သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေဖောင်းပွမှု ကျဆင်းဖို့ မြန်မာကြိုးစားနေ


 ပြည်သူ့ လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်း
ပြည်သူ့ လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်း

မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ တခြားတိုင်းပြည်တွေနဲ့ယှဉ်ရင် နည်းနေသေးတယ်လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက ပြောပါတယ်။ အမေရိကန်ဒေါ်လာငွေ တန်ဖိုးတက်လာပြီး မြန်မာငွေတန်ဖိုး ကျဆင်းသွားတာကြောင့် မြန်မာ့ငွေဖောင်းပွမှုနှုန်း တက်လာရတဲ့သဘော မျိုးလည်း ဦးအောင်သောင်းက ချိတ်ဆက် ပြောသွားပါတယ်။ ဘဏ်စနစ်နဲ့ပတ်သက်ပြီးလေ့လာဖို့ ဂျာမနီနိုင်ငံဆီသွားမယ့်ခရီးစဉ်မတိုင်ခင် ရန်ကုန်လေဆိပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဦးအောင်သောင်းက အဲဒီလိုပြောသွားတာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

မြန်မာနိုင်ငံရဲ့ ငွေဖောင်းပွမှုနှုန်းဟာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ပျှမ်းမျှ ၅.၁၂% ရှိခဲ့ရာကနေ ၂၀၁၅ ခုနှစ် မှာတော့ ၈.၄% အထိ တက် သွားတာကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကထုတ်ပြန်တဲ့ ကိန်းဂဏန်းမှာတွေ့ရပါတယ်။ ဒီလို ငွေ ဖောင်းပွမှုနှုန်း ခုန်တက်သွားတာနဲ့ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်းက သတင်းထောက်တွေကို အခုလိုပြောသွားတာပါ။

“အမေရိကန်စီးပွားရေးက တအားတိုးတက်လာတာကိုး။ တအားတိုးတက်တော့ အမေရိကန်ငွေက ပိုပြီး ခိုင်မာတာပေါ့။ အထူးသဖြင့်ကတော့ ဒီဇင်ဘာရဲ့နောက်ပိုင်း ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်ချ်မှာ၊ ဧပြီလမှာ အမေရိကန်ငွေက ခုန်တက်လာတာ။ အရင်တုန်းက ၅ %၊ ၆ % လောက်ကနေ ၁၂ % ၊ ၁၃ % အထိ သူက တက်လာတာ။ တက်လာတဲ့အခါကျတော့ ဒါ တကမ္ဘာလုံးနဲ့ဖြစ်တဲ့ကိစ္စပဲ။ တိုင်းပြည်တိုင်းရဲ့ငွေကြေးအားလုံးဟာ ကျသွားပြန်တယ်။ ဗမာပြည်ကတော့ ၅ လောက်နေ အခုတော့ ၈ လောက်အထိ ရောက်လာတာပေါ့လေ။ ဗမာပြည်ကလည်း ငွေကြေးဖောင်းပွမှုအပိုင်းမှာတော့ နည်းသေးတဲ့အပိုင်းမှာတော့ ရှိနေပါတယ်။ သူများတိုင်းပြည်နဲ့ယှဉ်ရင် နည်းသေးတယ်။ ဆိုတဲ့အခါကျတော့ ကျနော်တို့က ဗဟိုဘဏ်ရယ်၊ ဘဏ္ဍာရေးရယ်၊ ဘဏ်များအဖွဲ့အစည်းများနဲ့ တိုင်ပင်ပြီးတော့ အတတ်နိုင်ဆုံးပေါ့လေ၊ ဒါတော့ ကြိုးစားနေတာပေါ့။”

အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေရဲ့ ၂၀၁၅ ခုနှစ် ငွေဖောင်းပွမှုနှုန်း အသီးသီးကို ADB က မကြာသေးခင်ကမှ ထုတ်ပြန် ထားတာမှာ အင်ဒိုနီးရှားက ၅.၅%၊ မလေးရှားက ၃.၂%၊ ဖိလစ်ပိုင်က ၂.၈%၊ ဗီယက်နမ်က ၂.၅%၊ စင်္ကာပူနဲ့ထိုင်းနိုင်ငံတွေက ဝ.၂% စီ အသီးသီးရှိတာတွေ့ရပါတယ်။

ဦးအောင်သောင်းဟာ အဖွဲ့ဝင် ၇ ဦးပါ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ဦးဆောင်ပြီး ဂျာမနီနိုင်ငံရဲ့ ဘဏ်စနစ်နဲ့ ပါလီမန်စနစ်တို့ကို လေ့လာဖို့ ဧပြီလ ၂၀ ရက်ကနေ ၃၀ ရက်နေ့အထိ ဂျာမနီနိုင်ငံဆီ သွားရောက်မှာပါ။ ဒီခရီးစဉ်ကို ဂျာမန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ GIZ ကကမကထပြု စီစဉ်တာပါ။

မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းကဏ္ဍနဲ့ပတ်သက်ပြီး GIZ အဖွဲ့က မြန်မာနိုင်ငံမှာ စီမံကိန်းတခု လုပ်ဆောင်နေပြီးတော့ မြန်မာ့ဘဏ် လုပ်ငန်းကဏ္ဍအနေနဲ့ ဘဏ္ဍာငွေကြေးလုပ်ငန်းမှာ ကြားခံဆောင်ရွက်ပေးရတဲ့ အခန်းကဏ္ဍကို ပြည့်မီအောင်လုပ်နိုင်ဖို့ မြန်မာ့ ဘဏ်လုပ်ငန်းကဏ္ဍကို ကူညီပံ့ပိုးပေးနေတယ်လို့ စီမံကိန်းအကြီးအကဲ မစ္စတာ တောမတ်စ် ဖိုအာ့ချ် (Thomas Foerch) က သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

အဲဒီလို ကြားခံအဖြစ်လုပ်တဲ့နေရာမှာ ဘဏ်တွေအနေနဲ့ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေကိုလည်း ဝန်ဆောင်မှု ပေးနိုင်ရမှာဖြစ်ပေမဲ့ လက်ရှိမှာ အဲဒီလိုဖြစ်မနေသေးဘူးလို့ မစ္စတာဖိုအာ့ချ်က ထောက်ပြပါတယ်။

“လက်ရှိအချိန်မှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ချေးငွေရဖို့ သိပ်ကိုခက်နေပါ တယ်။ ကျနော်တို့က သူတို့ကို ကူညီချင်ပါတယ်၊ အပြောင်းအလဲဖြစ်စေချင်ပါတယ်။ အဲဒီအတွက် တဘက်မှာ လွှတ်တော် ကော်မတီနဲ့ လက်တွဲလုပ်ဆောင်နေသလို တဘက်မှာလည်း ဗဟိုဘဏ်နဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်လို သင်တန်းပေးသူတွေနဲ့ လုပ်ကိုင်နေတဲ့အပြင် တချို့ဘဏ်တွေနဲ့လဲ တိုက်ရိုက် ချိတ်ဆက် လုပ်ဆောင်နေပါတယ်။ ဒါကြောင့် အခုလောက် ရှုပ်ထွေးတဲ့ အပြောင်းအလဲလုပ်ငန်းစဉ်ကို တကယ်ပဲ ဖော်ဆောင်နိုင်ဖို့ရာ မတူကွဲပြားတဲ့ ထောင့်ပေါင်းစုံကနေ စနစ်ကို ရင်ဆိုင်ဖြေရှင်းဖို့ လိုတယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။”

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ဂျာမနီနိုင်ငံခရီးစဉ်ကို ကမကထပြု စီစဉ်ပေးတဲ့ GIZ အေဂျင်စီဟာ ဖွံ့ဖြိုးတိုးတက်ရေးပိုင်းဆိုင်ရာ ဂျာမန်အစိုးရရဲ့အဖွဲ့အစည်းဖြစ်ပြီး ဂျာမန်အစိုးရကိုယ်စား ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်တယ်လို့ စီမံကိန်းအကြီးအကဲ တောမတ်စ် ဖိုအာ့ချ်က ရှင်းပြသွား ပါတယ်ခင်ဗျား။

XS
SM
MD
LG