သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်း သတင်းဂျာနယ်နှစ်စောင် အပိတ်ခံရ


ရန်ကုန်မြို့တွင် စာနယ်ဇင်းများ ရောင်းချနေသည့် မြင်ကွင်းတခု။ ဇွန် ၁၀၊ ၂၀၁၂
ရန်ကုန်မြို့တွင် စာနယ်ဇင်းများ ရောင်းချနေသည့် မြင်ကွင်းတခု။ ဇွန် ၁၀၊ ၂၀၁၂
စာနယ်ဇင်း လွတ်လပ်ခွင့်အပါအဝင် အပြောင်းအလဲတွေ လုပ်မယ်လို့ အစိုးရက ကတိပြုထားချိန်မှာပဲ ပြည် တွင်းထုတ် အပတ်စဉ် သတင်းဂျာနယ်နှစ်စောင်ကို အာဏာပိုင်တွေက ထုတ်ဝေခွင့် ပိတ်ပင်လိုက် ပါတယ်။ လွတ်လပ်ခွင့်ပေးမယ့် မီဒီယာဥပဒေကို လွှတ်တော်ထဲ ဆွေးနွေးဖို့ရှိနေချိန်မှာ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင် ဌာနရုံးက ဒီ သတင်းဂျာနယ်တစ်စောင်ရဲ့ ထုတ်ဝေခွင့်ပိတ်လိုက်တာပါ။ ဒီအခြေအနေကို အသေးစိတ် သိရအောင် ရန်ကုန်မှာ ရှိနေတဲ့ ဗွီအိုအေ သတင်းထောက် ကိုရဲကျော်အောင်က အပြည့်အစုံ ပြောပြပေး မှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ အသွင်ကူးပြောင်းရေး ကာလမှာ မိဓီယာရဲ့ အခန်းဏ္ဍဟာ အရေးကြီး ပါတယ် ဆိုပြီး ပြောကြားခဲ့ဖူးတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လက်ထက်မှာ သက်ဆိုင်ရာ အာဏာပိုင်အစိုးရ ရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနကနေ အပတ်စဉ်ထုတ် သတင်း ဂျာနယ် နှစ်စောင်ကို အကန့် အသတ်မရှိ ထုတ်ေ၀ ခွင့် ရပ်ဆိုင်းလိုက်ပြီး အပတ်စဉ်ထုတ် သတင်းဂျာနယ် နောက်တစ်စောင်ကိုတော့ စာပေစိစစ်ရေး က စည်းကမ်းတွေကို လိုက်နာပြီး ဆောင်ရွက်ဖို့ ပြင်းထန်စွာ သတိပေး လိုက်ပါတယ်။

ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံခဲ့ရတဲ့ အပတ်စဉ်ထုတ် သတင်းဂျာနယ် နှစ်စောင်ကတော့ သောကြာနေ့ ထုတ် THE VOICE ဂျာနယ်နဲ့ အင်္ဂါနေ့ထုတ် ENVOY ဂျာနယ်တို့ ဖြစ်ပြီး ပြင်းထန်စွာ သတိပေးခံခဲ့ ရတဲ့ နောက် ဂျာနယ်တစ်စောင်ကတော့ ကြာသာပတေးနေ့ ထုတ်ေ၀ တဲ့ THE MYANMAR POST GLOBAL ဂျာနယ်တို့ပဲ ဖြစ်ပါတယ်။

ဒီ သတင်းဂျာနယ် ၃ စောင်ဟာ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက် စာပေစိစစ်ရေးက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာခြင်း မရှိတာရယ်၊ စာပေစိစစ်က ခွင့်ပြုချက်မပေးတဲ့ ၈ လေးလုံး အရေးတော်ပုံ ၂၄ နှစ်ပြည့် ကျင်းပတဲ့သတင်းနဲ့ ပြည်ထောင်စု ဝန်ကြီးတွေ ရာထူးအပြောင်းအလဲ ရှိနိုင်တယ်ဆိုတဲ့ သတင်းတွေ ကို ပုံနှိပ်ထုတ်ဝေတာကြောင့် ခေါ်ယူ သတိပေးခံရတာတွေနဲ့ ထုတ်ဝေခွင့် အကန့်အသတ်မရှိ ပိတ်သိမ်း ခံရတာတွေ ကြုံတွေ့ခဲ့ရတာပါလို့ အဲဒီ သတင်းဂျာနယ်တွေက အယ်ဒီတာချုပ်တွေ က ပြောပါတယ်။

“ပြန်ကြားရေးဌာနနဲ့ မီဒီယာတွေကြားမှာ ယုံကြည်မှု လျော့ဆင်းလာတယ်ပေါ့နော်။ အဲဒီတော့ ဒါ မီဒီယာ သမားတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကြားမှာယုံကြည်မှု ကျဆင်းလာတယ် ဆိုလို့ရှိရင် အစိုးရအဖွဲ့ အပေါ်မှာ မီဒီယာသမားတွေ ယုံကြည်မှု ကျဆင်းလာတယ်လို့ အဓိပ္ပာယ်ကောက်လို့ ရသွားနိုင်တယ်။”

ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခံခဲ့ ရတဲ့ THE VOICE ဂျာနယ် ကိုကျော်မင်းဆွေက ပြောကြားသွားခဲ့တာပါ။
အစိုးရလက်ထက်မှာ သတင်းအချက်အလက်တွေ ပွင့်လင်း မြင်သာရှိဖို့နဲ့ စတုတ္ထမဏ္ဍိုင်တွေကို အုပ်ချုပ်ရေး ယန္တရားပိုင်းကရော လွှတ်တော်ပိုင်းကပါ နေရာပေးလာပေမဲ့လည်း ပြည်တွင်းက ဂျာနယ်တွေ ထုတ်ဝေခွင့် ရပ်နားခံရတာဟာ အစိုးရအသစ် လက်ထက်မှာ ဒါနဲ့ဆို ၃ ကြိမ် ရှိပါပြီ။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အရေးကိစ္စတွေ ပါရှိတဲ့ သတင်းတွေကို အာဏာပိုင်တွေကို ကြိုတင် တင်ပြခြင်းမရှိဘဲ ပုံနှိပ်ခဲ့တာကြောင့် အပတ်စဉ်ထုတ် သတင်းဂျာနယ် တစ်စောင်ဖြစ်တဲ့ လျှပ်တစ်ပြက်ဂျာနယ်ကိုလည်း ထုတ်ဝေခွင့် ရပ်နားခဲ့တာကို အခုထိ ပြန်လည် ထုတ်ဝေခွင့် မပေးသေးပါဘူး။

အသွင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီကို အာဏာရှင် အစိုးရလက်ထက်ကနေ အရပ်သား အသွင်ပြောင်းလာတဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အရေးယူမှုတွေ စိပ်လာတာနဲ့ ပတ်သက်ပြီး ဝါရင့် သတင်းစာဆရာ တစ်ဦး ဖြစ်တဲ့ ဆရာမောင်ဝံသ က ဗွီအိုအေကို အခုလို ပြောပါတယ်။

“အပတ်စဉ်ထုတ် ဂျာနယ်တွေနဲ့ ပတ်သက်ပြီးတော့ သတိပေးတာတွေ၊ အရေးယူတာတွေ နည်းနည်းလေး ပိုပြီးတော့ စိတ်လာတယ်လို့ တွေ့ရတယ်။ ကျနော်တို့အနေနဲ့ကတော့ မီဒီယာသမားအချင်းချင်း ဒီလိုဖြစ် တာကို ပထမဦးဆုံး ကျနော့်ထင်မြင်ချက် ပြောရမယ်ဆိုရင် ဒါ အင်မတန်မှ စိတ်မကောင်းစရာ ဖြစ်တယ်။ ဒီလို အဖြစ်မျိုးတွေကို ဘယ်လို ရှောင်နိုင်မလဲ၊ ဘယ်လို ညှိနှိုင်းပြီးတော့ ဖြေရှင်းနိုင်မလဲ အဲဒါကို စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။”

ဇူလိုင်လကုန်ရင် စာပေစိစစ်ရေးဟာ လုပ်ငန်းစဉ်တွေကို လုံးဝ ရုပ်သိမ်းသွားမယ်လို့ အဲဒီ ဌာနရဲ့ ဌာန အကြီးအကဲ ဒု ညွန်ချုပ် ဦးတင့်ဆွေနဲ့ ပြန်/ဆက် ညွှန်ချုပ် ဦးရဲထွဋ်တို့က မီဒီယာတွေရှေ့မှာ အတိအလင်း ပြောကြားထားပေမဲ့လည်း အခု ဒီ စာပေစိစစ်ဟာ ဆက်ရှိနေပြီး အရေးယူမှုတွေလည်း ပို ပြင်းထန်လာတယ် လို့ ပြည်တွင်း ဂျာနယ်တွေမှာ တာဝန်ယူလုပ်ကိုင်နေကြတဲ့ အယ်ဒီတာတွေ ကလည်း ပြောကြပါတယ်။

ပြည်တွင်းမှာ အလုပ်လုပ်ကိုင်နေရတဲ့ မီဒီယာသမားတွေကတော့ ဒါဟာ သဘောထား တင်းမာတဲ့ အာဏာပိုင်တွေနဲ့ မီဒီယာသမားတွေကြားက ပြဿနာ တစ်ရပ်ဖြစ်ပြီး ကိုယ့်အလှည့် ဘယ်တော့လဲ ဆိုတာ စောင့်ဆိုင်းနေရတယ်လို့ ပြည်တွင်းဂျာနယ်တစ်ခုက အယ်ဒီတာ တစ်ဦးက ပြောပါတယ်။

“ခေတ်က IT ခေတ်၊ ဒီလောက် မြန်ဆန်တဲ့ခေတ်ကြီးမှာ အခုထက်ထိ သတင်းတိုင်းကို တိုးကာ၊ ပို့ကာ-ထိကာဆိုတော့ စဉ်းစားကြည့်လေ။ ကျနော်ပြောနေတာက စာပေစိစစ်ရေးကို ပြောနေတာမဟုတ်ဘူး။ ဒါက စာပေစိစစ်ရေးနဲ့ မီဒီယာ ပြဿနာမဟုတ်ဘူး။ ဒါက သဘောထားတင်းမာသူတွေနဲ့ မီဒီယာတွေကြားထဲက ပြဿနာ၊”

ဒီကနေ့ ဂျာနယ်နှစ်စောင်ကို ထုတ်ဝေခွင့် ရပ်နားခဲ့အပြီးမှာတော့ နေ့လည်တစ်နာရီ မှာ စာပေစိစစ်ရေး အဆောက်အအုံမှာ သက်ဆိုင်ရာ ဂျာနယ်တွေက တာဝန်ခံတွေကို ခေါ်ပြီး ထုတ်ဝေခွင့် ရပ်နားခံရတဲ့ ဂျာနယ်တွေကို ကြည့်ပြီး မိမိဂျာနယ်တွေကိုလည်း ဂရုစိုက်ကြပြီး စာပေစိစစ်ရေးက ချမှတ်ထားတဲ့မူအတိုင်း လိုက်နာကြဖို့ ဒု ညွန်ချုပ် ဦးတင့်ဆွေနဲ့ ညွှန်မှူး ဦးမျိုုးမြင့်မောင်တို့က သတိပေးခဲ့ပါသေးတယ်။ ဒီကနေ့ ညနေ ပိုင်းမှာတော့ ပြည်တွင်းဂျာနယ်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဂျာနယ်လစ်စ်တွေ စုဖွဲ့ထား တဲ့ မြန်မာ ဂျာနယ်လစ် ကွန်ရက်ကလည်း အစည်းအဝးတစ်ခုလုပ်ပြီး ထုတ်ဝေခွင့် ရပ်နားခံခဲ့ရတဲ့ ဂျာနယ်တွေ ထုတ်ေ၀ ခွင့် ပြန်ပေးဖို့ သက်ဆိုင်ရာဝန်ကြီး ဌာနနဲ့ စာပေစိစစ်ကို တောင်းဆို သွားမယ်လို့ မြန်မာဂျာနယ်လစ် ကွန်ရက် က တာဝန်ခံ ကိုဇော်ထိုက်က ပြောခဲ့ပါတယ် ခင်ဗျား။
XS
SM
MD
LG