သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

e-Visa စနစ် မြန်မာနိုင်ငံမှာစတင်


e-Visa သတင်းစာရှင်းလင်းပွဲအတွင်းက လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ။
e-Visa သတင်းစာရှင်းလင်းပွဲအတွင်းက လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ။

မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာမှာ အင်တာနက် အွန်လိုင်း ကနေတဆင့်လျှောက်ထားလို့ရတဲ့ e-visa စနစ်ကို စက်တင်ဘာလ (၁) ရက် ဒီကနေ့ကနေ စပြီး ခွင့်ပြုပေးလိုက်ပါပြီ။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အီတလီ၊ အာဆီယံနိုင်ငံတွေအပြင် တရုတ်၊ ဂျပန်နဲ့ မြောက်ကိုရီးယားစတဲ့ နိုင်ငံပေါင်း (၄၁) နိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက်လည်ပတ်မယ့် နိုင်ငံခြားသားခရီးသွားတွေအတွက် ခရီးသွားဗီဇာကိုပဲ အဓိကထား လျှောက်ထားခွင့်ပြုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ဝင်ရောက်လာမယ့် နိုင်ငံခြားသားခရီးသွားတွေအတွက် အွန်လိုင်းဗီဇာအကြောင်း အပြည့်အစုံကို ကိုစည်သူက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့ နိုင်ငံခြားသွား ခရီးသွားတွေအတွက် ပြည်ဝင်ခွင့် ဗီဇာကို အင်တာနက် အွန်လိုင်းကနေ လျှောက်ထားနိုင်မယ့် e-visa စနစ်ကို ဒီကနေ့ စက်တင်ဘာလ (၁) ရက်နေ့မှာ စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတွင်း သံရုံးဖွင့်လှစ်ခွင့်ရရှိထားတဲ့ နိုင်ငံပေါင်း (၄၁) နိုင်ငံက နိုင်ငံခြားသား ခရီးသွားတွေအတွက် Tourist Visa (ခရီးသွားဗီဇာ) ကိုပဲ အဓိကထား လျှောက်ထားနိုင်တယ်လို့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ E-visa (အွန်လိုင်းပြည်ဝင်ခွင့်) လျှောက်ထားနိုင်တဲ့ နိုင်ငံတွေထဲ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အီတလီစတဲ့နိုင်ငံတွေအပြင် မြောက်ကိုရီးယား နိုင်ငံလည်း ပါဝင်တယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။

“၄၁ နိုင်ငံမှာ ကျနော်တို့ မြန်မာနိုင်ငံမှာ သံရုံးဖွင့်ထားတဲ့နိုင်ငံတွေကို ပေးတာ ဖြစ်ပါတယ်။ …ဆိုတော့ North ကိုရီးယားက ကျနော်တို့မြန်မာနိုင်ငံမှာ သံရုံးဖွင့်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျန်တာ ဘာအချက်မှ မပါဘူး။ ဒုတိယအချက်က- ဘယ်လောက် ရင်းနှီးသလဲဆိုတော့ ကနဦး ဒေါ်လာ ၁၇ သန်းလောက် ရင်းနှီးမယ်-လို့ စီမံထားပါတယ်။ အဲဒီအတွက်က ဘာတွေလိုလဲဆိုတော့ IT နဲ့ ပတ်သက်တဲ့ဟာတွေ လိုတာပေါ့။ Up to Date ဖြစ်တဲ့ ပစ္စည်းကိရိယာတွေအကုန်လုံး သုံးရမယ်။ IT ကလည်း အမြဲတမ်း upgrade လုပ်နေမှ ဖြစ်တဲ့အတွက်ကြောင့် အချိန်တန်ရင် upgrade လုပ်မယ်ဆိုတေတတာ့ ဒီကုမ္ပဏီကပဲ တာဝန်ယူပြီး upgrade လုပ်သွားမယ်။ အခြားသော ဆာဗာတွေ ရှိတယ်။ ဒီမှာ လျှပ်စစ်ဓာတ် ချွတ်ယွင်းတယ်ဆိုလို့ရှိရင် သဘောက တရက်၊ နှစ်ရက် ချွတ်ယွင်းတယ်ဆိုရင် ဘယ်လို အစားထိုးပေးမလဲ၊ Disaster ပေါ့၊ နာဂစ်တို့လို Disaster ဖြစ်သွားတယ်။ အကြာကြီး ဒီမှာ failure ဖြစ်မယ်ဆိုရင် ဘယ်လို Back-up လုပ်မယ်ဆိုတာ ပြည်ပမှာပါအစ back-up လုပ်တဲ့ system တွေ ရှိပါတယ်။”

အွန်လိုင်း ပြည်ဝင်ခွင့်လျှောက်ထားမှု (e-visa) ရဲ့ စမ်းသပ်အောင်မြင်မှုပေါ်မူတည်ပြီး ကမ္ဘာ့နိုင်ငံအားလုံးကနေ e-visa လျှောက်ထားလို့ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။ အခု e-visa စနစ်စတင်ချိန်မှာတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ကနေတဆင့် ဝင်ရောက်မယ့် ခရီးသည်တွေအတွက် စတင်လိုက်တာပါ။ အခု e-visa စနစ်ရဲ့ အောင်မြင်မှုပေါ် မူတည်ပြီး တခြား နိုင်ငံတကာလေဆိပ်တွေ အပြင် မြန်မာနိုင်ငံတွင်း ဝင်ရောက်နိုင်တဲ့ နယ်စပ် ဝင်ထွက်ပေါက်တွေ အပါအဝင် ဝင်ထွက်ပေါက်တွေအားလုံးကနေ ခွင့်ပြုပေးသွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောပါတယ်။

“နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ ဝင်ရောက်တဲ့ဥစ္စာက ရန်ကုန်လေဆိပ်က ဝင်ရောက်တာ အများဆုံး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့က ရန်ကုန်လေဆိပ်ကို စတင်ပြီးတော့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ စက်ပစ္စည်းကိရိယာတွေ၊ နောက်တခုက ကျနော်တို့ ဒီ E-visa လုပ်ငန်းဆိုတာ အခုမှ ကျနော်တို့နိုင်ငံမှာ စတင်ပြီးတော့ ဆောင်ရွက်ရတဲ့လုပ်ငန်း ဖြစ်တဲ့အတွက်ကြောင့် ဒီအပေါ်မှာ- အကျိုးအပြစ်တွေအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ပြုပြင်ရမှာတွေ၊ ပြောင်းလဲရမှာတွေ၊ နည်းပညာပိုင်း ပံ့ပိုးရမယ့်အပိုင်းတွေ- ဒီဟာတွေကို ကျနော်တို့က ပြည့်ပြည့်စုံစုံနဲ့ ဂဃနဏ ဆောင်ရွက်သွားချင်တဲ့အတွက်ကြောင့် ရန်ကုန်လေဆိပ်ကနေပြီးတော့ စတင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ အလားတူပဲ မန္တလေးလေဆိပ်၊ နေပြည်တော်လေဆိပ်၊ ဒါ့အပြင် ကျနော်တို့ နိုင်ငံတကာဝင်ထွက်ပေါက်အဖြစ် သတ်မှတ်ပြီးဖြစ်တဲ့ ဘော်ဒါဂိတ်ပေါက်တွေကနေကအစ ဆက်လက် ဆောင်ရွက်သွားဖို့ဆိုပြီး ကျနော်တို့မှာ အစီအစဉ်ရှိပါကြောင်း ရှင်းလင်း တင်ပြလိုပါတယ်။”

လျှောက်ထားလိုသူ ခရီးသွားတွေအနေနဲ့ အွန်လိုင်း ပြည်ဝင်ခွင့်အတွက် လျှောက်ထားတဲ့အခါ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ e-visa အင်တာနက် စာမျက်နှာကို ဝင်ရောက်ပြီးအမေရိကန်ဒေါ်လာ (၅၀) ပေးသွင်းကာ လျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားမှုကို လက်ခံ၊ မခံ တစ်နာရီအတွင်း အကြောင်းပြန်ကြားမှာဖြစ်ပြီးတော့ ပြည်ဝင်ခွင့်ပြု မပြုကိုတော့ (၅) ရက်အတွင်း အကြောင်းပြန်ကြားမယ်လို့ လဝက ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

နိုင်ငံပေါင်း (၄၁) နိုင်ငံက မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကို အွန်လိုင်းပြည်ဝင်ခွင့် ခွင့်ပြုတာဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ အမည်မည်းစာရင်း (Blacklist) စာရင်းဝင်သူတွေနဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့ interpo ရဲ့ အမည်မည်းစာရင်းဝင်သူများကိုတော့ လျှောက်ထားမှု လက်ခံမှာမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ၂၀၁၃ ခုနှစ် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ဦးရေ (၂.၄) သန်း ဝင်ရောက်ခဲ့ပြီး အခုနှစ် (၂၀၁၄) အတွက်တော့ ခရီးသွားဦးရေ (၃) သန်း ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ အွန်လိုင်းကတဆင့် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှု အောင်မြင်ခဲ့ရင်တော့ လာမယ့် ၂၀၁၅ မှာ မြန်မာနိုင်ငံတွင်း နိုင်ငံခြားသားခရီးသွားဦးရေ (၅) သန်း ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်ခင်ဗျာ။

XS
SM
MD
LG