သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘိန်းထုတ်လုပ်မှု ၂၅ % ကျဆင်း


၂၀၁၄ ခုနှစ်၊ ကုလမူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန မြန်မာပြည်အတွက် အစီရင်ခံစာ (ဒီဇင်ဘာ ၈၊ ၂၀၁၄)
၂၀၁၄ ခုနှစ်၊ ကုလမူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန မြန်မာပြည်အတွက် အစီရင်ခံစာ (ဒီဇင်ဘာ ၈၊ ၂၀၁၄)

မြန်မာနိုင်ငံရဲ့ဘိန်းထုတ်လုပ်မှု ၂၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ ကုလ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး UNODC ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။ ဘိန်းစိုက်ဧက လျော့ကျလာပြီး ရာသီဥတုမကောင်းတာနဲ့ ပိုးကျတာတွေကြောင့် အခုလို ကျဆင်းလာတာဖြစ်ပြီး အာဏာပိုင်တို့ဘက်က ဘိန်းခင်းတွေကို အမြစ်ပြတ်ချေမှုန်းမှုကလည်း တိုးလာပါတယ်လို့ ကုလ အစီရင်ခံစာက ဖော်ပြပါတယ်။ မြန်မာနိုင်ငံရဲ့ဘိန်းထုတ်လုပ်မှုနဲ့ တိုက်ဖျက်မှုအခြေအနေတွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီနှစ် ၂၀၁၄ ခုနှစ်အတွင်း ဘိန်းထုတ်လုပ်မှု တန်ချိန် ၆၇၀ ရှိခဲ့ပြီး ဒီပမာဏက ၂၀၁၃ ခုနှစ်က ဘိန်းအထွက်နဲ့ယှဉ်ရင် တန်ချိန် ၂၀၀ တိတိ ပြုတ်ကျသွားတာ ဖြစ်ပါတယ်။ ဒီနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုကလည်း အရင်နှစ်ကထက် ဟက်တာ ၂၀၀ လောက် ကျသွားတာဖြစ်ပြီး စုစုပေါင်း စိုက်ဧက ဟက်တာ ၅ သောင်း ၇ ထောင်၆ ရာ ရှိခဲ့တယ်လို့ UNODC ကုလ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးရုံးရဲ့ ဒီကနေ့ထုတ်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေဘက်က ဘိန်းခင်းတွေ အမြစ်ဖြတ်ချေမှုန်းမှုကလည်း ပြီးခဲ့တဲ့နှစ်ကထက် ၂၅ ရာခိုင်နှုန်းလောက် တိုးပြီး လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံဟာ ကမ္ဘာ့ ဒုတိယအများဆုံး ဘိန်းထုတ်လုပ်တဲ့နိုင်ငံအဖြစ် ရှိနေဆဲ ဖြစ်ပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကလည်း တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့လည်း သတိပေးထားပါတယ်။ UNODC ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ တာဝန်ခံ Jeremy Douglas က ပြောဆိုပါတယ်။

“မြန်မာ့ ဘိန်းအထွက်က ခန့်မှန်းထားတာထက် လျော့ပါတယ်။ ဒါပေမယ့်လည်း စိုက်ပျိုးမှုက မူလ အခြေအနေအတိုင်းရှိနေသေးပြီး ဘိန်းအထွက်ကလည်း ပုံမှန် အတိုင်းပဲ ရှိနေပါသေးတယ်။”

ဘိန်းစိုက်တောင်သူ အများစုကတော့ တခြားသီးနှံတွေ စိုက်ပျိုးတာထက် ဘိန်းစိုက်တာက စီးပွားရေးအရ ပိုပြီးတွက်ချေကိုက်တာကြောင့် စိုက်နေတာ ဖြစ်တယ်လို့ ပြောဆိုနေကြတာပါ။ ဥပမာအားဖြင့် တခြားသီးနှံတွေစိုက်ရင် ကိုယ်တိုင်သွားရောက် ရောင်းချရမှာဖြစ်ပြီး ဘိန်းစိုက်ရင်တော့ အိမ်တိုင် ရာရောက် လာဝယ်ကြတာကြောင့် ဖြစ်တယ်လို့လည်း UNODC တာဝန်ခံ Jeremy Douglas က ပြောဆိုပြီး ဒီအတွက်လည်း မြန်မာနိုင်ငံမှာ ဖြေရှင်းနိုင်တဲ့ အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတယ်။

မြန်မာအစိုးရဘက်ကတော့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ထိန်းချုပ်ဖို့အတွက် အစားထိုးဖွံ့ဖြိုးရေးနဲ့ တားဆီးနှိမ်နှင်းရေးလုပ်ငန်းတွေကို စီမံကိန်းချ ဆောင်ရွက် နေတယ်လို့ ပြောဆိုပါတယ်။ အဓိက အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းတွေကို နယ်စပ်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနကလည်း လုပ်ဆောင်နေသလို မြန်မာနိုင်ငံ မူးယစ်ဗဟိုဌာနအနေနဲ့လည်း လုပ်ဆောင်နေပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆက်ပြီး လုပ်ရမှာတွေရှိနေသေးတယ်လို့လည်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ ဌာနမှူး၊ မြန်မာနိုင်ငံ မူးယစ်ဗဟိုဌာနက ရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။

