သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားလွှတ်တော် ရပ်နားမှုအပေါ် တုံ့ပြန်


အမျိုးသားလွှတ်တော်တရပ်တည်း ရပ်ဆိုင်းလိုက်တဲ့အတွက် လက်ရှိ လွှတ်တော်လုပ်ငန်းတွေမှာ ထိခိုက်နိုင်တယ်လို့ ကျားဖြူ (ခေါ်) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။ ဒါ့အပြင် သူရဦးရွှေမန်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌရာထူးကနေ ရုတ်တရက် ဖယ်ရှားလိုက်ပြီးတဲ့နောက် ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ ပြည်ထောင်စု လွှတ်တော်နာယကအဖြစ် သူတာဝန်ယူထားချိန်ကာလမှာ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုတွေကို ထိန်းချုပ်နိုင်ရေး လွှတ်တော်အစည်းအဝေးတွေကို ရပ်ဆိုင်းနိုင်ဖို့ အာဏရပါတီကနေ ကြိုးစားနေတယ်လို့ ဦးရဲထွန်း က သုံးသပ်ပါတယ်။

လက်ရှိလွှတ်တော်တွင်း အခြေအနေတွေ တင်းမာနေတယ်လို့လည်း အများက သုံးသပ်နေတာတွေနဲ့ပတ်သက်ပြီး မအင်ကြင်းနိုင်က မေးမြန်းရာမှာ ဦးရဲထွန်းက အခုလို စပြောပါတယ်။

“အခုကျနော် ခန့်မှန်းကြည့်ရတာတော့ အမျိုးသားလွှတ်တော်ကတော့ သူ့ဆုံးဖြတ်ချက်နဲ့သူ ရပ်လိုက်ပြီ။ ပြည်သူ့လွှတ်တော်မှာကျတော့ အဲဒါကို ဥက္ကဋ္ဌက မဲမခွဲဘူး၊ မဲမခွဲဘဲနဲ့ မှတ်တမ်းတင်ထားရန်လို့ပဲ ပြောပြီးတော့၊ လွှတ်တော်ကို ဆက်ကျင်းပမယ်၊ တကယ်လို့ ရေဘေးကူညီရေးကိစ္စ အဲဒီဒေသက လွှတ်တော်အမတ်တွေ သွားချင်တယ် ဆိုရင်လည်း ခွင့်ယူပြီး သွားနိုင်တယ်ဆိုပြီးတော့ သူကအဲဒီလိုပြောတယ်။ သူပြောတဲ့အတိုင်း လွှတ်တော်ထဲမှာလည်း အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာရှိလားဆိုတော့ ရှိပါတယ်။ အခုကိုးကန့်ကိစ္စ အရေးပေါ်ကြေညာချက် သက်တမ်းတိုးတဲ့ ကိစ္စတို့၊ မျိုးစောင့်ဥပဒေကို အတည်ပြုပြဌာန်းဖို့ ကိစ္စရယ်၊ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှရုပ်သိမ်းခြင်းဆိုင်ရာကိစ္စ၊ အဲဒီကိစ္စကလည်း ပြီးပြတ်အောင်လုပ်ဖို့လိုတယ်။ ကော်မရှင်ကနေပြီးတော့ ကျနော်တို့ကို ဒါကိုပြဌာန်းပေးဖို့ လွှတ်တော်ကို တိုက်တွန်းတာက ၄ ကြိမ်မြောက် ရှိပြီဆိုတော့ အဲဒါကလည်း အရေးတကြီး ပြဌာန်းပေးဖို့လိုတဲ့ကိစ္စ ဖြစ်နေတယ်။ အထူးသဖြင့် ကျနော်တို့ ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်း ကိစ္စနဲ့ ပတ်သက်ပြီးတော့ တခုခု ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ လိုနေတယ်။ အဲဒီတော့ အခုဒီပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ဆွေးနွေးမယ်၊ ဆွေးနွေးပြီးလို့ရှိရင် မဲခွဲပြီးတော့ ဒီဥပဒေကို ဆက်လက်ပြီးတော့ ပြဌာန်းမလား၊ ဒါမှမဟုတ်ရင်လည်း ဒီဥပဒေကို လွှတ်တော်သက်တမ်းမှာ မပြဌာန်းပဲနဲ့ ဆိုင်းထားမလား ဆိုတာကို ကျနော်တို့ အဖြေသိရမယ်လို့ ထင်ပါတယ်။ အဲဒါတွေ လုပ်ပြီးရင်တော့ ကျနော်တို့ နားပါလိမ့်မယ်လို့ ယူဆပါတယ်။”

