သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားတွေ အစာငတ်ခံ ဆန္ဒပြဆဲ


NLDပါတီမှ ဦးဝင်းထိန် အစာငတ်ခံဆန္ဒပြ ကျောင်းသားများ အား လာရောက်တွေ့ဆုံ။(ဓါတ်ပုံ-ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ)
NLDပါတီမှ ဦးဝင်းထိန် အစာငတ်ခံဆန္ဒပြ ကျောင်းသားများ အား လာရောက်တွေ့ဆုံ။(ဓါတ်ပုံ-ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ)

နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေးအတွက် အစာငတ်ခံ ဆန္ဒပြနေတဲ့ ဗကသများ အဖွဲ့ချုပ်ခေါင်းဆောင် ကိုအောင်မှိုင်းဆန်းကို အစာငတ်ခံ ဆန္ဒပြမှု ရပ်ဆိုင်းဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပန်ကြားခဲ့ပေမယ့် လက်မခံပဲ သူ့ ရည်မှန်းချက် ပြည့်တဲ့အထိ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာက ပြောပြပေးမှာပါ။

ဗကသများအဖွဲ့ချုပ်က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအောင်မှိုင်းဆန်း အပါအဝင် ကျောင်းသား ၃ ဦးဟာ အစာငတ်ခံဆန္ဒပြတာကြောင့် ကျန်းမာရေး အခြေအနေဆိုးလာပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးစစ် ကုသမှု ခံယူနေရပါတယ်။ မနေ့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား လာရောက်ပြီး အစာငတ်ခံ ဆန္ဒပြတာကို ရပ်နားဖို့အတွက် မေတ္တာရပ်ခံပါတယ်။

ကိုအောင်မှိုင်းဆန်းကတော့ သူရည်မှန်းချက် တခုပြည့်တဲ့အထိ လုပ်သွားမယ် လို့ ပြောခဲ့ကြောင်း ဦးဝင်းထိန် လာရောက်ပြီး ပြောဆိုချိန် အနားမှာရှိနေတဲ့ ကျောင်းသားတဦးက ပြန်ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ကနေ ဖုန်းဆက်ပြီးတော့ ကိုအောင်မှိုင်းဆန်းကို သွားပြီးမေတ္တာရပ်ခံပေးဖို့ ပြောတဲ့အတွက် ဦးဝင်းထိန်က လာရောက်ရတဲ့အကြောင်းပြောတယ်။ အစာငတ်ခံ ဆန္ဒပြနေတာကို အသိအမှတ်ပြုကြောင်း၊ ဂုဏ်ယူလေးစားကြောင်း ပြောပြီးနောက် အစာငတ်ခံ တိုက်ပွဲဝင်မှုကို ဒီအကူးအပြောင်း ကာလတခုမှာပေါ့နော်၊ အစာငတ်ခံ တိုက်ပွဲဝင်တာက ကြာလည်းကြာလာနေပြီဆိုတော့ ရပ်နားပေးဖို့ သူတို့ မေတ္တာရပ်ခံတယ်။ ဒါက ဒီလိုအချိန်မှာ ဒီဟာကို အကြောင်းပြုပြီးတော့မှ မငြိမ်မသက်ဖြစ်မှာကို သူတို့ စိုးရိမ်ပူပန်တဲ့အကြောင်း ရပ်နားပေး ဖို့ မေတ္တာရပ်ခံတယ်။ ကိုအောင်မှိုင်းဆန်းကတော့ သူဒါမျိုး လာတာကိုလည်း ကြိုဆိုတယ်ပေါ့။ အဓိက ကတော့ဗျာ၊ သူက တိုက်ပွဲက တောင်းဆိုမှုက limit တခုရှိတယ်ပေါ့။ အဲဒီ limit ရောက်လို့ရင် သူရပ်မယ်ဆိုတဲ့ အကြောင်းပြန်ပြော လိုက်တယ်ခင်ဗျာ။ အခုလက်ရှိမှာတော့ သူဆက်ပြီးတော့ အစာငတ်ခံ တိုက်ပွဲဝင်မယ်လို့ပြောတယ်ခင်ဗျာ။”

တနင်္ဂနွေနေ့မှာတော့ ကိုအောင်မှိုင်းဆန်းရဲ့အသဲနဲ့ ကျောက်ကပ်အခြေအနေ
ထိခိုက်မူတွေ ရှိလာကြောင်း ဆရာဝန်တွေရဲ့ပြောဆိုခဲ့တယ် ဆိုပြီး ဆေးရုံတက်နေတဲ့ ကျောင်းသားတွေကို အနီးကပ် ကူညီသူ မအေးခိုင်ကလည်း ပြောပါတယ်။

“ဒီနေ့ဆိုရင် သူဝမ်းနည်းနည်းသွားတယ်လေ။ သွားတာ အညိုရောင်တွေပါတယ်။အညိုရောင်တွေ ပါတော့ အာထရာဆောင်းနဲ့ ဓါတ်မှန်ရိုက်လိုက်တော့ ကျောက်ကပ်နဲ့အသည်း နဲနဲထိနေတယ်ပေါ့နော်၊ ဆရာဝန်တွေကပြောတယ်။ မျိုးမြတ်စံကတော့ pressure ရတဲ့ အတွက် သူကိုတော့ အတင်း ကျမတို့ ပြောပြီးတော့ ဆေးလေးချိတ်ထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီဟာ hang သွားလို့လဲ မထိခိုက်ဘူးလို့ ဆရာတွေကပြော တယ်လေ။ လျှော့သွားတဲ့အားတွေ ကြာနေပြီ ၊ ဘာဖြစ်လို့လဲဆိုတော့ pressure က ၄၂ ထိ ကျသွားလို့လေ။”

အစာငတ်ခံ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို အမြန်ဆုံးပြန်လွတ်ပေးဖို့ အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့နိုင်ငံရေးပါတီတွေ တနင်္ဂနွေနေ့က တွေဆုံချိန်မှာ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄ခု လောက်က တောင်းဆိုခဲ့ကြောင်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အခုလိုပြောပါတယ်။

“သူတို့သက်တမ်း အတွင်းမှာ၊ သူ့သက်တမ်းက ကျန်သေးတယ်လေ ၃၊၄ လလောက်။ ဒီ သက်တမ်း ၃၊၄ လလောက်အတွင်းမှာ သူလုပ်ပေးလို့ရတဲ့ ကိစ္စတွေရှိတယ်လေ။ အဲဒါတွေကို လုပ်ပေးဖို့ တောင်းဆိုတာပေါ့နော်။ အခုဆိုရင် ကျောင်းသားကိစ္စက အရေးတကြီးဖြစ်နေပြီလေ။ အစာငတ်ခံ ဆန္ဒပြတဲ့လူတွေကလည်း ရန်ကုန်ဆေးရုံကြီးတွေ ဘာတွေ ရောက်နေပြီ။ ဆိုတော့ အဲဒီကိစ္စက မြန်မြန်ဆန်ဆန် လုပ်ပေးဖို့လိုတယ်။ ရေရှည်လုပ်ရမယ့်ကိစ္စက သူလုပ်ပေးလို့မရဘူးလေ။ လက်တလော ဆောင်ရွက်ရမယ့်ကိစ္စကတော့ သူလုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေကြည့်ပြီး သူ ဆောင်ရွက်ပေးပါမယ်လို့ပြောတယ်။ အတိအကျ ဘာကိုလုပ်ပေးမယ် ဆိုတာတော့ မပြောဘူးပေါ့နော်။”

နိုင်ငံရေးအကျဉ်းသားတွေလွှတ်မြောက်ရေးအတွက် ကျောင်သားတွေအစာငတ်ခံဆန္ဒပြတောင်းဆိုနေတာဟာနိုင်ငံရေး မငြိမ်သက်ဖြစ်အောင် လုပ်နေတာမဟုတ်တဲ့ အကြောင်း ရွေးကေက်ပွဲမှာအနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် လုပ်ဆောင်နိုင်လိမ့်မယ် လို့ မျှော်လင့်တဲ့ကြောင်း ဗကသများ အဖွဲ့ချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုအောင်နေပိုင်က ဆိုပါတယ်။

“ကျောင်းသားတွေရဲ့တောင်းဆိုလှုပ်ရှားမှုက ဒီလိုမျိုး မီးစ သဖွယ်မဟုတ်ပဲနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်ကို မီးမောင်းထိုးနေတဲ့ ပြရုပ်တခုလို့ ကျနော်တို့က မြင်တယ်။ သူ့အနေနဲ့ အပြည့်အဝတော့ လုပ်နိုင်မယ်လို့တော့ ကျနော်တို့မြင်ပါတယ်။ သို့သော်လည်း လက်ရှိအခြေအနေအထိတော့ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေက ဒီကနေ့အထိတော့ ကျနော်တို့ ထောင်ထဲမှာပဲ ရှိနေဆဲဖြစ်တယ်။ ဒီကြားထဲမှာပဲ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြှောက်ရေးအတွက် အစာငတ်ခံ ဆန္ဒပြနေတာတွေဟာလည်း အခု အသက်အန္တရာယ်ဆုံးရံှုးနိုင်တဲ့ အနေအထားမျိုးတွေအထိ ဖြစ်လာတယ်ပေါ့နော်။ အခုထက်ထိတော့ ဒီအပေါ်မှာ NLD အနေနဲ့ ဘာမှ လုပ်နိုင်တဲ့အနေအထားတော့ ကျနော်တို့မတွေ့ရသေး ဘူးပေါ့နော်။ နောက်ပိုင်းမှာတော့ သူတို့ဆက်ပြီးတော့ လုပ်လာမလားဆိုတာ စောင့်ကြည့်ရမယ့် အနေအထားရှိတယ်ပေါ့နော်။”

ဗကသခေါင်းဆောင် ကိုအောင်မှိုင်းဆန်းဟာ
အခုဆိုရင် အစာငတ်ခံ ဆန္ဒပြတာ ရက်၂၀ ကျော် သွားပြီဖြစ်သလို သာယာဝတီ အကျဉ်းထောင်မှာလည်း ဗကသကျောင်းသားတချို့ အစာငတ်ခံဆန္ဒပြမူကို ဆက်လုပ်နေဆဲဖြစ်ပါတယ်။

XS
SM
MD
LG