သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနစ်မြုပ်သင်္ဘော မြန်မာ ရုပ်အလောင်းများ ရန်ကုန်ရောက်ရှိ


နှစ်မြုပ်ငါးဖမ်းသင်္ဘောက သေဆုံးသူ မြန်မာသင်္ဘောသားများ အလောင်းအချို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ သယ်ဆောင်လာစဉ်။ (သတင်းဓာတ်ပုံ- ဆရာမ ဒေါ်သန်းမြင့်အောင်)
နှစ်မြုပ်ငါးဖမ်းသင်္ဘောက သေဆုံးသူ မြန်မာသင်္ဘောသားများ အလောင်းအချို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ သယ်ဆောင်လာစဉ်။ (သတင်းဓာတ်ပုံ- ဆရာမ ဒေါ်သန်းမြင့်အောင်)

ရုရှားငါးဖမ်းသင်္ဘော Dalniy Vostok ရုရှား ပင်လယ်ပြင်မှာ နစ်မြုပ်စဉ် သင်္ဘောပေါ် လိုက်ပါသေဆုံးခဲ့ရတဲ့အထဲက မြန်မာသင်္ဘောသား ရုပ်အလောင်း ၁၆ လောင်းဟာ ဒီကနေ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ သက်ဆိုင်သူ မိသားစုဝင်တွေက ရုပ်အလောင်းတွေကို လာရောက် ထုတ်ယူ သွားကြပြီး အချို့လည်း ဘာသာရေး ထုံးတမ်းစဉ်လာအရ ဒီကနေ့မှာပဲ သင်္ဂြု ိဟ် သွားမယ်လို့ သိရ ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

ရုရှားအစိုးရနဲ့ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ကူညီစီစဉ်မှုတွေ အရ မြန်မာသင်္ဘောသား ရုပ်အလောင်း ၁၆ လောင်းဟာ စင်းလုံးဌား လေယာဉ်နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ ဒီကနေ့ ရောက်ရှိလာပါတယ်။ ဒါပေမယ့် နဂို ခန့်မှန်း ထားတာ ထက် လေယာဉ်ရောက်ချိန် နောက်ကျပြီး ရောက်ရှိ လာတာ ဖြစ်ပါတယ်။

သေဆုံးသူ မြန်မာသင်္ဘောသား အသက် ၃၄ နှစ်အရွယ် ကိုရာဂျေးနဲ့ ကိုတင်မောင်မြင့်တို့ရဲ့ ရုပ်အလောင်း နှစ်လောင်းကို လာထုတ်ယူတဲ့ ကျန်ရစ်သူ မိသားစုဝင် ကိုဇော်သူကို VOA ကဆက်သွယ်မေးမြန်းရာမှာ သူက ခုလိုဖြေကြားပါတယ်။

"ကျနော်က ကျနော့်အကိုဝမ်းကွဲ ကွယ်လွန်သူ ကိုရာဂျေးပါ။ အသက် ၃၄နှစ်။ နောက်တယောက်က ယောက်ဖ ဝမ်းကွဲ ကိုတင်မောင်မြင့်။ နှစ်ယောက်ပါ ခင်ဗျာ။ ကျနော်တို့ ဒီမှာ အလောင်းကတော့။"

ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့။ ရန်ကုန်လေဆိပ်ကို ဘယ်လိုရောက်လာပြီးတော့၊ ဘယ်လိုသယ်သွားပါလဲခင်ဗျ။

"ကျနော်တို့ကို မနေ့က ကုမ္ပဏီက သတင်းပို့ထားတာ ခုနှစ်နာရီ လေးဆယ့် ငါး ရောက်မယ် လို့ ပြောထားတော့ မောနင်း မနက် ငါးနာရီ ကတည်းက သွားစောင့်တယ်ဗျ။ ဒါပေမဲ့ ဆိုက်တာက လေယာဉ်က ၁၂ နာရီ ၄၅မိနစ်မှ ဆိုက်တယ်ခင်ဗျ။

ကိုဉာဏ်ဝင်းအောင်။ ။ နောက်ကျနေတာပေါ့နော်။

" ဟုတ်တယ်ခင်ဗျ။ ဒါပေမဲ့ Bodies တွေကျတော့ အခုမှ စာရွက်စာတမ်းတွေ လုပ်တော့ Bodies အပြင်ထွက်တာ ၂နာရီခွဲလောက်မှ ထွက်တယ်ခင်ဗျ။ အခုမှ ကျနော်တို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရောက်တာကတော့ သုံးနာရီလောက်မှ ရောက်တယ်ဗျ။။

ကျနော်တို့က ဝန်ထမ်းသားသမီးတွေပါ။ အဲ့ကနေမှာ ကျနော်တို့ ထုံးစံအရ သဂြုႋဟ် ဖို့ သယ်လာပါတယ်ခင်ဗျ။ "

ကိုဉာဏ်ဝင်းအောင်။ ။ အဲ့တော့ ရုပ်အလောင်းတွေကို ဘယ်အချိန်၊ ဘယ်နေရာမှာ သဂြုႋဟ်မှာပါလဲဗျ။