မေး - “အဲဒီတော့ အမျိုးသားလွှတ်တော်ဘက်က၊ သူတို့လွှတ်တော် တခုတည်း ရပ်ဆိုင်းလိုက်တဲ့ အတွက်ကြောင့် လွှတ်တော်လုပ်ငန်းတွေ၊ အခုပြဌာန်းချက်တွေမှာရော တစုံတရာ ထိခိုက်မှု ရှိနိုင်မလားရှင့်။”

ဖြေ - “ထိခိုက်နိုင်ပါတယ်ခင်ဗျ။ ကျနော်တို့လွှတ်တော်က အမြဲလိုလို လွှတ်တော် ၂ ရပ်က၊ အထူးသဖြင့် ဥပဒေပြုရေး ကိစ္စတွေအပေါ်မှာ အပြန်အလှန် အတည်ပြု ပြဌာန်းရတာဖြစ်တော့ လွှတ်တော်တရပ်တည်းနဲ့ လုပ်နိုင်တဲ့ကိစ္စဆိုတာကမေးခွန်းတွေ မေးမြန်းဖြေကြားခြင်းနဲ့ အဆိုတွေတင်ပြီးတော့ ဆွေးနွေးဆုံးဖြတ်ခြင်း၊ ဒီ ၂ ခုပဲ လွှတ်တော်တရပ်တည်း သီးသန့်လုပ်လို့ရတာ ဖြစ်ပါတယ်။ အခုအမျိုးသားလွှတ်တော် ဥက္ကဋ္ဌကလည်း နားလိုက်တယ် ဆိုပေမဲ့ ပြည်ထောင်စု လွှတ်တော်ကိုတော့ တက်ပေးကြပါလို့ သူ့ရဲ့လွှတ်တော် ကိုယ်စားလှယ်တွေကို တိုက်တွန်းတယ်လို့ သိရပါတယ်။ အဲဒီတော့ ပြည်ထောင်စု လွှတ်တော်မှာ တက်တယ်ဆိုတာမှာလည်း ခုနပြောတဲ့ ဥပဒေပြဌာန်းတဲ့ကိစ္စတွေ၊ လွှတ်တော်တရပ်နဲ့တရပ် အပြန်အလှန် သူပို့ပြီးတဲ့အခါကျတော့ မဲခွဲအတည်ပြု ဆုံးဖြတ်ရတဲ့ ကိစ္စတွေက ဆက်ပြီးတော့ လုပ်လို့မရနိုင်ပါဘူး။ လွှတ်တော် ၂ ရပ် သဘောကွဲလွဲတဲ့ ကိစ္စလောက်ကိုပဲ ကျနော်တို့ ဆုံးဖြတ်တာ၊ အတည်ပြုတာတွေကို လုပ်နိုင်လိမ့်မယ်။ နောက် အစိုးရက ပို့လာတဲ့ အဆိုပြုချက်တွေ၊ နောက်ပြီးတော့ လွှတ်တော်ရဲ့ သဘောထားယူတဲ့ ကိစ္စတွေ၊ အဲဒါတွေပဲ ကျနော်တို့ လုပ်နိုင်လိမ့်မယ်။ လွှတ်တော် ၂ ရပ် အပြန်အလှန် ဥပဒေတွေ ပို့ပြီးတော့ အတည်ပြုပြဌာန်း ဆွေးနွေးတဲ့ကိစ္စတွေတော့ ရပ်သွားလိမ့်မယ် ထင်ပါတယ်။”

မေး - “တဘက်မှာလည်း အာဏာရပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီထဲမှာ ခေါင်းဆောင်မှု အပြောင်းအလဲ ရုတ်တရက် ဖြစ်ခဲ့တယ်၊ အဲဒီအပေါ်မှာလည်း အင်အားသုံးခဲ့တယ်ဆိုတဲ့ အနေအထားလည်း ရှိတဲ့အခါကျတော့ သူတို့ ပါတီထဲဖြစ်တဲ့ ပြဿနာတွေ၊ အခြေအနေတွေက လွှတ်တော်ကိစ္စ၊ အခုဆိုရင် အမျိုးသားလွှတ်တော်က မဲဆန္ဒအများစုနဲ့ ရပ်လိုက်တယ်။ ဒါကလည်း သူတို့အာဏာရပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် အများစု ဖြစ်နေတော့၊ အဲဒါတွေကလည်း တကယ်ပဲ လွှတ်တော်ကိစ္စရပ်တွေကို ရိုက်ခတ်မှု ရှိနေလား၊ အဲဒါရော ဘယ်လိုမြင်ပါသလဲရှင့်။”

ဖြေ - “ဒီဟာနဲ့ ပတ်သက်လို့ ကျနော်လေ့လာကြည့်ရသလောက်တော့ ဒီအဆိုကို အမျိုးသားလွှတ်တော်မှာရော ပြည်သူ့လွှတ်တော်မှာရော တင်တာကတော့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ သဘောထား ဖြစ်ပုံရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တဦးချင်းစီရဲ့ သီးခြားပုံစံ မဟုတ်ပဲနဲ့ ဒါက ပါတီကရပ်နားစေချင်လို့ လုပ်ခိုင်းတယ်ဆိုတဲ့သဘော ကျနော် လေ့လာလို့ ရပါတယ်။ အဲဒီတော့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ ပတ်သက်ပြီးတော့ သူ့ပါတီတွင်းမှာ ဥက္ကဋ္ဌတာဝန်ကနေပြီးတော့ လွဲှပြောင်းပြီး တာဝန်ယူလိုက်တဲ့၊ ဦးဌေးဦးက တာဝန်ယူလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့ လွှတ်တော်ထဲကို ယူဆောင်မလာဖို့၊ ဒီကိစ္စက လွှတ်တော်နဲ့ မဆိုင်ဘူးဆိုပြီးတော့ အဲဒီသဘော ဦးရွှေမန်းပြောထားသလို၊ တဘက်က ပါတီကလည်း ဒီလောက်နဲ့ပဲ ရပ်တန်းကရပ်မယ်ဆိုတဲ့ သဘောပေါ့နော်၊ အဲဒါမျိုး ကျနော်တို့ ကြားရပါတယ်။ မှန်းကြည့်ရတာကတော့ ဥက္ကဋ္ဌတာဝန် ရပ်နားလိုက်တဲ့ ကိစ္စဟာ လွှတ်တော်ရပ်နားလိုက်ပြီးတော့ ရေဘေးကူညီရေး ကိစ္စတွေလုပ်မယ်၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလနဲ့ ဆက်သွားမယ်၊ အဲဒီလို ဆိုလို့ရှိရင်တော့ ပိုပြီးတော့ အေးအေးချမ်းချမ်းနဲ့ ကျော်လွှားသွားနိုင်မယ်ဆိုတဲ့သဘော ဆိုလိုချင်တာက ပြဿနာကို ထပ်ပြီးတော့ ကြီးထွားရှုပ်ထွေး မလာစေချင်ဘူးပေါ့နော်။ အဲဒီသဘောလို့လည်း ကျနော်တို့ နားလည်ယူလို့ရပါတယ်။”

XS
SM
MD
LG