လာမယ့် ငါးနှစ်အတွင်းမှာ မြို့နယ်၊ မြို့ပြ အုပ်ချုပ်ရေးတွေကို အစိုးရ အုပ်ချုပ်ရေး ကနေ ပြည်သူတွေ ကနေရွေးချယ်တဲ့ မြို့နယ် ကောင်စီ၊ ကျေးရွာကောင်စီ တွေ ကနေ အုပ်ချုပ်နိုင်အောင် လုပ်ဆောင်ပေးမယ်လို့ သမ္မတ ကပြောဆိုလိုက်ပါတယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖြည့်စွက်ပြင်ဆင်မှုတွေကို လည်း လုပ်ဆောင်မယ်လို့လည်းပြောဆိုလိုက်ပါတယ်။ ဒီလို ပြောဆိုမှု အပေါ် နိုင်ငံရေးလေ့လာ သုံးသပ်သူတွေကဝေဖန်လိုက်ပါတယ်။ ဒီသတင်း အပြည့်အစုံ ကို ဗွီအိုအေမြန်မာပိုင်းကမေခက ပေးပို့ထားပါတယ်။
ဒီကနေ့ သမ္မတက ပြည်သူတွေကို လစဉ်ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလိုပြောဆို သွားတာဖြစ်ပါတယ်။
“လာမယ့် ၅ နှစ်အတွင်းမှာ မြို့နယ်မြို့ပြအုပ်ချုပ်ရေးများကို အစိုးရ အုပ်ချုပ်ရေး ကနေ ပြည်သူများက ရွေးချယ်ပေးတဲ့ ပြည်သူ့ကိုယ်စားလှယ်များပါဝင် ဖွဲ့စည်းတဲ့ Township Council, City Council များအဖြစ် ဖွဲ့စည်းပြီး ဌာနဆိုင်ရာများနဲ့ အုပ်ချုပ်မှု အစား၊ ပြည်သူ့ အုပ်ချုပ်မှု ယန္တရားအဖြစ် ဖွဲ့စည်းနိုင်အောင် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဖြည့်စွက်ပြင်ဆင် သွားဖို့ ရည်ရွယ်ထားပါတယ်။ ပြည်သူ့အုပ်ချုပ်ရေး ယန္တရား ဖြစ်မှသာ လျှင် ပြည်သူများရဲ့ လူမှု၊ စီးပွား လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနိုင်မှာ လည်းဖြစ်ပါတယ်။”
ဒီလရဲ့ လစဉ်မိန့်ခွန်းမှာ သမ္မတပြောခဲ့တာပါ။
ဒီလိုပြောဆိုတာနဲ့ ပတ်သတ်ပြီး နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း ကတော့ လက်ရှိ သမ္မတဦးဆောင်တဲ့ သူတွေရဲ့ ပြုပြင်ပြောင်းလဲရေးက အားရကျေနပ်ဖွယ် မရှိကြောင်း၊ ဒီလိုထုတ်ဖော်ပြောဆိုမှု က မေးခွန်းထုတ်စရာတွေ ရှိတယ်လို့ အခုလိုပြောပါတယ်။
“ဒီအစီအစဉ်ကို သမ္မတအနေနဲ့ အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရဲ့ ဥက္ကဋ္ဌအနေနဲ့ ပြောတာလား နိုင်ငံတော် သမ္မတ တယောက် အနေနဲ့ပြောတာလား ဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။ နောင်လာမယ့် ၅ နှစ်မှာ ဘယ်သူ၊ ဘယ်ပါတီ အစိုးရဖွဲ့နိုင်မယ်၊ ဘယ်သူသမ္မတဖြစ်မလဲဆိုတာကို မသိနိုင်တဲ့ အခြေအနေမျိုးမှာ နောက် ၅ နှစ်သက်တမ်းမှာ ဖော်ဆောင်မယ့် အစီအစဉ်နဲ့ ပက်သက်ပြီးတော့ ပြည်သူလူထုကို အသိပေးပြောကြားတယ် ဆိုတဲ့နေရာမှာ နည်းနည်း စဉ်းစားစရာ အချက်လေးတွေ ရှိတယ်လို့ မြင်တယ်။”
မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးစိန်ကျော်လှိုင်ကတော့ လာမယ့်ရွေးကောက်ပွဲ မှာ မဲရဖို့အတွက် မက်လုံးပေးမှု တခုသာဖြစ် နိုင်ကြောင်း၊ပြီးခဲ့တဲ့ ၅ နှစ်အတွင်း လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေ အတွက် ပြည်သူတွေဘက်က ယုံကြည် လက်ခံဖို့ ခက်ခဲတယ် လို့ ပြောပါတယ်။