" ကျနော်တို့ ဟိန္ဒူ ဗုဒ္ဓဘာသာအတိုင်းပေါ့နော်။ ကျနော်တို့ မြောက်ဥက္ကလာမှ သဂြုႋဟ်မယ်ဗျ။

ကိုဉာဏ်ဝင်းအောင်။ ။ ရေဝေးမှာလားခင်ဗျ။

"ဟုတ်ကဲ့။ မြောက်ဥက္ကလာ၊ ရေဝေး ဟိန္ဒူ သုဿ န်မှာပါခင်ဗျ။"

ကိုဉာဏ်ဝင်းအောင်။ ။ အဲ့တော့ သင်္ကြန်ကာလတွင်းကြီးဖြစ်နေတော့ လေဆိပ်ကနေ သယ်ယူတဲ့အခါ ဘာအခက်အခဲ ကြုံရလဲခင်ဗျ။

" ကျနော်တို့ အခက်အခဲကတော့ ကျနော်တို့ အခုလာတော့ ဦးကျော်သူကားနဲ့ လာတာတော့ အဆင်ပြေတယ်ခင်ဗျ။ ကျနော်တို့ တက္ကစီ ဌားလာတော့ ကားက ပြတ်သွားတော့ နောက်ကားတွေမှာ လူတွေကျန်ခဲ့တယ်ဗျ။ ဒါပေမဲ့ အဆင်ပြေအောင်တော့ လာကြတာပေါ့။ သေစာရင်းတွေက ကျနော့်လက်ထဲမှာ။ သေစာရင်းက ကျနော်ကိုင်ထားတာ။ ကျနော်ထုတ်တယ်ဗျ။"

ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့။ အခုလို မြန်မာသင်္ဘောသား ရုပ်အလောင်းတွေ ပြန်ရောက် လာတဲ့အခါ အစိုးရဘက်ကရော ကူညီတာတွေရှိပါသလား၊

" အစိုးရဘက်က ကူညီပေးပါတယ်ခင်ဗျ။ ဒီသေတဲ့လူကတော့ သေပြီပေါ့။ ဒါပေမဲ့ ကုမ္ပဏီက ထောက်ခံပေးတာ ဒေါ်လာတစ်သောင်းပဲ ထောက်ခံပေးတယ်။ ဒါပေမဲ့ သူတို့မိဘတွေက သဘောမတူကြဘူးဗျ။ အဲ့လောက်လေးကို။ လက်မှတ်မထိုးပေးသေးဘူးပေါ့။"

ကိုဉာဏ်ဝင်းအောင်။ ။ ဒီဒေါ်လာတစ်သောင်းကို သဘောမတူတဲ့သဘောလား။

" ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ။ တချို့လူတွေက ပွဲစားတွေကနေ နှစ်သောင်း၊ သုံးသောင်းတွေ တောင်းကြတော့ မိဘတွေ သဘောမတူ လို့ လက်မှတ်မထိုးကြဘူးဗျ။"

မြန်မာသင်္ဘောသား ရုပ်အလောင်း ၁၆ လောင်းမှာ ၁၂လောင်းက ရန်ကုန်မှာ သင်္ဂြ ိုလ်ဖို့ပြင်ဆင်နေကြပြီး ကျန်တဲ့ ၄ လောင်းကတော့ မြင်းခြံ မအူပင် ဒလ သံလျှင် စတဲ့ သက်ဆိုင်ရာ နယ်အသီးသီးကို သယ်ဆောင်သွားကြပြီဖြစ်ပါတယ်။

သေဆုံးသူ သင်္ဘောသား တစ်ဦး ရုပ်အလောင်း
သေဆုံးသူ သင်္ဘောသား တစ်ဦး ရုပ်အလောင်း

Dalniy Vostok လို့ခေါ်တဲ့ ရုရှားငါးဖမ်းသင်္ဘောဟာ ကမ်းခြေနဲ့ ၁၅၅ မိုင်လောက် အကွာ Ohotsk ပင်လယ်ပြင်မှာ ဧပြီးလ ၂ ရက်နေ့က နစ်မြုပ် သွားတာဖြစ်ပြီး အဲဒီသင်္ဘောပေါ်မှာ သင်္ဘောသား အားလုံး ၁၃၂ ဦးလိုက်ပါ အလုပ်လုပ်ခဲ့ပြီး ၊ အဲဒီထဲမှာ ရုရှား သင်္ဘောသား ၇၈ ဦးနဲ့ မြန်မာ အပါအဝင် အခြား နိုင်ငံခြားသား သင်္ဘောသား ၅၄ ဦး လိုက်ပါ အလုပ်လုပ်ခဲ့တာပါ ။ အဲဒီထဲက မြန်မာသင်္ဘောသား ၂၂ ဦးကို ကယ်တင် နိုင်ခဲ့ပြီး ၊ ၁၆ လောင်းကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG