သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် တရုတ်နဲ့အမေရိကန် ခရီးစဉ်အတည်ပြု


မြန်မာသမ္မတဦးသိန်းစိန်
မြန်မာသမ္မတဦးသိန်းစိန်
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေကို မကြာခင်သွားရောက်ဖို့ ရှိပါ တယ်။ တရုတ် နိုင်ငံမှာ ကျင်းပမယ့် အာဆီယံ-တရုတ် နန်နင်းကုန်စည်ပြပွဲကို တက်ရောက်ဖို့ရှိသလို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း တက်ရောက် မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။ အသေးစိတ်ကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

သမ္မတဦးသိန်းစိန်ဟာ စက်တင်ဘာလအတွင်း ပြည်ပခရီးစဉ်နှစ်ခု သွားရောက်ဖို့ ရှိနေတာမှာ ပထမ ခရီးစဉ် ဖြစ်တဲ့ တရုတ်နိုင်ငံကို အခုလ ၁၈ ရက်နေ့မှာ ရောက်ဖို့ရှိတဲ့အကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

“အကြမ်းဖျင်းကတော့ နန်နင်းကုန်စည်ပြပွဲကိုသွားမယ်။ ASEAN-China ကိုသွားရင်းနဲ့ တချို့ နေရာတွေသွားမယ်။ ၁၈ ရက် နေ့လောက် ထွက်မယ်။”

သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံ နန်နင်းမြို့မှာ ကျင်းပမယ့် ကိုးကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲ ကို တက်ရောက်မှာဖြစ်ပြီး တရုတ်နိုင်ငံမှာ သုံးရက်လောက်ကြာမယ်လို့ သိရပါတယ်။ သမ္မတဦးသိန်းစိန်ဟာ သူသမ္မတဖြစ်လာပြီးနောက်ပိုင်း တရုတ်နိုင်ငံကို ပြီးခဲ့တဲ့နှစ် မေလတုန်းက တကြိမ် သွားရောက် လည်ပတ်ပြီး ဖြစ်တာကြောင့် ဒါဟာ သမ္မတအနေနဲ့ တရုတ်နိုင်ငံကို ဒုတိယ အကြိမ်မြောက် သွားရောက်ခြင်းဖြစ်ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံကို ခဏပြန်လာပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာကျင်းပမယ့် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တက်ရောက် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

“အကြမ်းဖျင်းကတော့ ၂၇ ကျရင် UN မှာ မိန့်ခွန်းပြောမယ်ဆိုတာလောက်ပဲ သိသေးတယ်။ မနက်ဖြန်ကျမှ UN ကိုယ်စားလှယ် မစ္စတာ နမ်ဘီယားနဲ့ တွေ့မှာ။ အဲဒီကျမှ final schedule လုပ်မှာ။ မနက်ဖြန်မှာ တွေ့မယ်။”

သမ္မတအနေနဲ့ မြန်မာနိုင်ငံကနေ စက်တင်ဘာလ ၂၃ ရက်နေ့လောက်မှာ အမေရိကန်ခရီးစဉ်ကို စတင်မယ်လို့ သိရပြီး ဒီခရီးစဉ်ဟာလည်း ပျမ်းမျှအားဖြင့် သုံးရက်လောက်ကြာမယ်လို့ သိရပါတယ်။ သမ္မတရဲ့ခရီးစဉ် အသေးစိတ်ကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ မြန် မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar နဲ့ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံပြီးတော့မှပဲ သိရမှာဖြစ်တဲ့အတွက် မစ္စတာနမ်ဘီယားနဲ့ တွေ့ဆုံပြီးမှပဲ သမ္မတရုံးက အသေးစိတ်ကို ထုတ်ပြန် မယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

မြန်မာအစိုးရက အမည်မည်းစာရင်းထဲပါနေသူ ခြောက်ထောင်ကျော်ထဲက နှစ်ထောင်ကျော်ရဲ့ အမည် စာရင်းကို သြဂုတ်လ ၂၈ ရက်နေ့က ပယ်ဖျက်ပေးပြီး မရှေးမနှောင်းမှာပဲ အမေရိကန် ပြည်ထောင်စု ကလည်း သမ္မတ ဦးသိန်းစိန်အပါအဝင် မြန်မာအစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တချို့အပေါ် တဦး ချင်းစီအလိုက် ပိတ်ဆို့ အရေးယူထားတာနဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက် တချို့ကို လျှော့ချပေး လိုက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

အခုလို ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ကာလမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံနဲ့ ပိုမိုရင်းနှီးစွာ ဆက်ဆံလိုတဲ့ ဆန္ဒရှိတယ်ဆိုတာကို ပြသလိုတဲ့အတွက်ကြောင့် သမ္မတဦးသိန်းစိန်အပေါ် ဗီဇာကန့်သတ်ချက်ကို လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်နည်းတူပဲ မြန်မာ့ဒီမိုကရေစီအရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အမေရိကန် နိုင်ငံကို စက်တင်ဘာလ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံကနေ စတင်ထွက်ခွာဖို့ ရှိနေတာ ပါ။ ဒေါ်အောင်ဆန်းစု ကြည်ဟာ အမေရိကန်နိုင်ငံ ကွန်ဂရက်လွှတ်တော်က ချီးမြှင့်ထားတဲ့ Congressional Gold Medal Award ခေါ် ကွန်ဂရက်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုကို ကိုယ်တိုင် လက်ခံရယူမှာဖြစ်သလို လွှတ်တော်မှာလည်း စကားပြော မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန်နိုင်ငံမှာ ရှိနေစဉ်အတွင်း နယူးယောက်၊ ဝါရှင်တန်၊ ကယ်လီဖိုးနီးယားနဲ့ အင်ဒီယားနားပြည်နယ်တွေမှာ ရှိနေကြတဲ့ မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံက ခေါင်းဆောင် နှစ်ယောက်ဖြစ်ကြတဲ့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ အမေရိကန်နိုင်ငံကို တပြိုင်တည်း ရောက်နေတဲ့အချိန်မှာ အမေရိကန်သမ္မတ Barak Obama အနေနဲ့ ဒီ ခေါင်းဆောင် နှစ်ယောက်စလုံးနဲ့ တွေ့ဆုံသင့်တဲ့အကြောင်း CSIS လို့ခေါ်တဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာ လေ့လာရေးဌာနက အကြံပြုချက် ထုတ်ပြန်ထားပါတယ်။

ဒီ CSIS အဖွဲ့ဟာ မြန်မာအစိုးရက လက်ရှိပြုလုပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်း သွားရောက်လေ့လာခဲ့ကြပြီး အမေရိကန်အစိုးရကို မူဝါဒဆိုင်ရာ အကြံပြုချက်တွေ တင်ပြခဲ့ကြတာ ဖြစ်ပါတယ်ခင်ဗျား။
XS
SM
MD
LG