သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနား အကြံပေးချက် မြန်မာ လက်မခံ


ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်ဝေ
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်ဝေ
တနင်္လာနေ့ မတ်လ ၁၁ ရက်နေ့က လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ စိုးရိမ်စရာ အနေအထားမှာ ဆက်ပြီး ရှိနေသေး တယ် ဆိုတာကို ထောက်ပြ ပြောဆိုခဲ့တဲ့အပေါ်မှာ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က လက်မခံ ကြောင်း ချေပပြောဆိုခဲ့ပါတယ်။

အနောက်နိုင်ငံ အများစုကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ ခုထက် ပိုပြီး ပိုကောင်းမွန်အောင် ဆောင်ရွက်ဖို့ လိုအပ်နေတယ်ဆိုတာကို အသိအမှတ်ပြုခဲ့သလို ဒီအပေါ် မှာ မြန်မာအစိုးရကိုလည်း သတိပေး တိုက်တွန်းမှုတွေ လုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ကတော့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက် အများစုတွေဟာ လက်ရှိ အခြေအနေနဲ့ ကိုက်ညီမှု မရှိတဲ့အတွက် လက်မခံနိုင်ကြောင်း တနင်္လာနေ့ က လူ့အခွင့်အရေးကောင်စီမှာ အခုလို တုံ့ပြန် ချေပသွားပါတယ်။

“အထူးကိုယ်စားလှယ်ရဲ့ အကြံပြုချက် အများစုဟာ လက်ရှိ အခြေအနေမှာ ကိုက်ညီမှု မရှိတော့ တဲ့အကြောင်းနဲ့ သူတင်ပြတဲ့ အချက်တွေထဲမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တစိတ်တပိုင်းအဖြစ် ဆောင်ရွက်ခဲ့ပြီးတဲ့ အကြောင်းအရာတွေ ပါဝင်နေပါတယ်။ တချို့ကတော့ ခုချိန်မှာ ဆောင်ရွက်နေဆဲ ကိစ္စတွေဖြစ်သလို ဆက်ပြီးတော့ ဆောင်ရွက်သွားမှာ လည်းဖြစ်
ကြောင်းနဲ့ အစီရင်ခံစာထဲက တချို့ အချက်အလက်တွေဟာ မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာကို ထိပါးတဲ့ ရည်ရွယ်ချက် ရှိရှိနဲ့ ကြိုတင် စီမံရေးသားမှုတွေ ဖြစ်တဲ့ အကြောင်း” မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က ပြောသွားတာပါ။

မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ဆက်လက် အကောင်အထည်ဖော် ဆောင် ရွက်နေသလို လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ တိုးတက်မှုတွေ အများကြီး ရှိတယ်လို့ဆိုပြီး လူ့အခွင့် အရေး ကောင်စီအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပြန်လည် သုံးသပ်မှုတွေ လုပ်သင့်တဲ့ အကြောင်း မြန်မာကိုယ်စားလှယ်က ပြောသွားပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံကတော့ မြန်မာအစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို အသိအမှတ်ပြုတဲ့ တချိန်တည်းမှာ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံပြီး ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ရှေ့ဆက် အကောင်းအထည် ဖော်သွားဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ လက်တလော ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ကျနော်တို့ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုင်တွယ် ဖြေရှင်းရမယ့် စိန်ခေါ်မှုတွေ အများကြီး ရှိနေသေးတယ်ဆိုတာကိုလည်း အာဆီယံ က နားလည်လက်ခံထား ပါတယ်။ ဒါကြောင့် မြန်မာ အစိုးရအနေနဲ့ ဒီပြုပြင် ပြောင်းလဲမှုလုပ်ငန်းတွေမှာ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံပြီး နိုင်ငံတကာရဲ့ အကူအညီနဲ့ ဆက်လက် အကောင်အထည်ဖော်သွားဖို့ အာဆီယံ က တိုက်တွန်းပါတယ်။”

အာဆီယံအနေနဲ့ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ အနီးကပ် စောင့်ကြည့်နေတဲ့အကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ ခုထက် ပိုပြီး ကိုင်တွယ်ဆောင်ရွက်မှုတွေ လုပ်သွားဖို့လည်း အာဆီယံနိုင်ငံရဲ့ ကိုယ်စား ထိုင်းနိုင်ငံ ကိုယ်စား လှယ်က တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

ဥရောပသမဂ္ဂရဲ့ ကိုယ်စားလှယ်ကတော့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား သူ့အစီရင်ခံစာထဲမှာ ထောက်ပြထားတဲ့အတိုင်း မြန်မာအစိုးရအနေနဲ့ အကျဉ်းထောင်တွေထဲမှာ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုသွားပါတယ်။

“ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ထပ်ပြီး လွှတ်ပေးခဲ့တဲ့အပေါ်မှာ ဥရောပသမဂ္ဂအနေနဲ့ ကြိုဆိုတဲ့ တချိန်တည်းမှာပဲ ဒီလိုလွှတ်ပေးမှုတွေဟာ ချွင်းချက် မရှိရ ဘူးဆိုတာကို ကျမတို့ အလေးအနက် ပြောကြားခဲ့ပါတယ်။ ဆက်လက် အကျဉ်းကျခံနေရ ဆဲဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ သူတို့ဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြီး သူတို့ကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်နိုင်ဖို့အတွက် ကော်မတီ ဖွဲ့ ဆောင်ရွက်ဖို့ မကြာသေးခင်က သမ္မတရုံးက ဦးဆောင် ကြိုးပမ်းနေတဲ့အပေါ်မှာလည်း ဥရောပသမဂ္ဂက ကြိုဆိုပါတယ်။ အခုလို ဆောင်ရွက်မှုတွေက ပိုပြီးတော့ ပွင့်လင်းမြင်သာမှုတွေနဲ့ အမျိုးသား ပြန် လည်သင့်မြတ်ရေးအတွက် အထောက်အကူ ဖြစ်လာဖို့ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံထဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ဖွင့်ဖို့ကိစ္စ မြန်မာအစိုးရအနေနဲ့ အမြန်ဆုံး ဆောင် ရွက်ဖို့လည်း ဥရောပသမဂ္ဂ က တိုက်တွန်းသွားပါတယ်။

အလားတူ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးဖွင့်ဖို့ကိစ္စကို အမေရိကန်ပြည်ထောင်စု ကလည်း တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ရည်ရွယ်ပြီး တိုင်းရင်းသားအဖွဲ့တွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ အခုထက် ပို ခိုင်မာအောင် ဆောင်ရွက်ဖို့ နဲ့ မြန်မာနိုင်ငံတွင်း တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့ အထူးကိုယ်စား
လှယ်ရဲ့ အကြံပေးချက်တွေကို အမေရိကန် ကိုယ်စားလှယ်က ထောက်ခံ တင်ပြသွားခဲ့ပါတယ်။

“၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အပါအဝင် မြန်မာနိုင်ငံရဲ့ ဥပဒေအားလုံးကို နိုင်ငံတကာ လူ့အခွင့်အရေး စံညွှန်းတွေနဲ့အညီ ပြီးပြည့်စုံတဲ့ ဥပဒေတွေဖြစ်အောင် ပြုပြင် ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတဲ့ အထူးကိုယ်စားလှယ်ရဲ့ အကြံပေး တင်ပြမှုကို ကျမတို့ အခိုင်အမာ ထောက် ခံပါတယ်။ အသစ်ပြဌာန်းမယ့် ဥပဒေတွေအတွက် civil society လူထုအခြေပြု လူမှုအဖွဲ့အစည်း တွေ အပါအဝင် သက်ဆိုင်ရာ လူမှုအဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေနဲ့အတူ လက်တွေ့ကျတဲ့ နှီးနှောတိုင်ပင်မှုတွေ ရယူနိုင်ဖို့အတွက် လူထုကြား အချက်အလက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေတာ အသိပေးတာတွေ ရှိရပါမယ်။”

ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ကြသူတွေအပေါ် အာဏာပိုင်တွေဘက်က အင်အားသုံး အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်က အထူးစိုးရိမ်တဲ့အကြောင်းနဲ့ လက်ရှိအခြေအနေထက် ပိုပြီးတော့ လွတ်လပ်တဲ့ ထုတ်ဖော် ပြောဆိုခွင့်တွေနဲ့ စုဝေးခွင့်တွေ ခွင့်ပြုဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။

မနေ့က လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံလည်း တုံ့ပြန်ပြောသွားပါတယ်။ မြန်မာအစိုးရအနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုတွေကို တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့အကြောင်းနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီး လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်အောင် ဆောင် ရွက်နိုင်ခဲ့တဲ့အကြောင်းနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေမှာလည်း တိုးတက်မှုတွေ ရှိတဲ့အကြောင်း တရုတ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က စကားပြန်ကနေတဆင့် ပြောသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ တရုတ်နိုင်ငံကလည်း ကူညီဆောင်ရွက်ပေးနေ တဲ့အကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ မကြာခင်ကပဲ တရုတ်နိုင်ငံမှာ လက်ခံ ကျင်းပပေးနေတဲ့အကြောင်းနဲ့ အခြေအနေတွေ ပိုပြီးတော့ ကောင်းမွန်လာနေတယ်။” လို့ တရုတ်နိုင်ငံ ကိုယ်စားလှယ်က စကားပြန်ကနေဆင့် ပြောသွားခဲ့တာပါ။

နိုင်ငံတကာအနေနဲ့လည်း မြန်မာ့အရေးကို အကောင်းဘက်ကကြည့်ပြီး အပြုသဘောဆောင်တဲ့ အကူအညီတွေ ပေးသွားဖို့ လိုအပ်တဲ့အကြောင်းလည်း သူက ပြောသွားခဲ့ပါတယ်။
XS
SM
MD
LG