သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ဦးစီးအရာရှိချုပ် ( လေ) ရာထူးဖယ်ရှားခံရ


မြန်မာအစိုးရက အဆင့်မြင့်လေတပ်အရာရှိတဦးကို ရာထူးကနေ ဖယ်ရှားလိုက်တဲ့အကြောင်း သမ္မတရုံးအရာရှိ တဦးကို ကိုးကားပြီး ရိုက်တာ သတင်းမှာဖော်ပြထားတဲ့ကိစ္စဟာ တရုတ်-မြန်မာနယ်စပ်မှာ ကိုးကန့်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံဘက်ကို ဗုံးဆံတွေ ကျသွားခဲ့တဲ့အပေါ် တရုတ်အစိုးရက ဖိအားပေးလာတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ မြန်မာ့စစ်ရေးကို လေ့လာနေသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်ချုပ်လွင်ဦးကို ရာထူးကဖယ်ရှားပြီး ဗိုလ်မှူးချုပ်မောင်မောင်ကျော်နဲ့ အစားထိုးခန့်ထား လိုက်တာဟာ ဒီကိစ္စမှာ အဓိကတာဝန်ရှိတဲ့ ကာကွယ်ရေးဦးစီးချုပ်ကို အရေးမယူဘဲ ဗိုလ်ချုပ်လွင်ဦးကို ဖြုတ်ပစ်တာဖြစ်တယ်လို့ ဝါရှင်တန်ဒီစီမြို့က မြန်မာသံရုံးမှာ သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောပါတယ်။

“ကျနော်ပထမဦးဆုံးပြောချင်တာက အခုလက်ရှိ စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်ချုပ်လွင်ဦးက ပြောရရင် ထိုးအကျွေးခံရတဲ့အနေအထားမျိုး ဖြစ်ပါတယ်။ တပ်မတော်မှာ အစဉ်အဆက်ပေါ့လေ၊ ကျနော်တို့ရှိစဉ်ကတည်းက အခုထိပါပဲ။ တပ်မတော်စစ်လေယာဉ်တွေနဲ့ ပတ်သက်ပြီးတော့ စစ်လေယာဉ်ပျံတွေသုံးတာနဲ့ပတ်သက်ပြီးလို့ရှိရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အမိန့်နဲ့ပဲလုပ်ရပါတယ်ခင်ဗျ။ အထူးသဖြင့်တော့ လေတပ်စစ်ဆင်ရေးတွေ လုပ်တဲ့အခါမှာ အောက်က ဗိုလ်ချုပ်လွင်ဦးတို့အပိုင်း၊ ဗိုလ်ချုပ်လွင်ဦးရဲ့အထက်မှာ ဗိုလ်ချုပ်ကြီးတယောက်ရှိပါတယ်။ ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ သူတို့အပိုင်းကနေပြီးတော့ ဆင့်ကဲ ဆင့်ကဲ တင်ပြပြီးတော့မှ အမိန့်တောင်းခံပြီးတော့မှ ပစ်ခတ်ခွင့်ရပါတယ်။ တကယ့်တကယ် တာဝန်ရှိတာက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ပါပဲ။”

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းက ကြံခင်းတခုထဲကို ဗုံးဆံကျခဲ့တဲ့အတွက် အဲဒီ ဗုံးဆံတွေထိမှန်ပြီး တရုတ်နိုင်ငံသား ၅ ဦး သေဆုံး ခဲ့ရသလို မေလလယ်တုန်းက နောက်ထပ်တကြိမ် ဗုံးဆံတွေကျခဲ့တဲ့အတွက် တရုတ်နိုင်ငံသား အပါအဝင် နယ်စပ်မှာရှိနေတဲ့ မြန်မာနိုင်ငံသား တချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တာပါ။ အဲဒီ ကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရဘက်က အစောပိုင်းမှာ ငြင်းဆိုခဲ့တာတွေ ရှိခဲ့သလို တရုတ်ဘက်က တောင်းပန်ခိုင်းတာတွေလည်း ရှိခဲ့တာပါ။

ဒါပေမယ့် တရုတ်နိုင်ငံအတွင်းကို လက်နက်ကြီးကျည်တွေ၊ ဗုံးဆံတွေ ဒုတိယအကြိမ် ကျသွားပြီးတဲ့နောက်မှာတော့ တရုတ်ဘက်က သတိပေးပြောဆိုတာတွေ ရှိလာခဲ့ပြီး နှစ်နိုင်ငံနယ်စပ်မှာ စစ်ရေး လေ့ကျင့်တာတွေပါ လုပ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မြန်မာ အစိုးရဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံကိုစေလွှတ်ပြီး တောင်းပန် တာနဲ့ တာဝန်ရှိသူတွေကို အရေးယူတာတွေ လုပ်ဆောင်မယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း အခုလို ဗိုလ်ချုပ် လွင်ဦးကို ရာထူးကဖယ်ရှားပစ်ရတဲ့အထိ ဖြစ်လာခဲ့တာပါ။

စစ်အစိုးရလက်ထက်က တရုတ်-မြန်မာ ဆက်ဆံရေး ကောင်းမွန်ခဲ့ပေမယ့် သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် နှစ်နိုင်ငံ ဆက်ဆံရေး တဖြည်းဖြည်း ဆိုးရွားလာနေတာကြောင့် မြန်မာအစိုးရအနေနဲ့ တခြားဒေသတွင်းက နိုင်ငံတွေကို ပြန်လည် ချဉ်းကပ်လာတာ တွေကို တွေ့ရတယ်လို့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က သုံးသပ်ပါတယ်။

တရုတ် - မြန်မာဆက်ဆံရေးမှာ အဆင်မပြေမှုတွေ ရှိနေတဲ့ချိန်မှာပဲ ကာကွယ်ရေးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် ဇူလိုင်လဆန်းမှာ အိန္ဒိယနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံကို သွားမယ့်ကိစ္စဟာ နှစ်နိုင်ငံ နယ်စပ်ဒေသမှာရှိနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကိစ္စ ဆွေးနွေးဖို့ထက် ပိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပြောဆိုကြဖို့ ရှိတယ်လို့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောပါတယ်။

“အဓိက ကတော့ အိန္ဒိယနယ်စပ်မှာရှိတဲ့ နာဂသူပုန်နဲ့ ကသည်းသောင်းကျန်းသူကို အကြောင်းပြပြီးတော့မှ အိန္ဒိယပြည်က စစ်ရေးအရ အကူအညီတောင်းခံလိမ့်မယ်။ အိန္ဒိယလက်နက်ကလည်း သိပ်ဆိုးတဲ့လက်နက်တော့ မဟုတ်ဘူးဗျ။ အိန္ဒိယလက်နက်ကလည်း တချိန်က ရုရှားလက်နက်တွေ ကောင်းကောင်းကို သုံးခဲ့တဲ့နိုင်ငံပဲ။ တရုတ်ကို …သုံးနိုင်တဲ့နိုင်ငံကြီး…လက်နက်တွေဖြစ်တာကိုး။ လက်နက်ကိစ္စကတော့ ပါမယ်လေ။ ဘော်ဒါ ကိစ္စလည်းပါမယ်။ …နိုင်ငံရေးကိစ္စလည်းပါမယ့် အနေအထားမျိုးတွေ့ရပါတယ်။ ရှင်းရှင်းပြောရင်တော့ မိုဒီတို့ ဘာတို့နဲ့ သွားတွေ့ထားပြီးတော့မှ သူတို့ ထိတွေ့ထားတဲ့အနေအထားမျိုးတော့ လိုက်လုပ်နေတယ်လို့ ကျနော်မြင်တယ်။ ဒုတိယသမ္မတ (ဦး) ဉာဏ်ထွန်းက ရုရှားသွားတယ်ဗျာ။ အခု (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် အိန္ဒိယသွားတယ်။ တကယ်တော့ နယ်စပ်ဘော်ဒါကိစ္စလေးနဲ့ ဒီလောက်ကြီး ရေးကြီးခွင်ကျယ်လုပ်ပြီးတော့မှ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် သွားစရာမလိုဘူးဗျ။ ကျနော် သိသလောက်ကတော့လေ။”

တကယ်တော့ ဦးသိန်းစိန်အစိုးရ တက်လာပြီးကတည်းက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်မှု လုပ်ငန်းတွေအပေါ် လူထုရဲ့ အမြင်တွေ ပြောင်းလဲလာပြီး အဲဒီလုပ်ငန်းတွေအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေလည်း တဖြည်းဖြည်း များလာနေတာကြောင့် တရုတ်အစိုးရ ဘက်ကလည်း စိုးရိမ်မှုတွေ ရှိလာနေတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာလူထုရဲ့ ထောက်ခံမှုရရှိနေတဲ့ အတိုက်အခံပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံကို ဖိတ်ကြားလိုက်တာ ဖြစ်တယ်လို့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ တရုတ်က မကြိုက်တော့ဘူး။ မကြိုက်တော့ဘူးဆိုတာကလည်း အဓိကက ဒီစစ်အစိုးရပေါ့လေ။ (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေလက်ထက်ကရော၊ (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေလက်ထက်ကတော့ လုပ်ချင်တာလုပ်လို့ရတာပေါ့လေ။ အခု (ဦး) သိန်းစိန်လက်ထက်မှာရော၊ တကယ့်တကယ်ကျတော့ ရေရှည်ကျရင် ပြည်သူလူထုရဲ့ထောက်ခံမှု မရတဲ့အခါမှာ တရုတ်ရဲ့အကျိုးစီးပွားတွေကလည်း ပြည်သူလူထု ထောက်ခံမှုမရရင်- ဒါ အတွေ့အကြုံရှိခဲ့ပြီးပြီ။ ၁၉၆၇ ခုနှစ်၊ တရုတ်-ဗမာ အရေးအခင်းဖြစ်တာတို့၊ လူတွေ မကျေနပ်လို့ရှိရင် သူ့ရဲ့အကျိုးစီးပွားတွေလည်း ပျက်စီးမှာပဲ။ မကြိုက်တဲ့အစိုးရ ကို သူမထောက်ခံချင်တော့လို့ - ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ လူထုကြိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အဖွဲ့ကို ကောင်းမလားဆိုပြီးတော့မှ ဗြောင်ပဲ ပြန်ထောက်ခံပြတဲ့ အနေအထားမျိုးလို့ မြင်တယ်လေ။ လက်ရှိ နိုင်ငံရေးအခြေအနေအရတော့ ရွေးကောက်ပွဲအခြေအနေမှာ ဘယ်လို ဖြစ်လာမယ်ဆိုတာတော့ အားလုံးကတော့ စောင့်ကြည့်တဲ့အနေအထားမျိုး ရှိတယ်ပေါ့လေ။ ဘာပဲဖြစ်ဖြစ် တရုတ်နဲ့ လက်ရှိ စစ်အစိုးရတပိုင်းပေါ့လေ-အစိုးရနဲ့တော့ ယခင်လို အဆင်မပြေတော့တာတော့ အမှန်ပါပဲ၊ ကိုဇော်ဝင်းလှိုင်ရဲ့။”

တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သမ္မတ ရှီကျင်းပင်ကိုယ်တိုင် လက်ခံတွေ့ဆုံတာဟာလည်း နိုင်ငံတော် အကြီးအကဲ မဟုတ်တဲ့ ဧည့်သည်တယောက်ကို တရားဝင် လက်ခံတွေ့ဆုံရိုး အစဉ်အလာမရှိတဲ့ တရုတ်နိုင်ငံအတွက် ဒါဟာ ထူးခြားတဲ့ လုပ်ဆောင်ချက်တခုလည်း ဖြစ်ပါတယ်။

မကြာခင် လပိုင်းအတွင်း တိုင်းပြည်အတွင်းမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေတဲ့အတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေဟာ ဒေသတွင်း နိုင်ငံတွေအပါအဝင် နိုင်ငံတကာရဲ့ ထောက်ခံမှုရနိုင်အောင် အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေတယ်ဆိုတာ သိသာ ထင်ရှားနေတယ်လို့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောပါတယ်။

XS
SM
MD
LG