သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် နဲ့ ထိုင်းဝန်ကြီးချုပ် ထားဝယ် ရေနက် စီမံကိန်း လေ့လာ


သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ် ထားဝယ်ရေနက် စီမံကိန်း လေ့လာနေစဉ်။
( Photo Source-Prime Minister Yingluck Shinawatra Official Facebook-Government Official)
သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ် ထားဝယ်ရေနက် စီမံကိန်း လေ့လာနေစဉ်။ ( Photo Source-Prime Minister Yingluck Shinawatra Official Facebook-Government Official)
တနင်္သာရီတိုင်းဒေသကြီးမှာ တည်ဆောက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုံ စီမံကိန်းကို သမ္မတဦးသိန်းစိန်နဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်တို့ ဒီကနေ့ သွားရောက် လေ့လာခဲ့ ပါတယ်။ ဒီ အထူးစီးပွါးရေးစီမံကိန်းအောင်မြင်အောင် ထိုင်းမြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သွားဖို့ ဆွေးနွေးခဲ့တယ်လို့ စီးပွါးရေးဇုံ တာဝန်ရှိသူတွေကပြောပါတယ်။ ဒါပေမဲ့လည်း ဒီစီမံကိန်းကြောင့် ထိခိုက်မှုဖြစ်ရတဲ့ ဒေသခံတွေ အတွက် ထိရောက်တဲ့ ကူညီ လုပ်ဆောင်ပေးမှုတွေ မရှိဘူးလို့ စီမံကိန်း ကို လေ့လာစောင့်ကြည့်နေသူတွေက ဝေဖန်ကြပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့အစိုးရအဖွဲ့ဝင်တွေနဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ် ဦး ဆောင်တဲ့အဖွဲ့ဟာ ဒီဇင်ဘာ(၁၇)ရက်နေ့မှာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်အထူးစီးပွါးရေးဇုံကို သွား ရောက်လေ့လာခဲ့ပါတယ်။ ဒီထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွါးရေးဇုံ စီမံကိန်းအောင်မြင်ဖို့ နှစ်နိုင်ငံ အစိုးရတို့ပူးပေါင်း လုပ်ဆောင် သွားဖို့ပြောဆိုခဲ့တယ်လို့ ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြုလုပ်ငန်း အဖွဲ့(ယာယီ) ဥက္ကဌ ဦးတင်မောင်ဆွေကအခုလိုပြောပါတယ်။

“တွေ့ဆုံတဲ့အချိန်မှာတော့ ဒီစီမံကိန်းအောင်မြင်ဖို့အတွက် နှစ်နိုင်ငံအစိုးရ ပူးပေါင်းပြီးတော့ အောင်မြင်အောင် ဆောင်ရွက်သွားမယ် ဆိုတာ ဒီဥစ္စာဘဲအဓိကပြောသွားပါတယ်။ ဒီကနေ့(၁၇)ရက်နေ့ ထားဝယ်အထူးစီးပွါးရေးဇုံမှာ နိုင်ငံတော်သမ္မတကြီးနဲ့အတူ ထိုင်းနိုင်ငံဝန်ကြီးချုပ် ထိုင်းနိုင်ငံဘက်က ဝန်ကြီးတွေ ဌာနဆိုင်ရာတွေပေါ့နော် သူတို့ဆီက ရင်းနှီးမြုပ်နှံမဲ့ လုပ်ငန်းရှင်တွေပါတယ်။ ကျွန်တော်တို့ဘက်ကလဲ ပြည်ထောင်စုဝန်ကြီးတွေပါတယ်။”

၂ဝဝ၈ခုနှစ်ကတည်းက မြန်မာနဲ့ထိုင်းနှစ်နိုင်ငံပူးတွဲပြီး ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့ကြပြီးတဲ့နောက်မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ်ယင်လတ်ရှင်နာဝပ်တို့ ပထမဆုံးအကြိမ် ထားဝယ်ရေနက်စီမံကိန်းနေရာကို လာရောက်ကြည့်ရှုတာဖြစ်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွါးရေးဇုံစီမံကိန်းကို Italian-Thai နဲ့အကျိုးတူ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပြီး ၂၀၁၃ခုနှစ်မှာစတင်အကောင်အထည်ဖေါ် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြုလုပ်ငန်းအဖွဲ့(ယာယီ) ဥက္ကဌဦးတင်မောင်ဆွေက အခုလိုပြောပါတယ်။

“(၂၀၁၃)မှာစပါမယ်ခင်ဗျ။ နှစ်နိုင်ငံဆက်သွယ်မဲ့ မြန်မာနဲ့ဆက်သွယ်မဲ့ကားလမ်းပေါ့။ နောက်တခုက ရေနက်ဆိပ်ကမ်းပထမအဆင့် နောက်တော့ဒီဓါတ်အားပေးစက်ရုံ နောက်တခုကဆက်သွယ်ရေးကွန်ယက် နောက်ပြီးတော့ရေရရှိရေးပေါ့နော်။ အသေးစားစက်မှုလုပ်ငန်း ဒီဥစ္စာတွေစပြီး ဆောင်ရွက်သွားမယ်။”

ဒီစီမံကိန်းအတွက် ရေဖြူမြို့နယ်နဲ့လောင်းလုံမြို့နယ်ထဲက ကျေးရွာအများအပြားပြောင်းရွှေ့ပေးရမှာဖြစ်သလို အပြောင်းရွှေ့ခံရွာသားတွေအတွက် အဆင်ပြေမဲ့နေရာသစ်တွေကိုလဲဆောက်လုပ်နေဆဲလို့လဲ ဦးတင်မောင်ဆွေ က ဆက်ပြောပါတယ်။

“စီမံကိန်းနဲ့မလွတ်ကင်းတဲ့ကျေးရွာတွေကျတော့ ကျွန်တော်တို့ရွှေ့ပေးရမှာဖြစ်ပါတယ်။ ရွာသူရွာသား တွေကိုမနစ်နာအောင် ကျွန်တော်တို့အကုန်လုံး လက်ရှိလူနေမှုနဲ့အဆင့်မြင့်အောင် အကုန်ဆောက်ပေးပြီးတော့ အကုန်လုံးအဆင်ပြေတဲ့နေရာမှာကျွန်တော်တို့လုပ်ပေးပါမယ်။ ဇုံနယ်မြေနယ်နမိတ်ထဲမှာပါတဲ့ကျေးရွာ(၁၆)ရွာပါ။ တပြိုင်ထဲမရွှေ့ပါဘူးခင်ဗျား။ သူတို့အတွက်ရေတွေမီးတွေအကုန်လုံးအဆင်သင့်ဖြစ်တဲ့အချိန်ကျမှ ကျွန်တော် တို့ကအဲဒီမှာရွှေ့မှာပါ။ နဘုလယ်ဒေသကျေးရွာ(၅)ရွာကတော့ ဇုံဒေသမှာ ဘဝါနေရာမှာ ရွှေ့ပါမယ်။ နောက်တော့ ရေဖြူမြို့နယ်ထဲက ကျေးရွာတွေကတော့ ပဂေါဇွန်းဆိုတဲ့နေရာမှာ ကျွန်တော်တို့ရွှေ့ပါ့မယ်။ ဒေသခံတွေအတွက် ဒီဒေသမှာအရင်ဆုံး အကျိုးကျေးဇူးခံစားရမှာပါ။ ဒီစီမံကိန်းကြောင့်အလုပ်အကိုင်ရရှိတယ်။ လမ်းမီးရေ တွေနဲ့မြန်မာနိုင်ငံတနိုင်ငံလုံးကို အကုန်လုံးအတွက်ကို အကျိုးရှိမှာဖြစ်ပါတယ်။”

ဒီစီမံကိန်းကြောင့် ဒေသခံကျေးရွာသားဦးရေ(၂)သောင်းကျော် ပြောင်းရွှေ့ခံရမှာဖြစ်ပါတယ်။ ဒေသခံကျေးရွာသား တွေကတော့ မိမိတို့ဓါးဦးချလုပ်ကိုင်ခဲ့တဲ့ မြေနေရာကိုပြောင်းရွှေ့လိုခြင်းမရှိဘူးလို့ဒေသခံနမူးဒူး ရွာသားတဦးက ပြောပါတယ်။ အခုလိုကျေးရွာ ပြောင်းရွှေ့တဲ့ အစီအစဉ်ဟာ ပွင့်လင်းမြင်သာမှုမရှိသေးသလို နစ်နာကြေးတွေမရရှိ တဲ့ဒေသခံတွေရှိနေသေးတယ်လို့ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ဝင် ကိုလေးလွင်ကအခုလိုပြောပါတယ်။

“အခုအချိန်ထိရွာကို မသိသေးတဲ့အတွက် လျော်ကြေးမရသေးပါဘူးခင်ဗျ။ ဘယ်လောက်ပေးမလဲဆိုတော့ ကျွန်တော်တို့ မသိ သေးပါဘူးခင်ဗျ။ အဲတာက သူတို့ အကြိမ်ကြိမ် ညှိနှိုင်းပြီးမှ ပြောဆိုနေကြတာ။ အခုဟာက ကျောက်တန်းဆိုတဲ့ တောင်တတောင်ရှိတယ်။ အဲဒီတောင်ကြားကိုစဖြတ်ပြီးတော့မှ ဝင်လာကတည်းကိုက အဲဒီခြံရှင်တွေကလျော်ကြေး မရဘဲနဲ့အထိုးခံထားရတဲ့ခြံတွေရှိတယ်ခင်ဗျ။ အခုချိန်ထိပိုက်ဆံမရသေးတဲ့ သူရှိနေပါတယ်။”

ဒါ့အပြင် စီမံကိန်းမြေနေရာအတွက် ယခင်စိုက်ပျိုးထားတဲ့သစ်ပင်စိုက်ခင်းတွေကို ခုတ်လှဲရမှာဖြစ်သလို ရေနံနဲ့ ဓါတုထုတ်လုပ်တဲ့စက်ရုံတွေကြောင့် သဘာဝပါတ်ဝန်းကျင်ထိခိုက်နိုင်တယ်လို့ သဘာဝပါတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့က ဆရာဦးထွန်းရီကပြောပါတယ်။

“ကျွန်တော်တို့ ထားဝယ်မြို့အနေအထားအရ ဆိုလို့ရှိရင် ရေနက်ဆိပ်ကမ်း အနီးအနားပါတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေဟာ တကယ်တော့စိုက်ရေးပျိုးရေးဖြစ်တဲ့ ဆီအုန်းတို့ ရာဘာတို့ အစုံသော အခြေအနေရှိတဲ့နေရာတွေပါ။ ကျွန်တော်တို့ သဘာဝပါတ်ဝန်းကျင် ပျက်စီးမှုမရှိခဲ့ပါဘူး။ အဲဒီမှာလုပ်တဲ့စက်ရုံဧကပေါင်းမြောက်များစွာလုပ်တဲ့ အချိန်မှာ မြေနေရာ ပျက်သုဉ်းသွားတာကြောင့် စက်ရုံတွေတည်မယ်ဆိုလို့ရှိရင် အဲဒီကထွက်ရှိလာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေရော မက်သနောတွေအားလုံးပေါ့ဗျာ ထွက်လာတဲ့အငွေ့တွေ ကျွန်တော်တို့ ဆိုးကျိုးတွေမြောက်များစွာရှိလာမှာပါ။”

ဒီထားဝယ်ရေနက်ဆိပ်ကမ်းက မြန်မာပြည်မှာ ပထမဆုံးစလုပ်တဲ့ အကြီးစား စီမံကိန်းဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ စက်မှုနယ်မြေများအပါအဝင် အထူးစီးပွားရေးဇုန်တည်ဆောက်ရေးလုပ်ငန်းတွေ ထိုင်းနိုင်ငံနဲ့ဆက်သွယ်မဲ့မော်တော်ကားလမ်း၊ ရထားလမ်းတို့ အတွက် အမေရိကန်ဒေါ်လာသန်း ၈၆၀၀ခန့် ရင်းနှီးမြှပ်နှံပြီးတော့ ၁၀ နှစ်အတွင်း အပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်။
XS
SM
MD
LG