သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေးမလိုလားသူတွေကို သတိထားဖို့ ကုလမှာ မြန်မာပြောကြား


၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားနေသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်။(စက်တင်ဘာ ၃၀၊ ၂၀၁၃)
၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားနေသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်။(စက်တင်ဘာ ၃၀၊ ၂၀၁၃)
လက်ရှိ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ် မလိုလားလို့ ဖျက်လိုဖျက်ဆီးကြံစည်ဆောင်ရွက်သူတွေရှိနေပြီး မြန်မာနိုင်ငံဟာ ဒီလူတွေရဲ့ ထောင်ခြောက်ထဲ ရောက်မသွားဖို့ အရေးကြီးတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂနှစ်ပတ်လည်ညီလာခံ မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲဟာ အခြေတည်စဖြစ်ပြီး အထိအရှ မခံနိုင်ပေမယ့် မြန်မာအစိုးရအနေနဲ့တော့ နောက်ကြောင်း ပြန်လှည့်သွားမှာမဟုတ်ဘူးလို့လည်း နိုင်ငံတကာကို ကတိပေးပြောဆိုသွားပါတယ်။ ဒီမိန့်ခွန်းနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက အသေးစိတ် တင်ပြပေးထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ မိန့်ခွန်းထဲမှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ရှင်းလင်းထားပြီး ဒါတွေဟာ စိတ်ချရတဲ့ အခြေအနေတော့ မရောက်သေးဘူးဆိုတာကို အဓိကထား ပြောဆိုထားပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းစ မြန်မာနိုင်ငံမှာ သိသာ ထင်ရှားတဲ့ တိုးတက်အောင်မြင်မှုတွေ တွေ့ရသလို တဘက်မှာ သတိထားရမယ့် အခြေအနေရှိတယ်ဆိုတာကို သမ္မတဦးသိန်းစိန်ကိုယ်တိုင်က ပြောဆိုထားတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။

“ကျနော်တို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ အခြေတည်စဖြစ်ပြီး အမှားအယွင်း အနည်းအကျဉ်းရှိနိုင်တဲ့၊ အထိအရှ သိပ်မခံနိုင်တဲ့ အဆင့်မျိုးမှာပဲ ရှိနေတုန်းပါ။ ဒီအတွက်လည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းတဲ့အသွင်ကူးပြောင်းမှုကို အန္တရာယ်ဖြစ်စေနိုင်တဲ့ကိစ္စမျိုး လူတိုင်းရှောင်ရှားဖို့လိုအပ်တာကို သမ္မတက အများပြည်သူကို သတိပေး ပြောဆိုထားပါတယ်။”

စိတ်မချရသေးတဲ့ ပြုပြင်ပြောင်းလဲရေးအခြေအနေရှိပေမယ့်လည်း မြန်မာအစိုးရအနေနဲ့ ပိုင်းဖြတ်ထားတဲ့အတိုင်း အပြောင်းအလဲတွေကို ဖော်ဆောင် သွားမှာဖြစ်ပြီး နောက်ပြန်လှည့်သွားဖို့မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ ဒီအတွက် နိုင်ငံတကာအနေနဲ့ မြန်မာ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ် ဆက်ပြီး အားပေးထောက်ခံကြဖို့လည်း ပန်ကြားခဲ့ပါတယ်။

“လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို မလိုလားသူတွေရဲ့ ထောင်ခြောက်ထဲ ကျမသွားအောင် အစိုးရရော မြန်မာပြည်သူတရပ်လုံးပါ အချိန်ပြည့် သတ္တိရှိရှိ ထားသွားရမှာဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အားပေး ကူညီမှုတွေ ဆက်ရဖို့လည်း လိုအပ်ပါတယ်။”

အထူးသဖြင့်ကတော့ ဒီနှစ်ပိုင်းအတွင်း ပြန့်ပွားလာတဲ့ လူမျိုးရေးနဲ့ ဘာသာရေးပဋိပက္ခအခြေအနေတွေဟာ အပြောင်းအလဲကို မလိုလားသူတွေရဲ့ လှုံ့ဆော်ကြိုးပမ်းမှုဖြစ်တယ်လို့ ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ ဒီလူတွေအနေနဲ့ ပွင့်လင်းလာတဲ့ နိုင်ငံရေးအခြေအနေကို အမြတ်ထုတ် ဆောင်ရွက်လာတာကို အစိုးရအနေနဲ့ ခွင့်လွှတ်မှာမဟုတ်ဘူးလို့ ပြောဆိုပါတယ်။

“ဒီအခြေအနေကို မလိုလားလို့ ဖရိုဖရဲဖြစ်သွားအောင် မကောင်းကြံသူတွေလည်း ရှိပါတယ်။ လူမျိုးရေးအရ မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းတွေအကြား အကြမ်းဖက်မှုတွေဖြစ်လာအောင် လှုံဆော်နေတဲ့သူတွေအနေနဲ့ လက်ရှိ ပွင့်လင်းလာတဲ့ နိုင်ငံရေးအခြေအနေကို အမြတ်ထုတ်ဆောင်ရွက်တာမျိုးကို ကျနော်တို့ ခွင့်ပြုမှာမဟုတ်ပါဘူး။ သမ္မတဦးသိန်းစိန်ကိုယ်တိုင်ကလည်း ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ။ လူမျိုးရေးမုန်းတီးမှုတွေဖြစ်အောင် ဖန်တီးတဲ့ ဘယ်သူ့ကိုမဆို လုံးဝ သည်းခံမှာမဟုတ်ဘူးဆိုတာပါ။ အခု ပြဿနာတွေကို ဖြေရှင်းဖို့ ရေတိုအစီအစဉ်၊ ရေရှည်အစီအစဉ်တွေကိုပါ ချမှတ်ပြီး အစိုးရ အနေနဲ့ အလေးအနက်ထား ဆောင်ရွက်နေပါတယ်။

လက်ရှိ အပြောင်းအလဲကာလမှာတော့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အစုအဖွဲ့အားလုံးပါဝင်နိုင်ဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်နေသလို ဒီမိုကရေစီစံနှုန်းစံထားတွေ၊ အလေ့အကျင့်တွေ တိုင်းပြည်အတွင်း ထွန်းကားလာစေဖို့လည်း ရည်ရွယ်လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

“အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာဟာ ဒီမိုကရေစီ စံတန်ဖိုး တွေနဲ့ အလေ့အကျင့်တွေကို ပိုပြီး အားဖြစ်စေပါတယ်။ အခုဆိုရင် မတူညီတဲ့ အမြင်၊ မတူညီတဲ့ အယူအဆတွေကြားမှာ ညှိုနှိုင်းတွေ့ဆုံဆွေးနွေးနိုင်တဲ့ ယဉ်ကျေးမှုသစ်တရပ် မွေးမြူပေးလိုက်နိုင်ပါပြီ။”

တချိန်တည်းမှာ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးနဲ့ ပြည်ထောင်စု အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို မကြာခင်မှာ ကျင်းပနိုင်လိမ့်မယ် လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။

“တနိုင်ငံအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို သိပ်မကြာခင် အတွင်းမှာပဲ နေပြည်တော်မှာ လက်မှတ်ရေးထိုးပွဲလုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ သိပ်မကြာတော့တဲ့အချိန်အတွင်းမှာပဲ အရှည်သဖြင့် ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ဖြစ်လာဖို့ ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို စတင်ကျင်းပနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ဒီ နောက်တဆင့်ဟာ လွယ်လွယ်ကူကူဖြစ်လိမ့်မယ်လိုတော့ ကျနော်တို့ မတွက်ထားပါဘူး။ ဒါပေမယ့် ကျနော်တို့ ပြည်သူလူထု ှနှစ်ရှည်လများ တောင့်တနေမှု တကယ်ဖြစ်လာဖို့ မဖြစ်မနေ ဆောင်ရွက်သွားမယ်လို့ ကျနော်တို့ ပိုင်းဖြတ်ထားပါတယ်။”

စီးပွားရေးပြုပြင်ပြောင်းလဲမှုပိုင်းမှာတော့ အခု စတုတ္တလှိုင်းဆောင်ရွက်ချက် အနေနဲ့ ပုဂ္ဂလိကပိုင်းတိုးတက်ဖွံဖြိုးရေးကို ဆောင်ရွက်နေပြီလို့ပြောပါတယ်။

“အခုဆိုရင်တော့ ပြုပြင်ပြောင်းလဲရေးရဲ့ စတုတ္ထလှိုင်းအနေနဲ့ ပုဂ္ဂလိကပိုင်း တိုးတက်ဖွံဖြိုးလာရေးကို အစိုးရအနေနဲ့ အလေးပေး ဆောင်ရွက်နေပါပြီ။ ဒီအဆင့်မှာတော့ စီးပွားရေးလုပ်ငန်းတွေ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အထောက်အပံ့ဖြစ်စေမယ့် အင်စတီကျူးရှင်း (Institution) အခြေခံ အဆောက်အဦးတွေ တိုးတက်ကောင်းမွန်လာရေးနဲ့ စည်းမျဉ်းပြဌာန်း သတ်မှတ်မှုတွေကို အစိုးရအနေနဲ့ အထူးပြု ဆောင်ရွက်နေပါတယ်။”

တချိန်တည်းမှာပဲ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက် နျူကလီယား လက်နက်ဖျက်သိမ်းရေးကို မြန်မာအနေနဲ့တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ပြီး ဒီအပေါ်မှာ နိုင်ငံတကာနဲ့ပူးပေါင်းလက်တွဲသွားမယ်လို့ ပြောသွားပါတယ်။ အထူးသဖြင့်တော့ ပြီးခဲ့တဲ့လပိုင်းကမှ နျူကလီယားမပြန့်ပွားရေးအတွက် နောက်ဆက်တွဲ သဘောတူညီချက်ကို မြန်မာအနေနဲ့ လက်မှတ်ထိုးခဲ့တာကို ပြန်လည်ကိုးကားပြောခဲ့ပါတယ်။

“ဒါဟာ နျူကလီယားလက်နက်မပြန့်ပွားရေးနဲ့ ဖျက်သိမ်းရေး ရည်မှန်းချက် အတွက် ကျနော်တို့ ဘယ်လို ပိုင်းဖြတ်ဆောင်ရွက်နေတယ်ဆိုတာကို ပြသတဲ့ နောက်ထပ် ဖြစ်ထွန်းတိုးတက်မှုတရပ်ပါ။ အကောင်အထည်ဖော်ရေးပိုင်းမှာ မြန်မာနိုင်ငံအနေနဲ့ IAEA ကုလသမဂ္ဂ နျူကလီယားအေဂျင်စီနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ကုလသမဂ္ဂ ပဋိဉာဏ်ပြဌာန်းချက်ပါ အငြင်းပွားမှုတွေအပေါ် ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းသွားဖို့ အခြေခံမူဝါဒအတိုင်း မြန်မာနိုင်ငံအနေနဲ့ အပြည့်အဝ ရပ်တည်သွားမှာပါ။ မြန်မာနိုင်ငံဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်နေပါတယ်။”

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းပါ ကောက်နုတ်ချက်တွေဖြစ်ပါတယ်။ မနှစ်တုန်းက ၆၇ ကြိမ်မြောက် အထွေထွေညီလာခံကိုတော့ မြန်မာသမ္မတ ဦးသိန်းစိန် ကိုယ်တိုင် တတ်ရောက်ပြီး မိန့်ခွန်းပြောဆိုခဲ့ရာမှာလည်း၊ အခုလိုပဲ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို အဓိက ထားပြောဆိုပြီး ဒီအပြောင်းအလဲတွေမှာ စိန်ခေါ်ချက်တွေရှိပေမယ့် နောက်ကြောင်း ပြန်လှည့်မှာမဟုတ်ဘူးလို့ အခုလိုပဲ ကတိပေး ပြောခဲ့ပါတယ်။
XS
SM
MD
LG