သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သားအစိုးရသစ်နဲ့ သင်္ကြန်သံချပ်


ဒေါင်းတို့မျိုးဆက် သင်္ကြန်သံချပ် အဖွဲ့ (ဓါတ်ပုံ- ဒေါင်းတို့မျိုးဆက်)
ဒေါင်းတို့မျိုးဆက် သင်္ကြန်သံချပ် အဖွဲ့ (ဓါတ်ပုံ- ဒေါင်းတို့မျိုးဆက်)

ဒီကနေ့ကျရောက်တဲ့ သင်္ကြန်အကြိုနေ့ကစလို့ မြန်မာနိုင်ငံတဝှမ်း သင်္ကြန်ရေသဘင်ပွဲတော်ကို စပြီးတော့ ဆင်ယင်နွှဲပျော်နေကြပြီ ဖြစ်သလို သင်္ကြန်သံချပ်အဖွဲ့တွေလည်း တိုင်းနဲ့ပြည်နယ် မြို့နယ်တွေမှာ လိုက်လံပြီး စတင်ဖျော်ဖြေနေကြပါပြီ။

ဒီနှစ်ထူးခြားချက်ကတော့ နိုင်ငံတွင်း အုပ်ချုပ်ရေး အာဏာ အလွှဲအပြောင်းကာလ အစိုးရသစ်လက်ထက် သင်္ကြန်အချိန်ကာလမှာ ဖျော်ဖြေတဲ့ သင်္ကြန်သံချပ်တွေဟာ အရင်အစိုးရတုန်းကလို ဝေဖန်တာမျိုး မဟုတ်တော့ပဲ တမူပြောင်းခဲ့သလို အရပ်သားအစိုးရသစ်ကို ကြိုဆိုတဲ့ လူထုအားနဲ့ အစိုးသစ်ကို ပူးပေါင်း ပံ့ပိုးပေးကြဖို့ ဆိုတာတွေကို အဓိကထား သံချပ်ထိုးခဲ့ကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ဒီကနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ တန်ခူးလဆန်း ၅ရက် အင်္ဂါနေ့ မဟာအတာသင်္ကြန်အကြိုနေ့ဖြစ်ပါတယ်။ အတာသင်္ကြန်ကာလ နှစ်သစ်ကူး အခါသမယမှာ နိုင်ငံတဝှမ်း မြန်မာ့ရိုးရာရေသဘင်ပွဲတော်ကို ဆင်ယင်နွှဲပျော်ကြသလို မြန်မာ့ရိုးရာယဉ်ကျေးမှုအဖြစ် သင်္ကြန်ရဲ့ပုံရိပ် ခေတ်ကို ထင်ဟပ်ပြသတဲ့ သင်္ကြန်သံချပ်တွေကိုလည်း ရိုးရာအစဉ်အလာမပျက် ဖျော်ဖြေကြပါတယ်။ ဒီနှစ်ကျရောက်တဲ့ ၂၀၁၆ခုနှစ် အတာသင်္ကြန်ကတော့ အစိုးရအကူးအပြောင်းကာလမှာ အစိုးရသစ်လက်ထက် ပထမဆုံးကျင်းပတဲ့ သင်္ကြန်ပွဲတော်ဖြစ်ပြီး အရင်အစိုးရတုန်းက ထိုးခဲ့တဲ့သံချပ်တွေလိုမဟုတ်ပဲ ထူးထူးခြားခြား သံချပ်တွေကို ပြောင်းပြီးတော့ ဖျော်ဖြေခဲ့ကြပါတယ်။ သံချပ်ထိုး ဖျော်ဖြေမှုတွေထဲ လက်ရှိမြန်မာ့နိုင်ငံရေး ကို ထင်ဟပ်စေတဲ့ ထူးခြားတဲ့ ဖန်တီးမှုတွေကိုလည်း တွေ့ရသလို ဒီအထဲ ဒေါင်းတို့မျိုးဆက် အပါအဝင် လူငယ်တွေ စုပေါင်းထားတဲ့ သံချပ်အဖွဲ့တွေကလည်း ခေတ်နဲ့စနစ်ကို ထင်ဟပ်စေတဲ့ သံချပ်တွေနဲ့ ကြွေးကြော်ဖျော်ဖြေခဲ့ကြပါတယ်။

“တောင်ပြိုကမ်းပြိုနိုင်ခဲ့ကြတဲ့.ပြည်သူ့အောင်ပွဲတို့အောင်ပွဲ၊ ပြည်သူ့အောင်ပွဲ တို့အောင်ပွဲ၊ ပြည်သူ့အောင်ပွဲ တို့အောင်ပွဲ။ ဖွဲ့စည်းပုံပြင်ဖို့ကိစ္စ ဆုတောင်းလေ ဆုတောင်းဆုတောင်း။ ကုန်ဈေးနှုန်းတွေကျလာဖို့လည်း ဆုတောင်းလေဆုတောင်းဆုတောင်း။"

အခုကြားခဲ့ရတာကတော့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ (တကသ) အဖွဲ့တွေ ဦးဆောင်ပြီး ဒီမိုကရေစီ အင်အားစုတွေရဲ့ မျိုးဆက်သစ်လူငယ် ကလေးငယ်လေးတွေပါ ပါဝင်ဖျော်ဖြေနေကြတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရဲ့ သံချပ်ထိုးသံတွေပဲဖြစ်ပါတယ်။ ဒီနေ့သင်္ကြန်အကြိုနေ့မှာတော့ ပဲခူးတိုင်းတွင်း လိုက်လံဖျော်ဖြေခဲ့ပြီး ဒီနှစ်အတွက် ထူးထူးခြားခြား စပ်ဆိုခဲ့တဲ့ သင်္ကြန်သံချပ်တွေကတော့ ပြည်သူ့အားနဲ့ အစိုးရသစ်ပေါ်ပေါက်လာတာ၊ ငြိမ်းချမ်းရေး၊ ပညာရေး၊ ဧရာဝတီအရေး ဖွဲ့စည်းပုံပြင်ရေး စတဲ့ သံချပ်တွေနဲ့ ပတ်သက်လို့လည်း ကိုရဲဇာနည်ထွန်းက အခုလိုပြောပြပါတယ်။

