သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဦးသိန်းစိန် အမေရိကန် ချစ်ကြည်ရေးခရီးသွားမည်


မြန်မာသမ္မတ ဦးသိန်းစိန် ဘရုနိုင်းနိုင်ငံတွင် ကျင်းပမည့် ၂၂ ကြိမ် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ထွက်ခွာစဉ် (ဓာတ်ပုံ - မြန်မာသမ္မတရုံးဝပ်ဆိုဒ်)
မြန်မာသမ္မတ ဦးသိန်းစိန် ဘရုနိုင်းနိုင်ငံတွင် ကျင်းပမည့် ၂၂ ကြိမ် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ထွက်ခွာစဉ် (ဓာတ်ပုံ - မြန်မာသမ္မတရုံးဝပ်ဆိုဒ်)
မြန်မာသမ္မတ ဦးသိန်းစိန် မကြာခင်ရက်ပိုင်းအတွင်း အမေရိကန် ပြည်ထောင်စုကို လာရောက်မယ့် ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အရေးပါတဲ့ ခရီးစဉ် တရပ် ဖြစ်သလို မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူ ပြုနိုင်မယ့် ခရီးစဉ်တရပ် ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ Georgetown တက္ကသိုလ်က ပါမောက္ခ ဒေးဗစ်စတိုင်းဘတ် (David Steinberg) က ပြောပါတယ်။ နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံးအကြိမ် လာရောက်တဲ့ မြန်မာအစိုးရ ခေါင်းဆောင်တစ်ဦး ရဲ့ နိုင်ငံတော် ခရီးစဉ်အတွင်း ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေး
နိုင်ဖွယ်ရှိပါလဲ။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန် ဒီလအတွင်း မကြာခင်ရက်ပိုင်းမှာပဲ အမေရိကန် ပြည်ထောင်စုကို လာရောက်ဖို့ ရှိတဲ့အကြောင်း တနင်္လာနေ့က မြန်မာအစိုးရ ရုပ်မြင်သံကြားသတင်းမှာ ကြေညာ ခဲ့တာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ မြန်မာအစိုးရ ခေါင်းဆောင်တစ်ဦးရဲ့ နှစ်ပေါင်း ၅၀ နီးပါး ကာလအတွင်း ပထမဆုံးအကြိမ် အမေရိကန် ပြည်ထောင်စုကို တရားဝင် နိုင်ငံတော်ခရီးအဖြစ်နဲ့ လာရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိခဲ့ပေမဲ့၊ အဲ့ဒီအချိန်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားဖို့အတွက်သာ ဖြစ်ပြီး၊ အမေရိကန် သမ္မတနဲ့လည်း တွေ့ဆုံခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် အခုအခါ အမေရိကန်အစိုးရရဲ့ တရားဝင် ဖိတ်ကြားချက်နဲ့ သမ္မတ ဦးသိန်းစိန် လာရောက်မယ့်ခရီးစဉ်ဟာ အရင်က မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ အပြင်းအထန် အရေးယူခဲ့တဲ့ အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာအစိုးရကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာဖို့အတွက် အရေးပါတဲ့ ခရီးစဉ်တရပ် ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု Georgetown တက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ်စတိုင်းဘတ် (David Steinberg) က ပြောပါတယ်။

“တကယ်ကောင်းတဲ့ကိစ္စပါ။ ဒီခရီးစဉ်ကြောင့် အရေးပါတဲ့ ဂယက်ရိုက်မှုတွေ တော်
တော်များများ ဖြစ်လာနိုင်ပါတယ်။ သေချာတာတစ်ခုကတော့ သူတို့ ဘယ်အကြောင်းအရာကိုပဲ ဆွေးနွေး ဆွေးနွေး၊ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ စိုးရိမ်ချက်တွေနဲ့၊ မြန်မာဘက်ကလည်း အမေရိကန်ရဲ့ မြန်မာအပေါ် တုံ့ပြန်မှုတွေနဲ့ ပတ်သက်တဲ့ သဘောထား၊ နောက် အမေရိကန်က မြန်မာကို ဘယ်လို ကူညီထောက်ပံ့ဖို့ ပြင်ဆင်နေလဲ စတာတွေနဲ့ပတ်သက်လို့ နှစ်ဘက် ဆွေးနွေးမှုတွေ ပိုပြီးတော့ဖြစ်လာစေမှာပါ။ ဒါက ကောင်းတဲ့ကိစ္စပါ။”

“အနာဂတ်အတွက် အကျိုးရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလိုကောင်းမွန်တဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ရှေ့ဆက်နိုင်ဖို့လည်း ကျနော် မျှော်လင့်ပါတယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့ ဒီခရီးစဉ်ကနေ သူရသင့်တဲ့ အများအာရုံစိုက်မှု ပို ရလာလိမ့်မယ်လို့လည်း ကျနော် ထင်တယ်။ လူအများ အာရုံစိုက်မှု တချိန်လုံးရနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် တခါတလေမှာ ဦးသိန်းစိန်အပေါ် အများအာရုံစိုက်မှု လျော့သွားရတာ ရှိပါတယ်။ ဦးသိန်းစိန်အနေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကြောင့် အများရဲ့ အာရုံစိုက်မှုတွေနဲ့ ထောက်ခံမှုတွေကို အခုထက် ပိုပြီး အများကြီး ရသင့်ပါတယ်။ တကယ့်ကို ခက်ခဲတဲ့ ပြုပြင် ပြောင်းလဲမှုတွေ၊ လုပ်ငန်းတွေကို သူ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အပေါ်မှာ အခုထက် ပိုပြီး အသိအမှတ်ပြု ခံရသင့်ပါတယ်။”

မြန်မာနိုင်ငံတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိလာခဲ့တဲ့ မကြာသေးခင် နှစ်ပိုင်းကစလို့ အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေဟာ မြန်မာအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဖြေလျှော့ပေးခဲ့သလို၊ မြန်မာအစိုးရနဲ့ ထိတွေ့ ဆက်ဆံမှုတွေကိုလည်း သိသိသာသာ ပြောင်းလဲလုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ မြန်မာနိုင်ငံကို ကိုယ်တိုင် သွားရောက်လည်ပတ်ခဲ့သလို၊ မြန်မာနိုင်ငံတွင်း အမေရိကန်ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ အကူအညီပေးရေး လုပ်ငန်းတွေကိုလည်း တိုးမြှင့် လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ အခု သမ္မတ ဦးသိန်းစိန် လာရောက်မယ့် ခရီးစဉ်ကလည်း နှစ်နိုင်ငံ ဆက်ဆံရေး နောက်ဆုံး တိုးတက်မှုကို ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားနဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံတဲ့အခါ လက်ရှိ မြန်မာနိုင်ငံတွင်းက အကြမ်းဖက် ပဋိပက္ခ အခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကို ထုတ်ဖော် ဆွေးနွေးနိုင်တယ်လို့လည်း မစ္စတာ စတိုင်းဘတ် က ပြောပါတယ်။

“လူနည်းစုတွေနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေ၊ လောလောဆယ် မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခက်ခဲဆုံး ပြဿနာဖြစ်တဲ့ ရိုဟင်ဂျာအရေးလို ကိစ္စရပ်တွေကို သူတို့ ထုတ်ဖော် ပြောကြမှာတော့ သေချာပါတယ်။ ကချင်ပဋိပက္ခ၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ တိုးမြှင့် ဆောင်ရွက်ရေး၊ ကျန်းမာရေးနဲ့ ပညာရေး တိုးတက်ကောင်းမွန်ရေး အပါအဝင် သူတို့နှစ်ဦးလုံး စိုးရိမ်ကြတဲ့ အကြောင်းအရာ အတော်များများကို ဆွေးနွေးကြပါလိမ့်မယ်။”

မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုကို လာဖို့ ရှိတယ်ဆိုတာကို သမ္မတအိမ်ဖြူတော်က ဗွီအိုအေကို အတည်ပြုပေမဲ့ ရက်အတိအကျ အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

AP သတင်းတစ်ပုဒ်မှာတော့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီနဲ့ အမေရိကန် ကုန်သည်ကြီးများအသင်းတို့က လာမယ့် တနင်္လာနေ့ မေလ ၂၀ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ကို ညစာနဲ့ ဧည့်ခံဖို့ရှိတဲ့အကြောင်း အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက ပြော ဆိုတာကို ဖော်ပြထားပါတယ်။

၁၉၆၆ ခုနှစ်တုန်းကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ စစ်အာဏာရှင်ဟောင်း ဦးနေဝင်း နိုင်ငံတော် အကြီးအကဲ တစ်ယောက်အနေနဲ့ အမေရိကန် ပြည်ထောင်စုကို တရားဝင် လာရောက်ခဲ့ဖူးပါတယ်။ အခု သမ္မတ ဦးသိန်းစိန်ရဲ့ အခုခရီးစဉ်ကတော့ မြန်မာအစိုးရ အကြီးအကဲတစ်ဦးရဲ့ ဒုတိယမြောက် ခရီးစဉ်လည်း ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG