သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးမြို့အခြေအနေ ပြန်လည် တည်ငြိမ်


အကြမ်းဖက်မှုများဖြစ်ပွားနေတဲ့ လားရှိုးမြို့ တွင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားစဉ်။
အကြမ်းဖက်မှုများဖြစ်ပွားနေတဲ့ လားရှိုးမြို့ တွင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားစဉ်။
အာဏာပိုင်တွေက လုံခြုံရေးတပ်ဖွဲ့တွေကို တင်းတင်းကျပ်ကျပ် ချထားဆောင်ရွက် လိုက်တဲ့နောက် မှာ လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဒီကနေ့မှာတော့ အတော်လေး အေးဆေး သွားပြီဖြစ်ပါတယ်။ ဒီကနေ့အထိကတော့ လားရှိုးမြို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူတယောက် သေဆုံးပြီး ၅ယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ လားရှိုးမြို့ရဲ့ နောက်ဆုံး အခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ရာဇဝတ်မှုတခုကနေ စတင်လာခဲ့တဲ့ ၂ရက်ကြာ လူစုလူဝေးနဲ့ အကြမ်းဖက် တိုက်ခိုက်တာတွေဟာ ပျက်ဆီး ဆုံးရှုံးတာတွေ နဲ့ သေဆုံးထိခိုက်တာတွေဖြစ်ခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ အတော်လေး ငြိမ်သက်သွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ လတ်တလော လားရှိုးမြို့ရဲ့ အခြေအနေ ကိုတော့ ပြည်နယ် ပြန်ကြားရေး နဲ့ ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှုး ဦးဝေလင်းက အခုလို ပြောပါတယ်။

"လားရှိုးမြို့ရဲ့ အခြေအနေကတော့ အေးအေးချမ်းချမ်းပါပဲခင်ဗျ။ လုံခြုံရေး အင်အားတွေကတော့ ကျနော်တို့ ဖြည့်ထားပါပြီ။ လုံခြုံရေး အခြေအနေက ကျနော်တို့ အားလုံး ငါးဖွဲ့ဖွဲ့ထားပြီးတော့ မြို့ရဲ့ အကွက်အကွင်း ကျတဲ့နေရာတွေမှာ ချထားပါတယ်ခင်ဗျ။ အဲ့ဒီ့အထဲမှာ တပ်မတော်သားတွေ ပါပါတယ်ခင်ဗျ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပါပါတယ်။ သက်ဆိုင်ရာ သာသနာရေး ဝန်ကြီးဌာန ဝန်ထမ်းတွေလည်း ပါပါတယ်။ ရပ်ကွက်တွေ အားလုံးမှာ လုံခြုံရေး အပြည့်ရှိပါတယ်ခင်ဗျ။ အကုန်လုံးရောက်သွားပါပြီ။"

လားရှိုးမြို့မှာ ဖြစ်ပွားတဲ့ ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေဟာ အင်္ဂါနေ့ ညနေပိုင်းက မူဆလင် ဘာသာဝင် အမျိုးသားတဦးက ဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦးနဲ့ အချင်းများရာက အမျိုးသမီးကို ဓါတ်ဆီလောင်းမီးရှို့ရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်တာတွေဟာ မနေ့ညနေပိုင်းမှာ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ ဒီလို ဘာသာရေး အဓိကရုဏ်းဆန်ဆန်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ သာသာနာရေး ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့ ကိုယ်တိုင် လားရှိုးမြို့ကို လာရောက်ပြီး ဘာသာရေးခေါင်းဆာင်တွေ နဲ့ ဆွေးနွေးခဲ့တယ် လို့ ဦးဝေလင်းက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းမြင့်မောင်ကလည်း လားရှိုးမြို့က ဒီကနေ့ အခြေအနေကို အခုလို ပြောပါတယ်။

" လားရှိုးအခြေအနေ ဒီနေ့ကောင်းပါတယ်ဗျ။ ဒီနေ့ ဘာသံမှ မကြားဘူးဗျ။ တော်တော်လေးကောင်းပါတယ်။ ဒီနေ့အေးအေးဆေးဆေးဖြစ်သွား တယ် ဆိုတာကတော့ ပထမအချက်ကတော့ လုံခြုံရေးတွေလည်း မြို့အနှံ့တော်တော်ချထားတယ်။ ဒါတချက်ပေါ့။ နောက်တချက်ကလည်း တကယ်တမ်း အဲ့ဒီ့အကြမ်းဖက်တာ လိုက်လုပ်နေတဲ့ ဟာတွေက တကယ်တမ်းကျတော့ မျက်နှာစိမ်းတွေ များတယ်ဗျ။ ဘယ်ကလာတယ်မှန်း မသိတာ များတယ်ဗျ။ ဒေသခံတွေက အဲ့ဒီ့အထဲမှာ ပါတာ အင်မတန် နည်းပါတယ်။ အဲ့ဒီ့အချက်ကြောင့်လည်း လျော့ သွားတာဖြစ်နိုင်ပါတယ်။ မနေ့က အဆိုးဆုံးတော့ ဖြစ်သွားပါတယ်။"

မနေ့ကတော့ နေ့ခင်း၂နာရီလောက်ကနေ ညနေ၅နာရီလောက်အထိ လူစုလူဝေးနဲ့ တိုက်ခိုက်မီးရှို့ဖျက်ဆီးတာတွေ ဆက်လက်ဖြစ်ခဲ့ပြီး ဒီအကြမ်းဖက်မှုမှာ လူတယောက်သေဆုံးပြီး လူအနည်းဆုံး လူ၅ယောက် ထပ်မံဒဏ်ရာရခဲ့ပါတယ်။

ဒီလ ၂၈ရက်နေ့နဲ့ ၂၉ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် လူနေအိမ် ၅လုံး၊ ဘာသာရေး အဆောက်အအုံ ၃လုံး၊ ရုပ်ရှင်ရုံ ၁လုံး၊ ဂိုဒေါင် ၄လုံး၊ ဆိုင်ခန်း ၃၂ခန်း၊ မော်တော်ယာဉ် ၂စင်း၊ ဆိုင်ကယ် ၁၁စင်း ပျက်ဆီးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

လောလောဆယ်မှာတော့ အကြမ်းဖက်မှုကျူးလွန်သူ ၂၀ကျော်လောက်ကို ဖမ်းဆီးထားပြီး ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ဆက်လက် ထုတ်ပြန်ထားပါတယ်။ လားရှိုးမြို့မှာ ဒီလို အကြမ်းဖက်မှုတွေဖြစ်နေပေမဲ့ လားရှိုးကနေ မူဆယ်၊ မန္တလေး ကားလိုင်းတွေကတော့ ပုံမှန် ပြေးဆွဲနေဆဲဖြစ်ပါတယ်။ ဈေးဆိုင်တွေကတော့ ဒီကနေ့ ထိ ဆက်လက်ပိတ်ထားဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ် ဇွန်လက ရခိုင် ပြည်နယ်မှာ ဘာသာရေး အဓိကရုဏ်းဆန်ဆန် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့နောက် ဒီနှစ်အတွင်းမှာတော့ မန္တလေးတိုင်းဒေသကြီးက မိထ္ထီလာနဲ့ ပဲခူးရန်ကုန်တိုင်းဒေသကြီးက မြို့ကြီးတွေ ထပ်မံဖြစ်ခဲ့ပါတယ်။ ဒီပဋိပက္ခတွေဟာ ပြစ်မှုကျူးလွန်မှုပေါ်မှာ အခြေခံပြီးနောက် ဘာသာရေး လူမျိုးရေးဆန်ဆန် အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG