သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအသင်း သတိထားရမယ့် အီရန်နဲ့ပွဲ


မြန်မာဘောလုံးပရိသတ်တွေ ပျော်ရဖို့ ဆက်ကြိုးစားသွားမှာဖြစ်တယ်လို့ မြန်မာ ယူ-၁၉ အသင်းရဲ့ နည်းပြက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ AFC U-19 ဘောလုံးပွဲရဲ့ အုပ်စုနောက်ဆုံးပွဲမှာ မြန်မာက အီရန်နဲ့ ဒီကနေ့ ကစားရမှာဖြစ်ပြီး မြန်မာအသင်းအနေနဲ့ သတိထားဖို့လိုပေမယ့် ပုံမှန်အတိုင်း ကစားသွားဖို့လိုတယ်လို့ မြန်မာ့လက်ရွေးစင်ဟောင်း ဦးအေးမောင်ကြီးက ပြောလိုက်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာကျင်းပနေတဲ့ AFC U-19 ဘောလုံးပွဲရဲ့ အုပ်စု ပထမ ၂ ပွဲပြီးတဲ့အချိန်မှာတော့ မြန်မာက ယီမင်နဲ့အမှတ်တူ ဂိုးကွာခြားချက် ၂ ဂိုးအသာနဲ့ အုပ်စု A မှာ ထိပ်ရောက်နေပြီး ထိုင်းက ၃ မှတ်၊ အီရန်က တမှတ်မှမရသေးပါဘူး။ အုပ်စုနောက်ဆုံးပွဲမှာတော့ အိမ်ရှင်မြန်မာနဲ့ အီရန်၊ ထိုင်းနဲ့ ယီမင်တို့ ကစားရမှာပါ။ အီရန်အသင်းဟာ ကွာတားဖိုင်နယ်တက်ဖို့ မျှော်လင့်ချက်မရှိတော့ပေမယ့် အသင်းကောင်းတသင်းဖြစ်တယ်လို့ မြန်မာ့ဘောလုံးရွှေခေတ်ရဲ့ လက်ရွေးစင်ဟောင်း ဦးအေးမောင်ကြီးက ပြောပါတယ်။

“အီရန်က ဘာမှ မျှော်လင့်ချက်မရှိတော့ဘူး၊ မှန်တယ်။ ဒါပေမယ့် တကယ်တန်းက သူက အသင်းကောင်းတသင်းပဲ။ သူ ဘယ်လိုလာမလဲတော့ မှန်းလို့တော့ မရဘူး။ ကိုယ်ကတော့ ပေါ့လို့တော့ မရဘူးပေါ့နော်။”

ဒီပွဲကို မြန်မာအသင်း ဘယ်လိုချဉ်းကပ်သင့်သလဲဆိုတဲ့အပေါ် သူပြောတာကတော့ -

“ကိုယ့် tempo အတိုင်းပဲ။ ကိုယ့်ကစားနည်းအတိုင်းပဲ ကိုယ်ကစားရမယ်။ ဘာလေးတော့ သတိထားရမလဲဆိုတော့ injury သတိထားရမယ်၊ အနီအဝါတွေ သတိထားရမယ်။ ဒါလေးကို သတိထားပြီးတော့-တော့ ကစားရမယ်။ ကိုယ့် tempo လျှော့လို့တော့ မရဘူးတော့ ထင်တယ်။ နောက်တခုကကျတော့ နည်းပြဆရာကတော့ ပြင်ဆင်ပါလိမ့်မယ်။ နောက်ပွဲမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် သရေလေးကျရင်တော့ တက်ပါတယ် -တို့၊ ဘာတို့ စိတ်ထားပြီးတော့ ကစားရင်တော့ မကောင်းဘူးဗျ။”

မေး။ ။ ဟုတ်ကဲ့၊ အဲဒီတော့ အန်ကယ့်အနေနဲ့ရော ဒီပွဲကို ဘယ်လို ခန့်မှန်းပါလဲ၊

ဖြေ။ ။ ကျနော်တို့ကတော့ ရမယ်၊ နိုင်မယ်ပဲ ခန့်မှန်းတယ်ဗျ။ နိုင်မှာပါ။

ပြီးခဲ့တဲ့ ဆီးဂိမ်းတုန်းကတော့ - မြန်မာအသင်းဟာ ဆီးမီးဖိုင်နယ်တက်မယ့်အနေအထားကနေ အုပ်စုနောက်ဆုံးပွဲမှာ ခြေချော်လက်ချော်ဖြစ်ပြီး အုပ်စုကနေပြုတ်သွားတာကြောင့် မြန်မာ့ဘောလုံးပရိသတ်တွေ ယမ်းပုံမီးကျ အကြီးအကျယ်ပေါက်ကွဲခဲ့ကြတာပါ။ ဒါပေမဲ့ မြန်မာ ယူ-၁၉ နည်းပြ ဂတ်ဇီဆီကတော့ မြန်မာဘောလုံးပရိဿတ်တွေ ပျော်ရဖို့အတွက် ဆက်ကြိုးစားသွားမှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ထိုင်းနဲ့ပွဲမှာ မြန်မာပရိသတ်တွေရဲ့ အားပေးသံတွေနဲ့ နိုင်ငံတော်သီချင်းဆိုတဲ့အသံတွေက အရမ်းကို အားရစရာကောင်းတယ်လို့လည်း ဦးအေးမောင်ကြီး ချီးကျူးလိုက်ပါတယ်။

“နိုင်တာလည်းပါတယ်၊ အကုန်လုံး ဝမ်းသာစရာတွေပေါ့ဗျာ။ ပထမပွဲထက်စာရင် လူတွေ အများကြီးပဲ။ လေးဘက်လေးတန် ပြည့်လုနီးပါးကို လာတယ်။ နောက်ပြီးတော့ တချိန်လုံးလည်း သူတို့ အားပေးနေတယ်ပေါ့နော်။ ဒီကလေးတွေက ငယ်တဲ့အခါကျတော့ သူတို့မှာ အားပေးမှုလိုတယ်ဆိုတော့ ငါတို့နောက်မှာ ဒီလိုတွေ အကုန်လုံးရှိပါလားဆိုပြီး သူတို့ မြင်သွားတာပေါ့နော်။ မြင်သွားတော့လည်း သူတို့ ပိုပြီး အားကြိုးမာန်တက် ကစားတယ်လို့လည်း မြင်ပါတယ်။ အင်မတန် ဝမ်းသာဖို့ ကောင်းပါတယ်။ ကျေးဇူးတင်ဖို့လည်း ကောင်းပါတယ်။”

မေး။ ။ တချိန်တုန်းက အန်ကယ်လ်တို့ကစားခဲ့တုန်းက ဒီလို feeling မျိုး ပြန်ရခဲ့လား။

ဖြေ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ ကိုယ်ကစားတုန်းကလည်း ဒီလိုမျိုးပေါ့။ ကိုယ့်နောက်ကျောက ကိုယ့်ပရိသတ်ရှိရင် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်လူမျိုးရှေ့မှာကို သူများနဲ့ယှဉ်ရင်လည်း လုပ်ပြချင်တဲ့စိတ်ကလေးတွေလည်း ရှိတဲ့အခါကျ ဒီလိုမျိုး ပရိသတ်များများလာလေ၊ ပရိသတ်က အားပေးလေ ကိုယ်က လုပ်ချင်တဲ့စိတ်က အလိုလိုထွက်လာတာ။ အခုနကပြောတဲ့ ကျနော်တို့ ငယ်စဉ်ကအတိုင်း တကယ်ပါပဲ၊ မနေ့ကလည်း အဲဒီလိုပဲ ခံစားရပါတယ်။

မြန်မာအသင်းဟာ အီရန်နဲ့ပွဲမှာ သရေကျခဲ့ရင်လည်း ကွာတားဖိုင်နယ်ကို တက်မှာဖြစ်ပြီး တကယ်လို့ရှုံးခဲ့ရင်တောင်မှ ဂိုးကွာခြားချက်အရရော၊ Head-to-head စနစ်အရပါ ကွာတားဖိုင်နယ်တက်ဖို့ အလားအလာကောင်းတွေ အတော်လေးရှိနေပါတယ်ခင်ဗျာ။

XS
SM
MD
LG