သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားပညာရေးဥပဒေ ဆန္ဒပြမှု ဆရာများအဖွဲ့ချုပ် ထောက်ခံ


သမ္မတလက်မှတ်ရေးထိုးအတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်နေကြတဲ့ ကျောင်းသားများ။ (နိုဝင်ဘာ ၁၇၊ ၂၀၁၄)
သမ္မတလက်မှတ်ရေးထိုးအတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်နေကြတဲ့ ကျောင်းသားများ။ (နိုဝင်ဘာ ၁၇၊ ၂၀၁၄)

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုသပိတ် ဆင်နွှဲနေတဲ့ ကျောင်းသားတွေအနေနဲ့ ပြေလည်နိုင်မယ့် နည်းလမ်းတွေကို ပညာရေးတာဝန်ရှိသူတွေနဲ့ မျက်နှာခြင်းဆိုင် တွေ့ဆုံညှိနှိုင်းဖြေရှင်းကြပါလို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောဆို လိုက်ပါတယ်။ ဒီပညာရေးဥပဒေပါ အချက်တွေကိုပြင်ဆင်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ အများပြည်သူ၊ ကျောင်းသားထုနဲ့ဆရာဆရာမတွေရဲ့ သဘောဆန္ဒမပါဘဲ ရေးဆွဲခဲ့တဲ့ပညာရေးဥပဒေအပေါ် ကျောင်းသားထုရဲ့ အခုလိုငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်အနေနဲ့ဲ ခြွင်းချက်မရှိ ထောက်ခံတယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ မဆုမွန်က တင်ပြပေးထားပါတယ်။

သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျောင်းသားတွေရဲ့သပိတ် ရက်ဆက် လာချိန်မှာပဲ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ အဆင့်မြင့်ပညာဦးစီးဌာနတာဝန်ရှိသူတွေက သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ရွှေတိဂုံစေတီ ကြေးသွန်းဘုရားကြီးမှာ လာရောက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ကြားဝင်ညှိနှိုင်းပေးမယ်လို့ အလွတ်သဘော လာရောက် ဆွေးနွေးမှုကို ကျောင်းသားတွေက ပယ်ချခဲ့ပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့မှာတော့ကျောင်းသားထုအနေနဲ့ တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့ ပြေလည်အောင် အဖြေရှာ ဖြေရှင်းကြပါလို့ အဆင့်မြင့်ပညာ ဦးစီးဌာန အောက်မြန်မာပြည်ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ကျောင်းသားတွေ ဆန္ဒပြတဲ့ကိစ္စက သူတို့တွေ ကြေညာချက်ထုတ်ပြန်တယ်။ အဲဒီကြေညာချက်ထုတ်ပြန်ထားတဲ့အချက်အားလုံးသည် သူတို့ရဲ့ လိုလားချက် အမှန်သာဖြစ်လျှင် ဒါသည် မလုပ်နိုင်တဲ့ကိစ္စ တစ်ခုမှမရှိဘူး။ ..ဖြစ်တဲ့အတွက် ကျနော်တို့က တယောက်နဲ့တယောက် မျက်နှာချင်းဆိုင် တိုင်ပင်ပြီးတော့မှ …လုပ်နိုင်ဖို့၊ ဆောင်ရွက်ဖို့ လိုတော့တဲ့အနေအထားပဲဖြစ်တယ်။ ဒါသည် လိုလားချက်အမှန်ဖြစ်ဖို့ပဲ လိုတယ်။ လိုလားချက်အမှန်သာ ဖြစ်ခဲ့လို့ရှိရင် မျက်နှာချင်းဆိုင် ဆွေးနွေးပြီးတော့မှ ဒါကို ဘယ်လို ရအောင်လုပ်မလဲဆိုတဲ့ နည်းလမ်းရှာလို့ရတဲ့ ကိစ္စတွေချည့်ပဲဖြစ်တယ်။ ဆန့်ကျင်ဘက်တစ်ခုမှမရှိဘူးဆိုတာ ပြောပြချင်တယ်။”

ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ကျောင်းသားအခွင့်အရေးတွေကို ကန့်သတ်ထိန်းချုပ်မှုထားတဲ့ ပညာရေးစနစ်အပေါ် သဘောမတူဘူးလို့ အများပြည်သူ မိဘ ဆရာ ကျောင်းသားတွေရဲ့ သဘောထားဆန္ဒတွေကို အကြိမ်ကြိမ်တင်ပြ တောင်းဆိုပြီးဖြစ်တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသုတက ဗွီအိုအေကိုပြောပါတယ်။

“ဆရာတွေဘက်ကပေါ့နော်၊ ကျောင်းသားတွေ ဆန္ဒမပြခင် ကျနော်တို့ ညှိနှိုင်းယူတယ်။ ကျနော်တို့ ဒါတွေကတော့ လက်မခံနိုင်ဘူး၊ ဒီအချက်၊ ဒီ အချက်တွေကို ပြင်ပေးပါဆိုတာ လုံးဝ မပြင်ဘူး။ ကျနော်တို့ ဆရာဆရာမများအဖွဲ့ချုပ်က တောင်းဆိုတဲ့ (၉) ချက်ကို လုံးဝ မလိုက်လျောဘဲနဲ့ သူတို့ အတည်ပြုလိုက်တယ်ဗျာ။ အခုရောက်မှ ညှိနှိုင်းလို့ရတယ်ဆိုတာ ဒါ လက်ခံနိုင်ခြေမရှိဘူး။ ထမင်းရည်ပူလျှာလွဲှ ပြောတဲ့စကားမျိုး၊ ပြဿနာ တခုဖြစ်တော့မှ ကျောင်းသားတွေပဲ အဆိုးဖြစ်အောင် ကျောင်းသားတွေဗျာ၊ ဒဂုံတက္ကသိုလ်ပြတယ်။ နောက်ပြီး ရန်ကုန်တက္ကသိုလ်ဆန္ဒပြတယ်၊ အဲဒီတော့ မုံရွာတက္ကသိုလ်မှာလည်း ဆန္ဒပြတယ်။ တက္ကသိုလ်အသီးသီးမှာ ဆန္ဒပြသွားတဲ့အချိန်မှာ သူတို့က ဘာမှမလုပ်ဘဲနဲ့ ကျောင်းသားတွေကို အမျိုးမျိုး ဖိအားပေးပြီးတော့ ကျောင်းသားသမဂ္ဂဖျက်ဆီးရေး၊ ဖြိုခွင်းရေးကိုပဲ သူတို့ အာရုံစူးစိုက်ခဲ့တယ်။ ဒါ သူတို့ရဲ့မှားယွင်းမှုတရပ်ပဲဗျ။ အခုရောက်ကာမှ သူတို့က ညှိနှိုင်းလို့ရတယ်ဆိုပြီး ပြောတယ်။ ညှိနှိုင်းလို့ရခဲ့တယ်ဆိုရင် သမ္မတက ဘာကြောင့် ကျနော်တို့ ညှိနှိုင်းခဲ့တာကို လက်မခံဘဲနဲ့ ဒီအတိုင်းကြီး အတည်ပြုခဲ့သလဲ။ ပြီးတော့ လွှတ်တော်ကရော ဘာကြောင့် ဒီအတိုင်း အတည်ပြုခဲ့သလဲ။ အဲဒီတော့ လွှတ်တော်ရော၊ အစိုးရအဖွဲ့မှာရော လုံးဝ တာဝန်ရှိတယ်။”

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုရဲ့သပိတ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်အနေနဲ့ ခြွင်းချက်မရှိ ထောက်ခံတယ်လို့လည်း အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောပါတယ်။ တိုင်းပြည်အနာဂတ်အတွက် အရေးကြီးတဲ့ အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲပေးဖို့ကို နိုင်ငံတော် အစိုးရ၊ လွှတ်တော်၊ ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်တွေ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ဆက်လက် တောင်းဆိုသွားကြမှာဖြစ်တယ် လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။

“အမျိုးသားပညာရေးဥပဒေနဲ့ပြဌာန်းပြီးတော့ ကျောင်းသားတွေရော၊ ဆရာ ဆရာမတွေရောကို နှိပ်ကွပ်တဲ့ဥပဒေဖြစ်နေတာတော့ လက်ခံနိုင်စရာမရှိတဲ့ အခြေအနေတရပ်ပေါ့နော်၊ အဲဒါကြောင့်မို့လို့ ကျနော်တို့က ကျောင်းသားတွေရဲ့လုပ်ရပ်ကို ခြွင်းချက်မရှိ အပြည့်အဝထောက်ခံပါတယ်ခင်ဗျ။ ကျနော်တို့က ပြည်သူ့ဝန်ထမ်းဖြစ်တဲ့အတွက် ပြည်သူတွေလိုလားတဲ့ဥပဒေကိုတော့ ဥပဒေနဲ့အညီ တောင်းဆိုသွားမှာပါ။ အဲဒီတော့ ဒါက တော်တော် ဝမ်းနည်းစရာ ကောင်းတာပေါ့။ တဘက်ကပြောရင်လည်း ကျနော်တို့က ပြောင်းလဲပါတယ်၊ ပြောင်းလဲပါတယ်ပြောတယ်။ အခု လေးနှစ်အတွင်းမှာဗျာ၊ ဒီတက္ကသိုလ်တွေမှာ အုပ်ချုပ်မှုတွေမှာ လုံးဝမပြောင်းလဲဘူး။ အာဏာရှင်ဆန်ဆန်ပဲသွားတဲ့အတွက် အာဏာရှင်ပညာရေးဆိုတော့ အရင်ကိုလိုနီပညာရေးထက်ဆိုးတဲ့ အခြေအနေရောက်နေတာပေါ့။ ပါမောက္ခချုပ်တွေက သူတို့လုပ်ချင်ရာလုပ်တယ်။ အဲဒီတော့ ပါမောက္ခချုပ်နဲ့ ဝန်ကြီး level တွေက၊ ညွှန်ကြားရေးမှူးချုပ် level တွေက အကုန်လုံးက လာဘ်ပေးလာဘ်ယူတွေမှာ ပါဝင်ပတ်သက်နေတော့ သူတို့က ဒါကို မပြောင်းချင်တာ အဓိကပဲဗျ။ အဲဒီတော့ လူကြီးတွေရဲ့ mindset ပေါ့နော်၊ စိတ်ဓာတ်မပြောင်းသရွေ့ ကျနော်တို့ရဲ့ပညာရေးက ပြောင်းလဲမှာမဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့က ဥပဒေနဲ့အညီ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာက ပေးထားတဲ့အကူအညီတွေကလည်း ပညာရေးမှာ အဟောသိကံဖြစ်နေတာတွေက အများကြီးပဲ။ အဲဒါကြောင့်မို့လို့ လက်ရှိအစိုးရက သူလုပ်ချင်ရာကို လုပ်လို့ရအောင် အာဏာရှင်သက်ဆိုးရှည်အောင်လို့ လုပ်နေတဲ့သဘောလို့ပဲ ကျနော်ထင်တယ်ဗျ။”

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျောင်းသားသပိတ် လေးရက်မြောက်နေ့ဖြစ်လာပြီဖြစ်ပြီး တောင်းဆိုတဲ့အချက်တွေကို မလိုက်လျော ပေးဘူးဆိုရင် ဆက်လက်တောင်းဆိုတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း ကျောင်းသားတွေ စုဖွဲ့ထားတဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုကော်မတီက ပြောဆိုထားပါတယ်။

XS
SM
MD
LG