သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စပါးဈေးမကြုံစဖူးတက်လို့ ထိုင်းကဝယ်ဖို့ မြန်မာစဉ်းစား


မြန်မာဆန်စက် (ကျိုက်လတ်မြို့)
မြန်မာဆန်စက် (ကျိုက်လတ်မြို့)

ပြည်တွင်း စပါးဈေး မကြုံစဖူး ဈေးတက်နေတာကြောင့် ထိုင်းနိုင်ငံကနေ ဆန်တင်သွင်းဖို့ စဉ်းစားနေကြတဲ့ အကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းက ပြောဆိုပါတယ်။ နိုင်ငံတွင်း အရန်ဆန် ထားရှိဖို့၊ တပ်မတော် ရိက္ခာဆန်ကို အပြည့်အ၀ ပေးသွင်းဖို့နဲ့ တရုတ်နယ်စပ် ကို တင်ပို့နေတဲ့ ပမာဏကလည်း များတာကြောင့် လက်ရှိ စပါးဈေးကတော့ ကျမယ့် အလားအလာ မရှိသေးဘူလို့လည်း ဆန်စပါး အသိုင်းအဝိုင်းက ပြောဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

စပါးပေါ်ချိန် နှစ်စဉ် ဒီဇင်ဘာလမှ စပါးဈေးကျလေ့ ရှိပေမယ့် ဒီနှစ်မှာတော့ စပါး တင်း ၁၀၀ကို ၆ သိန်းကျော် ဈေးပေါက်နေတာကြောင့် ပြည်တွင်း ဆန်ကုန်သည်တွေ တွက်ခြေမကိုက်ဖြစ်ကြရပြီး ပြည်ပကနေ လုံးတီးဆန် တင်သွင်းဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးနဲ့ ဆန်စပါး လုပ်ငန်းရှင်တွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်တွင်း စပါးဈေးတက်တာကြောင့် ထိုင်းနိုင်ငံကနေ လုံးတီးဆန် တင်သွင်းရေးကို မူအားဖြင့် သဘောတူခဲ့ပေမယ့်လောလောဆယ်တော့ ဝယ်ယူမယ့် အစီအစဉ် မရှိသေးတဲ့ အကြောင်းလည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းရဲ့ ဒုတိယ ဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“စပါးဈေးက မြင့်နေတာပေါ့။ ဆန်ကြမ်း စပါးဈေးက ၆သိန်းနီးပါး ဖြစ်နေတာ့။ သင်္ဘောတင်တဲ့ သူတွေက တွက်ခြေမကိုက်ဘူးပေါ့။ ဆန်စပါးဈေးက ကမ္ဘာမှာတော့ ကျနေတဲ့ အပိုင်းမှာရှိတာပေါ့။ အခုကတော့ လိုအပ်ရင် ထိုင်းဘက်က သွင်းဖို့ မူအားဖြင့် သဘောတူထားပါတယ်။ လောလောဆယ်ကတော့ ချက်ချင်း ကောက်သွင်းမှာတော့ မဟုတ်သေးဘူးပေါ့။ အဓိကကတော့တစ် အစိုးရက ခွင့်ပြုပေးဖို့ လိုတယ်။ နှစ်ကတော့ အခွန်ဘယ်လောက် ကောက်မလဲပေါ့။ ဒီနှစ်ကုန်ပြီဆိုရင်ပဲ အေအီးစီက စတော့မယ်ပေါ့နော်။ စပြီဆိုရင် သူတို့ဆီက ဆန်ဝင်လာရင် ကျွန်တော်တို့ အနေနဲ့က လက်ခံရမယ့် အပိုင်းရှိတယ်။ အဲဒီမှာ အခွန်ကို ဘယ်လောက်ကောက်မလဲ ဆုံးဖြတ်ရမယ့် အပိုင်းရှိတယ်။”

ပြီးခဲ့တဲ့ နှစ်က အစိုးရဘက်က နိုင်ငံအတွက် အရံ ဆန် မထားခဲ့ပေမယ့် ဒီနှစ်မှာ ရာသီဥတု အခြေအနေ အရ အရံ ဆန် ပြန်လည်ထားရှိရေး၊ နောက် အစိုးရသစ် အပြောင်းအလဲ ကာလမှာ တပ်မတော်ကို ပေးသွင်းရမယ့် ရိက္ခာဆန် ပေးသွင်းရမယ့် အခြေအနေတွေကလည်း ပြောင်းလဲလာတာကြောင့် ပြည်တွင်း စပါးဈေးကတော့ ကျဖို့ အလားအလာ မရှိသေးဘူးလို့လည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းရဲ့ ဒုတိယ ဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“အခုနေ ဈေးအမြင့်ဖြစ်နေတဲ့အတွက် အရံဆန်သာ ထွက်ဝယ်လိုက်ရင် ဒီထက်ပိုပြီး တွက်သွားနိုင်တယ်။ တက်သွားတဲ့အခါကျရင် စားသုံးသူပြည်သူတွေအတွက် အခက်အခဲဖြစ်လာနိုင်တာကို ချိန်ညှိပြီး စဉ်းစားရမယ်။ တရုတ်ကတော့ ကိုက်သေးတယ်။ သူက အမြတ်အများကြီး မဟုတ်သော်လည်း တရုတ်နယ်စပ်က ယူနန်ပြည်နယ်ကနေ ဝယ်တဲ့အခါကျတော့ အခြားနိုင်ငံက ဝယ်သလို သင်္ဘောလမ်းကြောင်း မရှိဘူးပေါ့။ ကားနဲ့ တိုက်ရိုက် ယူနန်ပြည်နယ်ထဲ ပို့တာဆိုတော့ သူတို့က ပိုပေးတာပေါ့။ နောက်တစ်ချက်ကတော့ တပ်မတော် ရိက္ခာပေါ့။ ခုနကပြောတဲ့ ဦးပိုင်တို့ အမ်အီးစီတို့က တင်သွင်းရမယ့် supplier တွေကို ဒီဘက်ဂျက်မတိုင်ခင် သွင်းဖို့ တွန်းအားပေးတာကြောင့်ပေါ့။အရင်တုန်းကတော့ အကြွေးမှတ်ထားကြပြီး၊ နောက်မှ ဖြည်းဖြည်း သွင်းကြတယ်။ အခုကျတော့ အစိုးရအဖွဲ့ အြေ့ပာင်းအလဲနဲ့ ဆိုတော့ စာရင်းစစ်မယ် ဘာညာနဲ့ဆိုတော့ ဒါကလည်း ဒုတိယအချက်အနေနဲ့ဝယ်လိုအားများသွားတဲ့ အကြောင်းဖြစ်တယ်။”

မြန်မာနိုင်ငံ အတွက် အရံဆန်က တန်ချိန် ၁ သောင်း ၄ ထောင်၊ ဆန်အိတ် ၂ သိန်း ၈ သောင်းလိုအပ်မှာ ဖြစ်ပြီး အခုစပါးဈေး တက်နေချိန်မှာတော့ ဝယ်ယူနိုင်မယ့် အနေအထားမရှိသေးဘဲ နွေစပါးပေါ်ချိန်မှသာ ဝယ်ယူရမယ့် အနေအထားရှိတယ်လို့လည်း ဆန်စပါး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။ လောလောဆယ် အနေအထားမှာတော့ တရုတ်နယ်စပ်ကို တင်ပို့ရောင်းချနေမှုက ဆန်ကြမ်း တတန်ကို ဒေါ်လာ ၄၀၀ နီးပါး ရရှိနေတာကြောင့် ကုန်သည်တွေ အတွက် တွက်ချေကိုက်နေတဲ့ အနေအထား ဖြစ်သလို ပြည်တွင်း စပါးစိုက်တောင်သူတွေ အတွက်လည်း စပါးဈေး အမြင့်ရတာကြောင့် တွက်ချေကိုက်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။ ပြည်တွင်း ဆန်ဈေးကတော့ ငွေကြေးဖောင်းပွမှု တခြားကုန်ပစ္စည်းဈေးတွေနဲ့ လိုက်ပါပြီး ဈေးတက်နေပေမယ့် သိသိသာသာကြီး ဈေးတက်တဲ့ အနေအထား မရှိသေးတဲ့ အကြောင်းလည်း ဆန်စပါး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

XS
SM
MD
LG