သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာသင်္ကြန် သံချပ်တွေ အပေါ် ကြိုတင် စိစစ်မှု တင်းကျပ်


ပြည်သူတွေရဲ့အသံလို့ တင်စားခေါ်ဝေါ်လေ့ရှိကြတဲ့ သံချပ်အဖွဲ့တွေ မြန်မာတို့ရဲ့ နှစ်ကူးသင်္ကြန်မှာ ဖျော်ဖြေဖို့အတွက် ပြင်ဆင်နေကြပါပြီ။

၁၉၈၉ နောက်ပိုင်း သံချပ်အားလုံးကို ပိတ်ပင်တားဆီးခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကစပြီး အစိုးရက တရားဝင်ခွင့်ပြုထားပေမဲ့ သံချပ်စာသားတွေကိုတော့ စိစစ်မှုတွေ ရှိနေဆဲပါ။ ဒီနှစ်မှာတော့ ပိုပြီး စိစစ်မှုတွေ ပြုလုပ်လာတယ်လို့ သံချပ်အဖွဲ့တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုထက်အောင်က သတင်းပေးပို့ထားပါတယ်။

“ရွက်ဟောင်းကြွေလို့ ရွက်သစ်ေ၀ ­­­­xxxxx နှစ်သစ်တခု ကူးပြန်ပြီဟေ့ xxxxx”

သင်္ကြန်ကာလအတွင်းမှာ ဖျော်ဖြေဖို့အတွက် ပြင်ဆင်နေကြတဲ့ သံချပ်အဖွဲ့တွေရဲ့ စာသားတွေကို ဒီနှစ်မှာတော့ အစိုးရက အရင်နှစ်တွေကနဲ့မတူဘဲ ပိုပြီး စိစစ်မှုတွေ လုပ်နေတယ်လို့ သံချပ်အဖွဲ့တွေက ပြောပါတယ်။ ပြည်သူတွေရဲ့ ခံစားချက်တွေနဲ့ အစိုးရအဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေကို ကာရန်ညီညီနဲ့ လွတ်လွတ်လပ်လပ် ဟစ်ကြွေးရတဲ့ သံချပ်တွေကို စိစစ်မှုတွေ လုပ်နေတဲ့အပေါ်မှာတော့ ဆူးကြားမှ ဗူးခါးအဖွဲ့က ကိုအောင်မင်းဦးက အခုလို ဖွင့်ဟပါတယ်။

“အခုလို တင်းကျပ်မှုလုပ်မယ်ဆိုရင်တော့ ဘယ်လိုပြောမလဲ လွတ်လွတ်လပ်လပ် ပြောဖို့ကတော့ နည်းနည်းလေး မကောင်းဘူးပေါ့။ သူတို့လုပ်ပုံကိုင်ပုံကြောင့်လေ။ အဲ့ဒါကြောင့် အကိုတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ စာပေစိစစ်ရေးကို တင်လိုက်တယ်။ လွှတ်တော်ကိုတင်လိုက်တယ်။ လွှတ်တော်ကနေ ပြန်ကျလာတယ်။ လိုအပ်တဲ့အချက်တွေ သူတို့ဖြတ်ခိုင်းတယ်။ ဖြတ်တော့ အကိုတို့ကလည်း ဖြတ်ပြီးတော့ပဲ တိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီလိုမျိုးကြီး ပိတ်မယ်ဆိုရင်တော့ သင်္ကြန်ရဲ့သံချပ်တွေဟာ အနှေးနဲ့အမြန် ပျောက်ကွယ်သွားလိမ့်မယ်။ အဲလိုမပျောက်ကွယ်အောင် အစိုးရအနေနဲ့လည်း အရမ်းကြီး တင်းကျပ်မှုတွေ မလုပ်ဘဲနဲ့ ထင်သာမြင်သာလေး ပြောပြတဲ့ အသင်းတွေကို လက်ခံမယ်ဆိုရင်တော့ အများကြီးကောင်းလာမှာပါ။”

စိစစ်ရေးကိုတင်တဲ့ သံချပ်အဖွဲ့ ၂၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မဟာသင်္ကြန် သီချင်းနဲ့ သံချပ်စိစစ်ရေးလုပ်ငန်းကော်မတီက စာသားအချို့ကို ဖြတ်တောက်မှုတွေ ရှိခဲ့ပါတယ်။ ဘာသာရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုတွေ အပါအဝင် နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေမယ့် စာသားတွေကို အဓိက စိစစ်တာဖြစ်တယ်လို့ သံချပ်စိစစ်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ ဦးသန်းမြင့်က ဆိုပါတယ်။

“အဓိကကတော့ တို့တာဝန်အရေးသုံးပါးကို ထိခိုက်မယ့် အသုံးအနှုန်းမျိုးတွေ မသုံးဖို့ပေါ့။ နောက်ပြီးတော့ ကျနော်တို့က ဒီတိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပျက်ပြားစေမယ့်ကိစ္စတွေ ဘာသာရေးကို ညှိုးနွမ်းစေမယ့်ကိစ္စ အသုံးအနှုန်းတွေ မသုံးဖို့ကို နောက်ပြီးတော့ ကျနော်တို့ နိုင်ငံတော်အဖွဲ့အစည်း လူပုဂ္ဂိုလ်တဦးတယောက်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမယ့် အပြုအမူ အပြောအဆိုတွေ မပါဖို့ပေါ့ အဲဒီအချက်တွေကိုပဲ ကျနော်တို့ အဓိက စိစစ်တာဖြစ်ပါတယ်။”

ချမှတ်ထားတဲ့စည်းကမ်းချက်တွေကို မလိုက်နာဘူးဆိုရင်တော့ တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ ဦးသန်းမြင့်က ဆက်ပြောပါတယ်။

“ဒါ ဂုဏ်သိက္ခာကျဆင်းစေမယ့်၊ ညှိုးနွမ်းစေမယ့် အပြုအမူ အပြောအဆိုတွေ သူတို့ဘက်က ကျနော်တို့စိစစ်ထားတဲ့အတိုင်း မလိုက်နာဘဲနဲ့ လုပ်လာရင်တော့ ဒါ တည်ဆဲဥပဒေနဲ့ ကျနော်တို့ အရေးယူသွားမှာပေါ့ဗျာ။”

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အကြောင်းနဲ့ ဘုရင်စနစ်အကြောင်းပါတဲ့ စာသားတွေကို ဒီနှစ်မှာ အဓိက ဖြတ်တောက်ခဲ့တယ်လို့ ဆူးကြားမှ ဗူးခါးအဖွဲ့က ဆိုပါတယ်။ဒါပေမဲ့ ဖြတ်တောက်ခံထားရတဲ့ စာသားတွေကို ပြန်လည် ပြင်ဆင်ပြီး သင်္ကြန်ကာလအတွင်းမှာ ပြည်သူလူထုကို ဖျော်ဖြေသွားမယ်လို့ ကိုအောင်မင်းဦးက ပြောပါတယ်။

“သူတို့ဖြတ်ထားတဲ့စာသားတွေ အကိုတို့ ပြင်ပြီးတော့တော့ ထပ်တိုင်မှာပဲ။ အရေးယူမယ်ဆိုရင်တော့ အကိုတို့ကတော့ ရင်ဆိုင်ရမှာပဲ မတတ်နိုင်ဘူးလေ။ အကိုတို့က ပြည်သူအတွက် လုပ်ရတာဆိုတော့ ပြည်သူတွေရဲ့ခံစားချက်ကို တင်ပြမယ်။ ဒါမှမကြိုက်ဘူးဆိုရင်တော့ အကိုတို့လည်း မတတ်နိုင်ဘူး။”

သံချပ်စာသားတွေကို ဖြတ်တောက်ပစ်တာနဲ့ ပက်သက်ပြီး သံချပ်ကို အမြဲစောင့်မျှော်အားပေးနေတဲ့ ဦးကိုကိုနိုင်က အခုလို ဖွင့်ဟပါတယ်။

“ဒီသံချပ်ဆိုတာကတော့ ပြည်သူတွေရဲ့ခံစားချက်ပေါ့။ လူထုရဲ့ခံစားချက်ကိုတင်ပြတဲ့ ကိုယ်စားတင်ပြတဲ့ဟာမျိုးဖြစ်တဲ့အတွက် အစိုးရအနေနဲ့ တကယ်ပွင့်လင်းမြင်သာတယ်ဆိုရင်တော့ ဒါတွေကို လိုက်လျောပေးသင့်ပါတယ်လို့။ ဒါ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေပေါ့နော်။ အစိုးရရော၊ ပြည်သူရောကို ဒါ တကယ်တမ်းတော့ တိုင်းပြည်အတွက်လည်း ကောင်းစေချင်တဲ့ဆန္ဒနဲ့ အကြံပြုတဲ့သံချပ်လို့ပဲ ကျနော်တို့က မြင်တယ်လေ။ ဒါပေမဲ့ အစိုးရအနေနဲ့ကတော့ ကျနော်သိတာကတော့ သူတို့အပေါ်မှာ ဝေဖန်တာကို လက်မခံနိုင်ဘူးဆိုတဲ့ အတိုင်းအတာမျိုးတွေ ပြသလာတယ်လို့ပဲ ကျနော်မြင်ပါတယ်။”

သံချပ်အဖွဲ့တွေအနေနဲ့လည်း သံချပ်တွေကို ထိန်းထိန်းသိမ်းသိမ်း ဖန်တီးသင့်တယ်လို့ စွယ်စုံရ အနုပညာရှင်ကြီး ဦးဝင်းဖေက မှတ်ချက်ပြုပါတယ်။

“နိုင်ငံရေးအရ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် လွတ်လွတ်ကင်းကင်း မရှိသေးဘူးဗျ။ ဒါက မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေ သဘောတရားကြောင့်ပါ။ နောက်တခုက သံချပ်တွေ ပွင့်လင်းလာပြီဆိုရင် သံချပ်တွေ ရွတ်ရဆိုရတဲ့ ဒီအခွင့်အရေးကိုယူတဲ့ဘက်ကလည်း ကိုယ့်သိက္ခာကိုယ် ထိန်းပြီးတော့ လုပ်သွားဖို့ အရေးကြီးတယ်ဗျ။ သိပ်ပြီးတော့ အခွင့်အရေးရပြီဆိုပြီးတော့ တအားကြမ်းလို့လည်း မဖြစ်ဘူးဗျ။ ဒီအခွင့်အရေးက ပြန်ဆုံးသွားမှာပဲ။ အဲတော့ ကျနော်တို့က မလွတ်လပ်တာတော့ မကြိုက်ဘူးဗျ။ ဒါပေမဲ့ လွတ်လပ်ခွင့်ကို အလွဲသုံးစား လုပ်မှာကိုလည်း ကျနော်စိုးရိမ်တာ အမှန်ပဲဗျ။”

အစိုးရတာဝန်ရှိသူတွေက သံချပ်အဖွဲ့တွေကို ရန်ကုန်မြို့တော်ခန်းမရဲ့ မဏ္ဍပ်မှာ အရင်နှစ်တွေကလို ဖျော်ဖြေခွင့် မပြုတော့ပါဘူး။ ၁၉၈၉ ခုနှစ်နောက်ပိုင်းကတည်းက သံချပ်အားလုံးကို ပိတ်ပင်တားဆီးမှုတွေ ပြုခဲ့ပေမဲ့ ၂၀၁၃ ခုနှစ်မှာတော့ အစိုးရက တရားဝင် ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အခုလို သံချပ်စာသားတွေကို စိစစ်ဖြတ်တောက်တာတွေ ရှိနေသေးတဲ့အတွက် လွတ်လပ်မှု အပြည့်အ၀ မရှိဘူးလို့ သံချပ်အဖွဲ့တွေက ဆိုနေကြပါတယ်ခင်ဗျာ။

XS
SM
MD
LG