“လွှမ်းခြုံမှုတွေအရ ပြန်ပြောမယ်ဆိုရင်တော့ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းရယ်လို့ လုပ်တာက - ကျနော်တို့ မူးယစ်ဗဟိုလုပ်ငန်းအနေနဲ့လုပ်တာက ရှမ်းပြည်နယ်တောင်ပိုင်းမှာ လုပ်တယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာလုပ်တယ်။ မြောက်ပိုင်းမှာဆိုရင် ကျနော်တို့လုပ်ဖို့ စီစဉ်နေတာပေါ့နော်။ သို့သော်လည်းပဲ ခုနက ကျနော်ပြောသလိုပေါ့- ဒေသခံလူ့အသိုင်းအဝိုင်းတခုပေါ့နော်- ဖွံ့ဖြိုးတိုးတက်ရေးကို ကျနော်တို့က ဇောင်းပေးပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ဘိန်းအထွက် လျော့လာရတဲ့ အခြေအနေတခုက ရာသီဥတုဆိုးတာနဲ့ ပိုးကျတာတွေအပေါ်မှာလည်း မူတည်တယ်လို့ UNODC အစီရင် ခံစာက ဖော်ပြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘိန်းနဲ့ မက်သာဖက်တမင်းတို့လို မူးယစ်ဆေးဝါးတွေ နိုင်ငံတဝန်းရောင်းဝယ်မှုက တိုးလာတယ်လို့ မြန်မာရဲတပ်ဖွဲ့ရဲ့အကြီးအကဲတဦးရဲ့အပြောကို ကိုးကားပြီး UNODC ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ တာဝန်ခံ Jeremy Douglas က ပြောဆိုပါတယ်။ ဒီအပေါ်မှာ ရဲမှူးကြီး ဇော်လင်းထွန်းကတော့ အခုလို တုံ့ပြန်ပါတယ်။

“ဒီခေတ်ကာလက ပိုပြီးတော့ များလာတာကို ကျနော်တို့ survey တော့ ကျနော်တို့မရှိပါဘူး။ ဒါပေမယ့် ဖမ်းဆီးရရှိမှုဖြစ်စဉ်တွေအရ ဒါတွေကိုပြန်ပြီးတော့ သုံးသပ်တဲ့အခါမှာ မူးယစ်ဆေးဝါး ဝယ်လို့ရတဲ့အခွင့်အရေး များလာတာကိုတော့ ကျနော်တို့သတိထားမိပါတယ်။ အတိအကျတော့ survey တော့ မရှိပါဘူး။ ကျနော်တို့ရဲ့ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေအရ တွေ့ရပါတယ်။ opium pills ပေါ့နော်- opium ကနေထုတ်တဲ့ ဆေးဝါးတွေအနေနဲ့ကတော့ ခုနပြောသလို သိပ်တော့ - stable ပဲပေါ့နော်၊ remains stable ပဲ ရှိနေပါတယ်။ အခုနက မက်သာဖက်တမင်းတော့ အထိုက်အလျှောက်များလာတာကို ကျနော်တို့ တွေ့ရှိရပါတယ်။ ဒီဥစ္စာကလည်း - ဒါက trend တခုပေါ့နော်။ trend တခု ပြောင်းလဲလာတာ ဖြစ်ပါတယ်။ ဆိုတော့…သုံးစွဲမှု ပုံစံတခုပေါ့။ ပြောင်းလဲလာတဲ့အတွက် ဒါကိုလည်း ကျနော်တို့ သတိထားမိပြီးဖြစ်ပါတယ်။ အဲဒီအတွက် တားဆီးနှိမ်နင်းရေးအပိုင်းကနေပြီး ဘယ်လို strategy အနေနဲ့ ဘယ်လို approach နဲ့ တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်ဆိုတာလေးတွေ - ဒါ ကျနော်တို့ ကြိုတင် စဉ်းစားထားပြီးသားပါ။”

မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ရဲ့နယ်စပ် ရွှေတြိဂံဒေသရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက ဒီနှစ်မှာ ဒေါ်လာ သန်း ၅၀၀ လောက် ရှိတယ်လို့လည်း UNODC က ခန့်မှန်းထားပါတယ်။ ဒီနှစ်မှာတော့ မြန်မာနိုင်ငံဘက်က ဘိန်းစိုက်ပျိုးဧကရော ဘိန်းအထွက်ရော အရင်နှစ်ကထက်စာရင် ၂၅ ရာခိုင်နှုန်းလောက်စီ လျော့ကျလာပေမယ့်လည်း အိမ်နီးချင်း လာအိုဘက်ခြမ်းမှာတော့ ဘိန်းစိုက်ပျိုးဧကရော ဘိန်းအထွက်ပါ တိုးလာတယ်လို့ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်ရှင်။

XS
SM
MD
LG