သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု ပြန်စစ်ဆေးဖို့ မြန်မာတောင်းဆို


ဘောင်းဘီမှာ သွေးစွန်းပေနေတာတွေ့ခဲ့ရသူ ခရစ္စတိုဖာ
ဘောင်းဘီမှာ သွေးစွန်းပေနေတာတွေ့ခဲ့ရသူ ခရစ္စတိုဖာ

ကော့တောင်ကျွန်းခေါ် လိပ်ကျွန်းလူသတ်မှုမှာ တရားလိုဘက်က သက်သေ ၆၀ ကျော်ထဲမှာ ထိုင်းရဲတွေက ၄၀ ကျော်ပါနေတဲ့အတွက် တရားလိုဘက်က တင်ပြချက်တွေကို လက်မခံနိုင်ကြောင်းနဲ့ အမှုကို အစကနေ ပြန်စစ်ဆေးပေးဖို့ မြန်မာသံရုံးကိုယ်စားပြု ရှေ့နေတွေက တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားသားတွေနဲ့ ကျွန်းသူကျွန်းသားတွေအတူပူးပေါင်းပြီး ကော့တောင်ကျွန်းမှာ သတ်ဖြတ်ခံခဲ့ရသူ ဗြိတိန်နိုင်ငံသားနှစ်ဦးအတွက် ရက် ၁၀၀ ပြည့် ဝမ်းနည်းဖွယ် အထိမ်းအမှတ်ပွဲတခုကိုလည်း ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံခဲ့ရတာ ရက်ပေါင်း ၁၀၀ ပြည့်ခဲ့ပါပြီ။ သတ်ဖြတ်မှုနဲ့ပတ်သက်လို့ စွပ်စွဲခံထား ရတဲ့ မြန်မာနိုင်ငံသားနှစ်ဦး ဖမ်းဆီးခံထားရတာလည်း ၃ လနီးပါး ရှိနေပြီဖြစ်ပါတယ်။ ကော့စ်မွေတရားရုံးက ပြီးခဲ့တဲ့ရုံးချိန်းမှာတော့ တရားလိုဘက်က သက်သေတွေအဖြစ် ထိုင်းရဲတပ်ဖွဲ့ဝင်အများအပြားကို တင်ပြလာတဲ့အတွက် အမှုကို အစကနေ ပြန်စစ်ဆေးနိုင်ဖို့ တင်ပြခဲ့တဲ့အကြောင်း လိပ်ကျွန်းအမှု စုံစမ်းရေးကော်မတီက ဥပဒေအကြံပေးဖြစ်တဲ့ ရှေ့နေ ဦးအောင်မျိုးသိန့်က ဆိုပါတယ်။

“၆၅ ယောက်မှာ ရဲတွေက ၄၀ ကျော်ပါတယ်။ အမှန်ကတော့ အစိုးရရှေ့နေဘက်ကနေပြီးတော့ သူတို့တင်လာတဲ့အချက်တွေကို လက်ခံပြီးတော့ စစ်ဆေးစေချင်တဲ့သဘောပါပါတယ်။ အဲဒီလိုစစ်ဆေးမယ်ဆိုရင် တလ နှစ်လအတွင်း ပြီးသွားမှာပါ။ ဒါပေမယ့် ကျနော်တို့ဘက်က သူတို့တင်ထားတဲ့ အချက်တွေ ဘယ်အချက်မှ လက်မခံဘူးဆိုတဲ့သဘော ပြောလိုက်ပါတယ်။ ပြောတဲ့အခါကျတော့ သူတို့သက်သေတွေကို အစကနေပြန်ပြီး တရားခွင် တင်ပြီး စစ်ရမှာမို့လို့ အားလုံး ရက်ချိန်းကို (၇) လပိုင်းအထိ ပြောင်းရွှေ့ချိန်းပေးလိုက်တာပါ။ ကျနော်တို့မြင်တာက ဥပဒေအရကတော့ တရားခွင်မှာ တင်လာရမှာက သေဆုံးသူနဲ့ပတ်သက်တဲ့ မိသားစုတယောက်ယောက်ဖြစ်သင့်တာပါ။ ဒါမှသာလျှင် တရားမျှတမှုရှိမယ်။ အခုဟာက သေဆုံးသူဘက်က တဦးတယောက်မှမပါဘဲ ရဲကသာတရားစွဲဆိုပြီးတော့ ရဲတွေချည့်ပဲ သက်သေလိုက်နေကြတော့ ‘ငါ့မယုံရင် ငါ့မိန်းမ မေး’ ဆိုတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီဟာကို ယုံကြည်ရ တော်တော်ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တင်ပြတဲ့ လူ လေးဆယ်ကျော်ကလည်း စွပ်စွဲခံရတဲ့သူနှစ်ယောက် သတ်ပါတယ်လို့ မျက်မြင်သက်သေတွေ မဟုတ်ပါဘူး။ သက်သေခံပစ္စည်းသိမ်းတာတို့၊ အလောင်းသိမ်းတဲ့အချိန်မှာ ပါတဲ့လူတို့၊ ကလေးတွေကို စစ်ဆေးတဲ့အခါမှာ ပါတဲ့လူတွေဖြစ်တဲ့အတွက် ဒါဟာ ခိုင်လုံတဲ့အထောက်အထား သက်သေတွေ မဟုတ်ပါဘူး။”

တရားလိုဘက်က အများဆုံးသက်သေထွက်မှာက ထိုင်းရဲတွေဖြစ်နေပြီး မြန်မာလူမျိုးတွေဘက်ကလည်း သက်သေထဲမှာပါဝင်သလို နိုင်ငံခြားသား တချို့ကိုလည်း တရားလိုဘက်က ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ တရားခံအဖြစ် စွပ်စွဲခံရတဲ့ မြန်မာလူငယ်တွေအတွက် မြန်မာသံရုံးက ဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မတီဘက်က အင်္ဂလန်နိုင်ငံသားတစ်ဦးနဲ့ စကော့တလန်နိုင်ငံသားတစ်ဦးတို့ကို သက်သေအဖြစ် စစ်ဆေးခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

အဲဒီနိုင်ငံခြားသားနှစ်ဦးဟာ လူသတ်မှုဖြစ်ပြီး နောက်တနေ့ ကော့တောင်ကျွန်းက ထွက်ခွာသွားခဲ့ကြပြီး တစ်ဦးက သူ့ရဲ့အဝတ်အစားတွေမှာ သွေးစွန်း နေတာတွေ့ရသလို ‘ရှောင်’ လို့အမည်ရတဲ့ နောက်တဦးကတော့ သေဆုံးသူရဲ့ခန္ဓာကိုယ်မှာတွေ့ရတဲ့ အလားတူ ဒဏ်ရာဒဏ်ချက်တွေ ရှိနေခဲ့တာပါ။ သူတို့နှစ်ဦးကို သံရုံးကနေ တောင်းဆိုရင် လာရောက်သက်သေခံနိုင်ဖွယ်ရှိကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“လက်မှာ ဒဏ်ရာရသွားတယ်ဆိုတဲ့ဟာက ရှောင် - ဖြစ်ပါတယ်။ နောက် ဘောင်းဘီမှာ သွေးပေတယ်ဆိုတာ ခရစ္စတိုဖာ ဖြစ်ပါတယ်။ ဒီလူတွေကိုပါ ကျနော်တို့တောင်းဆိုထားတာပါ။ တရားရုံးတော်က --- ၊ သံရုံးအနေနဲ့ခေါ်ရင် လာရမယ်လို့ ထင်ပါတယ်။”

ကော့တောင်ကျွန်းမှာ သေဆုံးသွားကြတဲ့ ဗြိတိန်လူငယ်နှစ်ဦးအတွက် ရက် ၁၀၀ ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲတခုကို တနင်္ဂနွေနေ့ညက ကျင်းပပေးခဲ့ကြပါတယ်။ လိပ်ကျွန်းလူသတ်မှုဟာ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး ရက်အတော်ကြာတဲ့အထိ တရားခံတွေကို ဖမ်းဆီးရမိခြင်းမရှိတာကြောင့် အများဝေဖန်ခံရတဲ့အထိ ထိုင်းအာဏာပိုင်တွေ အကြပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီနောက် အခင်းဖြစ်ပြီး သီတင်းနှစ်ပတ်အကြာမှာ တရားခံတွေအဖြစ် မြန်မာလူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့တာပါ။ အဖမ်းခံရသူ မြန်မာလူငယ်နှစ်ဦးက အစပိုင်းမှာ သူတို့သတ်တယ်လို့ ဝန်ခံခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီလူသတ်မှုဟာ သူတို့နဲ့မပတ်သက်ကြောင်း ပြန်လည်ငြင်းဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့ကို ကော့စ်မွေ အကျဉ်းထောင်မှာ ချုပ်နှောင်ထားဆဲဖြစ်ပြီး အမှုနဲ့ပတ်သက်လို့ ရှေ့နေ ၁၂ ဦးပါတဲ့အဖွဲ့နဲ့ ခုခံချေပနိုင်ဖို့ မြန်မာသံရုံးက စီစဉ်ပေးနေပါတယ်။ သူတို့ကို အမှု (၇) မှုနဲ့ တရားလိုဘက်က စွပ်စွဲထားပြီး ပထမဆုံးအာမခံရဖို့ ကြိုးစားချက်ကတော့ ငြင်းပယ်ခံထားရပါတယ်။ မကြာခင်မှာ သူတို့အတွက်အာမခံရရေး ဆက်ပြီးကြိုးစားသွားမယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်ရှင်။

XS
SM
MD
LG