ရာ မြန်မာသံရုံးတွေကနေတဆင့် ဖြည့်ဆည်းပေးဖို့ အရည်အသွေး မြှင့်တင်ပေးရမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ ဒါ့အပြင် စီးပွားရေး၊ ဘာသာရေး ကိုးကွယ်မှုများနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေထံကိုလည်း ပန်ကြားမှုတွေကို ထည့်သွင်းပြောဆိုသွားပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတော်မိန့်ခွန်း အပြည့်အစုံကို ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

ဒီနှစ် ဇွန်လဆန်းမှာ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေဟာ ပြည်ပနိုင်ငံ တစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံအထိ ရိုက်ခတ်ခဲ့တာပါ။ မလေးရှားနိုင်ငံတွင်းမှာ ရှိနေတဲ့ မြန်မာတွေ အကြမ်းဖက် တိုက်ခိုက်မှုတွေ ခံခဲ့ရအပြီးမှာ မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အလုပ်သမားရေးဝန်ကြီးဌာနက ဒုဝန်ကြီးတွေ လိုက်သွားအပြီးမှာ မြန်မာနိုင်ငံကို ပြန်လာလိုတဲ့သူတွေလည်း ပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေရဲ့ အခွင့်အရေးတွေအတွက် နိုင်ငံတကာမှာ ဖွင့်လှစ်ထားတဲ့ မြန်မာသံရုံးတွေရဲ့ အရည်အချင်းကို မြှင့်တင်ဖို့ လိုတယ်ဆိုပြီးတော့ နိုင်ငံတော် သမ္မတက သူရဲ့ ဇူလိုင်လအတွက် ပြည်သူတွေကို ရေဒီယိုက ပြောကြားတဲ့ ဒီကနေ့ မိန့်ခွန်းမှာ ပြောခဲ့တာပါ။

“ပြည်ပနိုင်ငံများမှာ ရောက်ရှိနေကြတဲ့ ကျနော်တို့ နိုင်ငံသားများ၊ အထူးသဖြင့် ပြည်ပမှာ ခက်ခက်ခဲခဲ ရုန်းကန်နေကြတဲ့ မြန်မာများရဲ့ လုံခြုံရေးနဲ့ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေကို ထိရောက်စွာ ပေးနိုင်ဖို့အတွက် ပြည် ပနိုင်ငံများမှာ အခြေစိုက်တဲ့ မြန်မာသံရုံးများရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင် တိုးချဲ့ ဆောင်ရွက်သွားရမယ် ဆိုတာကိုလည်း အထူးဂရုပြုမိပါတယ်။”

နိုင်ငံတော် သမ္မတ က သံရုံးတွေရဲ့ အရည်အသွေး မြှင့်တင်ဖို့ ပြောဆိုလာတာ ဟာ ကောင်းမွန်တဲ့ ရည်ရွယ်ချက် ဖြစ်ပြီးတော့ အခုလို ပြောတာဟာ နောက် ကျနေပြီလို့တောင် ရှုမြင်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး အငြိမ်းစား ဦးခင်ထွန်း က အခုလို ပြောပါတယ်။

“ကျနော့်အနေနဲ့ကတော့ အဲ့ဒါကို အရမ်းကို ကြိုဆိုပါတယ်။ ဒီမြန်မာသံရုံးဝန်ထမ်းတွေရဲ့ စွမ်းရည်ပေါ့ဗျာ သမ္မတကြီးပြောသလိုပေါ့ အဲ့ဒါ မြှင့်တင်ဖို့ကတော့ အရမ်းကို လိုအပ်တယ်။ နောက်တောင်ကျနေတယ်လို့ ကျနော် ထင်တယ်။”

မြန်မာနိုင်ငံကို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကနေ ပိတ်ဆို့အရေးယူမှုတွေကို ဖွင့်ပေးလိုက်တဲ့အတွက် ပြည်တွင်းမှာ စီးပွားရေးလုပ်ငန်းတွေ ပိုပြီး လုပ်ကိုင်နိုင်ခွင့် ရလာမယ်လို့လည်း သမ္မတ ဦးသိန်းစိန် က ပြောပါတယ်။

အတင်းအဓ္မမ လုပ်အားပေး ခိုင်းစေတာတွေ၊ ကလေးစစ်သား ပပျောက်လာတာတွေကြောင့် မြန်မာနိုင်ငံဟာ ILO ရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဒီလပိုင်းတွေအတွင်းမှာ ရခဲ့တာဖြစ်ပြီးတော့ နောက်ပိုင်းမှာ သမ္မတ ပြောသလို ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ရှိတယ်လို့လည်း မြန်မာအလုပ်သမားအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ပြည်သစ် ညွှန်ေ၀ (ခေါ်) ဦးမောင်မောင် က ပြောပါတယ်။

“ဝင်ငွေရတဲ့ပေါ့နော် အခု ကျနော်တို့ နိုင်ငံမှာရှိတဲ့ အလုပ်သမားရော၊ အလုပ်ရှင်ရော ဆက်ဆံရေး ပြေလည်လာမယ်။ ပြေလည်လာလို့ရှိရင် အဲ့ဒီကနေတဆင့်မှ ဒီလို ပြေလည်လာတဲ့ အနေအထားကို တွေ့လို့ရှိရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ဝင်လာမယ်ဆိုတဲ့ကိစ္စမျိုး၊ ဝင်လာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကလည်း အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး ကောင်းလို့ရှိရင် ဒီတိုင်းပြည်မှာ ကြာကြာနေမယ်ပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့နိုင်ငံမှာ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု နည်းတယ်ဆိုလို့ရှိရင် ရင်းနှီးမြှုပ်နှံမှုက နေမှာပဲ။”

တိုင်းမ် မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ဆောင်းပါးဟာ မြန်မာနိုင်ငံသား အများစုရဲ့ ကိုးကွယ် ယုံကြည်မှုကို ကိုယ်စားမပြုဘဲနဲ့ လူတစုရဲ့လုပ်ရပ်အပေါ်မှာ အခြေခံပြီး လုပ်ဆောင်ခဲ့တာကို ရေးသားခဲ့တာဖြစ်တယ်လို့ သမ္မတ က သုံးသပ်ပြောကြားခဲ့တာပါ။ ဒါ့အပြင် ၂၆ လသာရှိသေးတဲ့ မြန်မာအစိုးရအပေါ် မှာ နိုင်ငံတကာ မီဒီယာတွေအနေနဲ့ လိုက်လျောညီထွေတဲ့ တိုင်းတာမှုမျိုးတွေနဲ့ ရှုမြင်တိုင်းတာဖို့ လိုအပ်တယ်လို့ ဦးသိန်းစိန် က ပြောပါတယ်။

“နိုင်ငံတကာ မီဒီယာများကို ပြောကြားလိုတာကတော့ ကျနော်တို့ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးများရဲ့ အခြား မျက်နှာစာတဘက်မှာ ကြီးမားတဲ့ စိန်ခေါ်မှုများ သမိုင်းဖြစ်ရပ်များရဲ့ အမည်းရိပ်များနဲ့ မိမိတို့ လူ့အဖွဲ့အစည်းရဲ့ သံသယကြီးမားမှုနဲ့ အကဲဆတ်မှုများကို ထည့်သွင်းစဉ်းစားစေလိုကြောင်း ပြောကြားလိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ထွန်းမှုများနဲ့ ဒီမိုကရေစီရေး တည်ဆောက်မှုများကို တိုင်းတာတဲ့အခါမှာ ၂၆ လသာရှိသေးတဲ့ ကာလနဲ့ လိုက်လျောညီထွေရှိမယ့် တိုင်းတာမှုမျိုး ဖြစ်သင့်ပါတယ်။”

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ဒုဥက္ကဌ ဦးကိုကို က အခုလို သမ္မတ ရဲ့ ပြောကြားခဲ့တဲ့ မိန့်ခွန်းအပေါ်မှာ သူ့ရဲ့သုံးသပ်ချက်ကတော့ -

“မြန်မာနိုင်ငံကို ဒီအချိန်မှာ တွန်းချမှာလား။ ဆွဲတင်မှာလား ဆိုတာ အဲ့ဒါလေးပဲ ကျနော် မေးချင်ပါတယ်။ နိုင်ငံတကာအတွက်ကို အမှားကြီးမှားခဲ့တဲ့ စနစ်ကနေပြီးတော့ စနစ်မှန်တစ်ခုကို လမ်းကြောင်းမှန်တစ်ခုကို ရွေ့လာတဲ့ အချိန်မှာ အဲ့ဒီလို သွားနေတဲ့ နိုင်ငံလေးတစ်နိုင်ငံကို နိုင်ငံတကာ မီဒီယာတချို့က အခုလုပ်နေတဲ့ တချို့လုပ်ရပ်တွေက တွန်းချနေတယ်ပေါ့ဗျာ။ ဖေးမပြီးတော့ ဆွဲတင်တဲ့ပုံစံမျိုး သွားပေးနိုင်ရင်တော့ ပိုကောင်းမယ်လို့ ကျနော် ထင်တယ်။ တိုင်းပြည်အတွက် ပိုအကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ်။”

ပြည်တွင်းငြိမ်းချမ်းရေးမှာ တိုးတက်မှုတွေ ရှိလာတာဟာ မြန်မာနိုင်ငံ အတွင်းမှာ နေထိုင်နေတဲ့ ပြည်သူအများ မျှော်လင့်တောင့်တနေတဲ့ အရာတွေ ပုံပေါ်နေပြီဖြစ်တယ်လို့ ပြောလိုတဲ့အကြောင်း သမ္မတ ဦးသိန်းစိန်က သူရဲ့မိန့်ခွန်းနိဂုံးမှာ ပြောခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလကစပြီး ပြည်သူလူထူကို ရေဒီယိုကနေပြီး မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG