သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်မဏ္ဍပ်များနဲ့ လုံခြုံဘေးကင်းမှု


မနေ့က သင်္ကြန်ပွဲတော် အကျနေ့မှာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေက ရေကစားမဏ္ဍပ်တွေမှာ ကြမ်းကျွံတာတွေ၊ ပြိုကျတာတွေကိုကြည့်ရင် မဏ္ဍပ်ရဲ့ ခံနိုင်ဝန်ထက် လူဦးရေ ပိုတင်တာကြောင့်လို့ ဆောက်လုပ်ရေးနဲ့ ဒီဇိုင်းပုံစံ အကြံပေးတွေက သုံးသပ်နေကြပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကနေ စည်းကမ်းချက်တွေ ချပေးထားပေမဲ့ လိုက်နာမှု အားနည်းတာကြောင့်လို့လည်း ဝေဖန်နေကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မသိင်္ဂီလင်းက သတင်းပေးပို့ထားပါတယ်။

၂၀၁၅ ခုနှစ် မဟာသင်္ကြန်အကျနေ့မှာ ရန်ကုန်မြို့က Barrack ရေကစားမဏ္ဍပ် ကြမ်းကျွံကျတာဟာ မဏ္ဍပ်ပေါ်မှာ ရေကစားသူတွေက အလွန်အကျွံ ခုန်ပေါက်တာကြောင့် ဖြစ်နိုင်တယ်လို့ ဗိသုကာနဲ့ ဆောက်လုပ်ရေးအကြံပေး မယုယုသွင်က သုံးသပ်လိုက်ပါတယ်။

“မဏ္ဍပ်တွေက သေချာဖောင်ဒေးရှင်းတွေ ဘာတွေ ချထားတာမှ မဟုတ်တာလေ။ ဒီလို တိုင်တွေကို မြေအဝင်ပဲ စိုက်ထားရတာဆိုတော့ ထပ်ထပ်ထပ်ရိုက်ထည့်သလို ဖြစ်တာမျိုး ဖြစ်နိုင်တယ်ပေါ့နော်။ အဓိကကတော့ လူတွေ ခုန်တာများတာ၊ ခုန်တာရော၊ နောက် ရေကလည်း ပက်တော့ မြေကလည်း ပိုပို ပိုပို ပျော့လာတယ်လေ။ ပုံမှန်ထက်ကို သူတို့က အရမ်းပျော့နေမှာဆိုတော့ တအားခုန်တော့ တူနဲ့ရိုက်ထည့်သလိုဖြစ်နေမှာပေါ့။ အပေါ်ကကြမ်းတွေက တဆက်တည်းဖြစ်နေတာကြောင့် မကျိုးနိုင်ရင်တောင်မှ ဝင်သွားတာမျိုး ဖြစ်နိုင်ပါတယ်။”

မဏ္ဍပ်စီစဉ်သူတဦးဖြစ်တဲ့ ကိုနေလင်းအောင်ကလည်း မဏ္ဍပ်ရဲ့ ခံနိုင်ဝန်အားထက် လူဦးရေ ပိုတင်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကျနော်တို့ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီးတော့ စည်းကမ်းချက် ၄၄ ချက် ထုတ်တယ်ခင်ဗျ။ စည်းကမ်းချက် ၄၄ ချက်မှာက လူအယောက် ၂၅၀ ကျော်ပြီး တင်လို့မရတာ ပါတယ်ခင်ဗျ။ အဲလိုမျိုးရှိတယ်ခင်ဗျ။ ဒါပေမဲ့ သင်္ကြန်မဏ္ဍပ်တွေကတော့ မဏ္ဍပ်တိုင်း လိုလိုပါပဲ။ လူကတော့ ဒီထက်ပိုပြီး တင်ကြတာမျိုး ရှိတယ်ခင်ဗျ။ အဲတော့ ကျနော်ထင်တာကတော့ တင်လိုက်တဲ့ လူဦးရေနဲ့ မဏ္ဍပ်ရဲ့ ခံနိုင်ဝန်အားနဲ့ မမျှလို့ အဲလိုမျိုးဖြစ်သွားတယ်လို့ ထင်တာပဲခင်ဗျ။”

ရန်ကုန်မြို့က ရေကစားမဏ္ဍပ် အများဆုံးရှိတဲ့ ကမ္ဘာအေးဘုရားလမ်းက မဏ္ဍပ်တွေကို သွားရောက်ဖြစ်တဲ့ ရေကစားသူတဦးကလည်း လူဦးရေ ပိုတင်တာကြောင့်ပဲ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“အကိုထင်တယ်။ သူတို့ရဲ့ structure တွေ ဘာတွေ သုံးထားတာကလည်း သိပ်အရမ်း အားနည်းလောက်အောင် လုပ်ထားတာတော့ မဟုတ်ဘူးသိလား။ သုံးထားတဲ့သစ်တွေ ဘာတွေကလေ။ ခိုထားတဲ့ပုံစံတော့ အဲဒါတော့ တကယ်ဆောက်တဲ့သူတွေပဲ သိမယ်။ အကိုတို့ကြည့်တာတော့ ခိုထားတဲ့ပုံတွေ ဘာတွေ အရမ်းကြီး အဲလိုမျိုး ခိုပြီးလုပ်ထားတဲ့ပုံ မဟုတ်ဘူး။ ဒါပေမဲ့ လူတော့ အရမ်းများတယ်။”

စီးပွားရေးမဏ္ဍပ်တွေအနေနဲ့ မဏ္ဍပ်ဆောက်လုပ်ရေးစရိတ်တွေ မြင့်တက်လာတာကြောင့် သတ်မှတ်လူဦးရေထက် ပိုပြီး တင်ကြတယ်လို့ ကိုနေလင်းအောင်က ရှင်းပြပါတယ်။

“ပိုက်ဆံကတော့ တယောက်ကို လက်မှတ်ရောင်းတယ်ပေါ့နော် တယောက်ကို ၄ သောင်း၊ ၅ သောင်း အဲလိုမျိုးရောင်းကြတယ်။ လူကို ထောင်နဲ့ချီပြီး တင်ကြတာမျိုးတွေ ရှိတယ်ဗျ။ အဲလိုတင်မှာလည်း မဏ္ဍပ်တွေက ပိုက်ဆံကျန်တာမျိုး၊ အမြတ်ကျန်တာမျိုး၊ အရင်းကျေတာမျိုးတွေ ရှိတယ်။ ဘာလို့လဲဆိုတော့ ပါမစ်တစောင်ပဲ မဏ္ဍပ်ဆောက်လုပ်ကြေးတွေ မပါသေးဘူး၊ ပါမစ်တစောင်အတွက်ပဲ ဒီနှစ်ထဲမှာ ၄၀၀၊ ၅၀၀၊ ၁၅၀၀ တွေ ၇၀၀ တွေပါ ဖြစ်သွားတယ်ဆိုတော့လေ။ ဆောက်လုပ်ရေးခနဲ့ဆို အရမ်းကို များသွားတယ်။”

ရေကစားမဏ္ဍပ်တွေအနေနဲ့ ကြမ်းကျွံတာ၊ မြေကျွံတာ၊ ပြိုကျတာ စတာတွေကို အတက်နိုင်ဆုံး ရှောင်ရှားဖို့ လက်သမားအဖွဲ့တွေကို အဆင့်ထားဖို့လည်း လိုအပ်တယ်လို့ ကိုနေလင်းအောင်က ဆိုပါတယ်။

“အဲလို လက်သမားတွေ၊ တကယ့် လိုအပ်တဲ့ အလုပ်သမားတွေကို stand by ထားထားဖို့ လိုတယ်ဗျ။ အဲဒါမှ တကယ်လို့ မဏ္ဍပ်က အခြေအနေမကောင်းဘူးဆိုရင် လိုအပ်တဲ့သစ်တွေကို ဒါမျိုး ထုတ်ပေးဖို့၊ တကယ်လို့ အရံသင့်ထားပေးဖို့ကတော့ မဏ္ဍပ်တိုင်းမှာ ထားပေးဖို့ လိုတယ်လို့တော့ ကျနော်ထင်တယ်ခင်ဗျ။ စည်းကမ်းချက်ပိုင်းမှာ လိုက်နာမှုကတော့ အားနည်းတာပေါ့နော်။ မဏ္ဍပ်တော်တော်များများမှာတော့ ဒါမျိုးကတော့ ရှိကောင်းရှိတယ်ဗျ။”

မနေ့က သင်္ကြန်အကျနေ့မှာတော့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းက Barrack ရေကစားမဏ္ဍပ်မှာ ကြမ်းကျွံကျခဲ့ပေမဲ့ ဆိုးဆိုးရွားရွား မဖြစ်ခဲ့တာကြောင့် ညနေပိုင်းမှာ ရေဆက်ကစားနိုင်ခဲ့ပြီး၊ မန္တလေးမြို့က နွေရတီ ရေကစားမဏ္ဍပ်ကတော့ ပြိုကျခဲ့တာဖြစ်ပြီး ပွန်းပဲ့ထိခိုက်မှု အနည်းငယ်ရှိခဲ့ပါတယ်။

XS
SM
MD
LG