သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ သမုဒ္ဒရာထဲမှာ မုန်တိုင်းအားပြင်း


ွှTropical storm "One"
ွှTropical storm "One"
အိန္ဒိယသမုဒ္ဒရာအတွင်းမှာ ဖြစ်ပေါ်နေတဲ့ One လို့ နာမည်ပေးထားတဲ့ အပူပိုင်းမုန်တိုင်းဟာ အခုအခါမှာ ပိုမိုအားကောင်းလာနေပြီး “မဟာဆန်” ဆိုင်ကလုန်းမုန်တိုင်း အဖြစ် ပြောင်းလဲလာနေပြီဖြစ်တယ်လို့ အမေရိကန် ရေတပ်နဲ့ လေတပ် ပူးတွဲ မုန်တိုင်းစောင့်ကြည့်ရေးဌာန ပြောပါတယ်။

မဟာဆန် ဆိုင်ကလုံးမုန်တိုင်းဟာ မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်း ရခိုင်ပြည်နယ်မြောက်ပိုင်း နဲ့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံကို ဦးတည်တိုက်ခတ်လာနေတာဖြစ်ပါတယ်။ အခုအခါမှာတော့ အဲဒီမုန်တိုင်းဟာ ကော့သောင်းမြို့ အနောက်ဘက် မိုင် ၅၅၀ အကျော်မှာ အနောက်မြောက်ဘက်ကို ဗဟိုပြုတိုက်ခတ်နေပြီး၊ လေတိုက်နှုန်းဟာ တနာရီကို မိုင် ၅၀ ကနေ ၆၀ အထိ ရှိတယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားရေးမှူးဦးစီးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။

မဟာဆန် မုန်တိုင်းဟာ လာမယ့် ၂၄ နာရီအတွင်း ပိုပြီးတော့ အားကောင်းလာဖို့ရှိနေပြီး၊ လာမယ့် မေလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်မှာဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ကုန်းတွင်းပိုင်းကို ဝင်တဲ့အချိန်မှာ လေတိုက်နှုန်းဟာ တနာရီကို ၉၇ မိုင်နှုန်းနဲ့ ဆိုင်ကလုန်းပြင်းအား အဆင့် ၂ နဲ့ ဝင်ရောက်တိုက်ခတ်မှာဖြစ်တယ်လို့ အမေရိကန် ရေတပ်နဲ့ လေတပ် ပူးတွဲ မုန်တိုင်းစောင့်ကြည့်ရေးဌာနက ခန့်မှန်းထားပါတယ်။

အဲဒီဌာနရဲ့ ခန့်မှန်းချက်တွေအရတော့ မဟာဆန်မုန်တိုင်းဟာ အခုအခါမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ကို ဦးတည်နေတာဖြစ်ပေမယ့်၊ မုန်တိုင်းရဲ့ အချင်းဝက်ဟာ မိုင် ၁၁၀-၁၃၀ အထိရှိပြီး အရွယ်ပမာဏကြီးမားတာကြောင့် ရခိုင်ကမ်းရိုးတန်းဒေသတလျှောက် နဲ့ အိန္ဒိယနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းတွေကိုပါ ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ ဆိုပါတယ်။ မုန်တိုင်းကြောင့် ပင်လယ်ပြင်မှာ လှိုင်း ၆ ပေကနေ ၈ ပေအထိ ဖြစ်ပေါ်လာနိုင်ပြီး၊ ကုန်းတွင်းပိုင်းမှာ လည်း ရေလွှမ်းမိုး တာတွေဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် မုန်တိုင်းကြောင့် ရခိုင်ကမ်းလွန်ပြင်၊ မုတ္တမကွေ့ နဲ့ တနင်္သာရီကမ်းရိုးတန်းတွေမှာ မိုးသက်လေပြင်းတွေကျရောက်ပြီး လှိုင်းကြီးနိုင်တာကြောင့်၊ ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ မုန်တိုင်းအန္တရာယ်ကို ရှောင်ရှားဖို့လည်း မြန်မာအစိုးရအာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG