သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိတ္တီလာအရေး နိုင်ငံတကာစိုးရိမ်


မိထ္ထီလာမြို့ မြင်ကွင်း (မတ်လ ၂၁၊ ၂၀၁၃)
မိထ္ထီလာမြို့ မြင်ကွင်း (မတ်လ ၂၁၊ ၂၀၁၃)
မြန်မာနိုင်ငံတွင်း မိတ္တီလာမြို့မှာ ဖြစ်တဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတကာမှာ လည်း မြန်မာနိုင်ငံ အခြေအနေ အပေါ် စိုးရိမ်မှုတွေ တိုးလာပါတယ်။ နောက်ကွယ်က လှုံဆော် မှုတွေ ရှိခဲ့တယ် လို့လည်း ယူဆမှုတွေရှိပါတယ်။ နားလည်မှုလွဲနေတဲ့ လူမှုအသိုင်း အဝိုင်းကြား ပြန်လည် သင့်မြတ်လာအောင် အစိုးရနဲ့ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေ ကြိုးပမ်းနေတာတွေကိုလည်း အသိအမှတ်ပြု ကြိုဆိုကြပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မိတ္တီလာမြို့မှာ ဗုဒ္ဓဟူးနေ့က လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေကြောင့် အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရပေမယ့်၊ အခြေအနေတွေက လုံးဝငြိမ်သက်သွားသေးတာတော့မဟုတ်ပါဘူး။ မနေ့ကအထိ မီးရှို့မှုတွေ လူထိခိုက်သေဆုံးမှုတွေ ရှိနေခဲ့ပါတယ်။ လုံခြုံရေးတာဝန်ရှိသူတွေက လုံခြုံရေးဆောင်ရွက်ပေးနေသလို၊ ၈၈ မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင် မိတ္တီလာ NLD အမတ် ဦးဝင်းထိန် စတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဘာသာရေးခေါင်းဆောင်တွေကလည်း သွေးဆူနေတဲ့ လူအုပ်တွေကို ဖြောင့်ဖျနေရပါတယ်။ ဒီ အခြေအနေကနေ ပိုဆိုးလာမှာကို နိုင်ငံတကာမှာလည်း စိုးရိမ်မှုတွေ တိုးလာပါတယ်။ ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ ကတော့ လူမှုအသိုင်းအဝိုင်းအကြား ပြန်လည်သင့်မြတ်ရေးအတွက် အခုလို ကြိုးပမ်းဆောင်ရွက်သူတွေကို ကြိုဆိုအားပေးတဲ့အကြောင်း ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“မန္တလေးတိုင်း မိတ္တီလာမြို့နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် အသက်ဆုံးရှုံးမှုတွေ၊ အိုးအိမ်စည်းစိမ်းပျက်စီးဆုံးရှုံးမှုတွေဖြစ်တယ်ဆိုတဲ့ သတင်းတွေကြောင့် အလွန်တရာ စိုးရိမ်မကင်းဖြစ်ရပါတယ်။ အကြမ်းဖက်မှုကြောင့် နစ်နာဆုံးရှုံးသူ အသက်ဆုံးရှုံးသူတွေ သူတို့မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း ပြောလို ပါတယ်။ ပြန်လည် တည်ငြိမ်မှုရအောင်၊ အပြန်အလှန်လေးစားသမှုနဲ့ စိတ်ရှည်သည်းခံမှုတွေ ရှိအောင်၊ ဆွေးနွေး ညှိုနှိုင်းမှုဖြစ်အောင် ကြိုးပမ်းအားထုတ်နေကြတဲ့ လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ အစိုးရခေါင်းဆောင်တွေကိုလည်း အားပေးကြိုဆိုပါတယ်။ အခြေအနေတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အနီးကပ် စောင့်ကြည့်နေပါတယ်။”

ရန်ကုန် အမေရိကန်သံရုံးက သံအမတ်ကြီး Derek Mitchell မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်တို့ကလည်း ဒီအဖြစ်အပျက်အပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း ကြေညာချက် ထုတ်ခဲ့ကြပြီး၊ ဒီပြဿနာကို ဦးစားပေး အလေးထားဖြေရှင်းဖို့ အာဏာပိုင်တွေကို တိုက်တွန်းတောင်းဆိုပါတယ်။ ဖြစ်စအချိန်တွေမှာ လုံခြုံရေးပိုင်းက ကိုင်တွယ်မှု အားနည်းခဲ့တာတွေကြောင့်ဆိုပြီး၊ အာဏာပိုင်တွေကို အပြစ်တင်မှုတွေရှိသလို၊ နောက်ကွယ်မှာ လှုံဆော်မှုတွေရှိနေတယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပါတယ်။ အထူးသဖြင့်တော့ ဒီ မတိုင်ခင်ကတည်းက ဘာသာရေးလှုံဆော်စာတွေ ထွက်လာတာကို ထောက်ပြကြပါတယ်။ ဒီအခြေအနေတွေကြောင့် မြန်မာနိုင်ငံတွင်း ဘာသာရေး တင်းမာမှုတွေ ရှိလာနေတယ်လို့ Burma Campaign UK အဖွဲ့က Mark Farmaner က ဗွီအိုအေကို ပြောပါတယ်။

“ဒီအကြမ်းဖက်မှုတွေဖြစ်လာအောင် တမင်သက်သက်နောက်ကွယ်ကနေ လှုံဆော်နေတယ် ဆိုတဲ့အချက်ကို ကျနော်တို့ အတော်လေး စိုးရိမ်သလို၊ ဗြိတိသျှအစိုးရကိုယ်တိုင်ကလည်း ဒီအချက်ကို ထောက်ပြပြောထားပါတယ်။ မြန်မာနိုင်ငံထဲမှာ ဘာသာရေးတင်းမာမှုတွေက ကြီးထွားလာပါတယ်။ စာရွက် စာတမ်းတွေ အထူးသဖြင့် မွတ်ဆလင် ဆန့်ကျင်ရေးစာတွေ ပြန့်နေပါတယ်။”

ဗြိတိသျှနိုင်ငံခြားရေးရုံး ဝန်ကြီး Alistair Burt ကလည်း အကြမ်းဖက်မှုတွေကို ရပ်တန့်သွားစေဖို့ ဆိုင်ရာ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းတောင်းဆိုနေပါတယ်။ အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ အဖြစ်အပျက်နောက်ကွယ်မှာရှိတဲ့ ရန်လိုမုန်တီးမှုတွေ အတွက် ပြေလျှော့အောင်ဆောင်ရွက်ပေးဖို့ အစိုးရအာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ တချိန်တည်းမှာပဲ ဗြိတိသျှသံအမတ်ကြီးကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရပိုင်းက တာဝန်ရှိသူတွေ ဘာသာရေးခေါင်းဆောင်တွေကို ဆွေးနွေး တိုက်တွန်းနေတယ်လို့ သိရပါတယ်။ Mark Farmaner ကလည်း နိုင်ငံတကာလက်ခံနိုင်မယ့် တည်ငြိမ်မှုဖြစ် လာရေး နိုင်ငံရေးခေါင်းဆောင်တွေဆောင်ရွက် သွားဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

“လူမှုအသိုင်းအဝိုင်းအချင်းချင်း အပြန်အလှန် နားလည်မှုလွဲမှားနေတာတွေ၊ တင်းမာနေတာတွေ၊ ရန်လိုနေတာတွေ လျှော့ကျသွားပြီး အချင်းချင်း ပြန်လည် နီးစပ် လာစေဖို့ နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ထောက်ခံမှုနဲ့အတူ လုပ်ကိုင်ဆောင်ရွက် သွားဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာက ယုံကြည်သက်ဝင်မှု ဘာသာစုံရှိပါတယ်။ တဦးနဲ့တဦး အပြန်အလှန်လေးစားမှုရှိပြီး ငြိမ်းချမ်းစွာ အတူနေထိုင်သွားနိုင်ကြဖို့ အရေးကြီးပါတယ်။”


Amnesty International နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးကလည်း ဒီဖြစ်ရပ်အပေါ်မှာ စိုးရိမ်ပူပင်ကြောင်းနဲ့၊ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အမြန်ဆုံးဆောင်ရွက်ဖို့ အာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ အခုလက်ရှိအခြေအနေကို ရပ်တန့်မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ အကြမ်းဖက်မှုတွေဟာ ကူးစက်ပျံပွားလာမယ့် အန္တရယ်ရှိနေတယ်လို့လည်း သတိပေးထားပါတယ်။
XS
SM
MD
LG