“ဒီထွေအုပ်ဆိုတဲ့ ယန္တရားမှာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ကနေပြီးတော့ သွားနေတယ်။ စစ်တပ်က ထွက်လာတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတယ်။ အရပ်သားထဲ ကနေပြီးတော့ ခရိုင်ထွေအုပ်တို့ မြို့နယ်ထွေအုပ်တို့ ဆိုတာမရှိဘူး၊ ပြည်နယ် အစိုးရတွေ တိုင်းဒေသကြီး အစိုးရတွေရဲ့ အတွင်းရေးမှူးတွေကို ပြန်ကြည့်လိုက်လို့ ရှိရင်လည်း ဗိုလ်မှူးကြီးအဆင့်တွေပဲ။ စစ်အစိုးရ အုပ်ချုပ်တဲ့အတွက်ကြောင့် လူတွေက မကြိုက်ဘူး။ ဘာကြောင့် ပြီးခဲ့တဲ့ ၅ နှစ်က မပြင်သလဲ ဆိုတာ မေးခွန်း ထုတ်စရာတွေ ရှိနေတယ်။ အဲတော့ လက်ရှိအုပ်ချုပ်နေတဲ့ ယန္တရားသည် ဘယ်လိုဖြစ်နေသလဲ ဆိုတော့ တိုင်းဒေသကြီး ပြည်နယ်တွေက အစိုးရ အဖွဲ့ တွေက ရွေးကောက် တင်မြှောက်ခံရတဲ့သူတွေ မဟုတ်ဘူး။ ခုနက စစ်ပြန်တွေက။ သူတို့က Civil Servant တွေဖြစ်သွားပြီ ။ ဝန်ထမ်းတွေဖြစ်သွားပြီ ။ ဝန်ကြီးချုပ်သည် ဝန်ကြီးတွေသည် တိုင်းဒေသကြီးမှာ ပြောင်းနေမယ်လို့ သူတို့ကိုယ်၌ကိုယ်က ဘာဖြစ်နေမလဲဆိုတော့ ဝန်ထမ်းတွေ အနေနဲ့ ကျန်ရစ်မယ် ဆိုတော့ ဒါဟာနောက်အစိုးရ သက်တမ်းတွေမှာ တော်တော်ကြီးကို ထိန်းချုပ်ပြီး လုပ်ကိုင်ရမယ့် အနေအထားမျိုးဖြစ်နေတယ်။ ဒီ သမ္မတရဲ့ပြောဆိုချက် ဘယ်လောက် မှန်မလဲ ဆိုတာကတော့ ပြည်သူလူထုက သံသယရှိမှာ အမှန်ဖြစ်တယ်။”
ဒီကနေ့ပြောခဲ့တဲ့ လစဉ်ရေဒီယို မိန့်ခွန်းမှာ သမ္မတက လာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီးလည်း ခုလိုပြောဆိုခဲ့ပါသေးတယ်။
“ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အစွန်းကုန် ကြိုးပမ်းကြတဲ့ နည်းတူ လိုက်နာရမယ့် ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်များကို လိုက်နာကြဖို့နဲ့ အပြန်အလှန်လေးစားမှုရှိရှိ ယှဉ်ပြိုင်ကြဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် ရလဒ်များကိုလည်း ပြည်သူများရဲ့ ဆန္ဒအမှန်ဖြင့် သဘောထားကြီးစွာ လက်ခံနိုင်ကြဖို့ အရေးကြီးကြောင်း တိုက်တွန်းလို ပါတယ်။ ပြည်သူများအနေနဲ့ ဒီရွေးကောက်ပွဲရဲ့ အရေးပါမှုကို သိရှိနားလည်ပြီး မိမိတို့ မဲပေးရွေးချယ်မယ့် ကိုယ်စားလှယ်လောင်းများရဲ့ အရည်အချင်း၊ အရည်အသွေး၊ အကျင့်စာရိတ္တ၊ စိတ်ရင်းစေတနာနဲ့ ရည်မှန်းချက်များကို လက်တွေ့ကျကျ စဉ်းစားချင့်ချိန်ပြီး ဆန္ဒမဲပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။”
လက်ရှိမှာ မြို့နယ်၊ ကျေးရွာ၊ မြို့ပြထွေအုပ်တွေကို ပြည်သူက တိုက်ရိုက်ရွေးချယ်တယ် ဆိုပေမယ့် ဆုံးဖြတ်နိုင်မယ့်နေရာ တွေမှာ ပြည်သူတွေ ခန့်နိုင်ခြင်းမရှိပါဘူး။ အစိုးရဘက်ပိုင်းကနေ ဆုံးဖြတ် နိုင်မယ့်နေရာတွေအတွက် တိုက်ရိုက်ခန့် ထားနေတာဖြစ်ပါ တယ်။ ဒီပြင်မြို့နယ်၊ ကျေးရွာ၊ မြို့ပြထွေအုပ် အဖွဲ့အစည်း ဟာပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိပြီး အစိုးရပိုင်းက တာဝန် ယူထားတာဖြစ်ပါတယ်။ဒီစနစ်ကိုပြောင်းလဲကာ ပြည်သူကနေအုပ်ချုပ်နိုင်မယ့်စနစ်ကို ပြောင်းလဲနိုင်ဖို့ ကြိုးစားမယ်လို့ သမ္မတ ကပြောဆိုခဲ့တာဖြစ်ပါတယ်။