“ကျနော်တို့ ဒေါင်းတို့မျိုးဆက် ၄ နှစ်ရှိပြီပေါ့။ ဒီနှစ်ဆို ၄ နှစ်မြောက်လေ။တက္ကသိုလ်ပေါင်းစုံက ကျောင်းသားတွေက ထွက်ကြတယ်။ ဒီနှစ်ဆို ထူးထူးခြားခြားဆိုရင် သံချပ်အားလုံးကို ထောင်ထဲ ပုဒ်မအမျိုးမျိုးနဲ့ ထောင်ကျခံရတဲ့ အင်းစိန်ထောင်က ကျောင်းသားတွေ စုဖြစ်တာပေါ့နော်။ ဒီနှစ် ထူးထူးခြားခြားဘာပါသလဲဆိုတော့ လွှတ်တော်အတွင်း မှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတာမဟုတ်ပဲနဲ့ ပါဝင်ပတ်သက်နေတဲ့ ၂၅ ရာခိုင်နှုန်းကိစ္စကို ကျနော်တို့နည်းနည်းပိုပြီးဇောင်းပေးပြီး ပြောဖြစ်တယ်ဗျာ။ ဧရာဝတီလည်းပါတယ်ပေါ့။ အစိုးရအပြောင်းအလဲမှာ ကျနော်တို့ ဧရာဝတီရဲ့ပြဿနာပြန်ပြီးပေါ်လာတော့လေ အဲဒါကို ကျနော်တို့ highlight လေးလည်း လုပ်ထားတယ်။”

ဒေါင်းတို့မျိုးဆက်အဖွဲ့အနေနဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း က မြို့နယ်အတော်များများမှာ ဒီနှစ်သင်္ကြန်တွင်း သံချပ်တွေ လိုက်လံဖျော်ဖြေဖို့ ရှိတဲ့အစီအစဉ်တွေရှိပါတယ်။

ပင်နီအင်္ကျီနဲ့ ယောလုံချည်ဆင်တူဝတ်ဆင်ပြီး မြို့နယ်တွေကို လိုက်လံဖျော်ဖြေနေတဲ့ ဒေါင်းတို့မျိုးဆက်ရဲ့ သံချပ်တွေကို လူထုက အထူးအားပေးခဲ့ကြပါတယ်။ အဓိကထိုးခဲ့တဲ့ သံချပ်တွေထဲမှာတော့ မဲဆန္ဒပေးပြီးကြောင်း အသိအမှတ်ပြု မှင်ပြာစွန်းနေတဲ့ လက်သန်းလေးတွေနဲ့ ဖော်ဆောင်နိုင်ခဲ့တဲ့ ပြည်သူ့အစိုးရသစ်ကို လူထုအားနဲ့ ဆက်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ဝိုင်းဝန်း အကောင်အထည်ဖော်သွားဖို့ အဓိက သံချပ်ထိုးခဲ့ကြတယ်လို့ ဒေါင်းတို့မျိုးဆက်နဲ့အတူ လိုက်လံဖျော်ဖြေနေတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကပြောပါတယ်။

“၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေနဲ့ ပြည်သူ့ရဲ့အင်အားနဲ့ မဲနိုင်ခဲ့တယ်။ အပြောင်းအလဲလုပ်နိုင်ခဲ့တယ် ဆိုတာကို အဲဒါကို အဓိကထားတွေ့ရတယ်။ နောက်တခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အရပ်သားလွှတ်တော်ကိုယ်စားလှယ်တွေကြီးပဲပါဝင်တဲ့ ဒီလွှတ်တော်မျိုးကို လိုချင်တယ်ဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပေါ့နော် ၊ ရွေးချယ်ခံမဟုတ်တဲ့ ကိုယ်စားလှယ်တွေလွှတ်တော်ထဲရှိနေတာ ဒီမိုကရေစီနဲ့ မညီဘူး ( undemocratic) ဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့ အဲဒါကို သူတို့ အဓိကထားတာကို တွေ့ရတယ်။ နောက်တခုတော့ ငြိမ်းချမ်းရေးပေါ့ ။ ပြည်တွင်းစစ်ရပ်စဲရေးကိစ္စနဲ့ ငြိမ်းချမ်းရေးကိစ္စပေါ့ အဲဒီအချက် ၃ ချက်ကို ကျနော် သတိထားမိပါတယ်။”

ဧရာဝတီတိုင်း မြောင်းမြမြို့ပေါ်မှာလည်း ဗဟိုမဏ္ဍပ်အပါအဝင် မြို့ထဲက မဏ္ဍပ်တွေမှာ သံချပ်အဖွဲ့တွေကို ဖိတ်ခေါ်ခဲ့သလို လူငယ်တွေရဲ့ သင်္ကြန်သံချပ်တွေနဲ့ ဖြေဖျော်ခဲ့ပြီး ဒေသခံပြည်သူလူထုက အားပေးခဲ့ကြတယ်လို့ မြောင်းမြလူငယ်ကွန်ရက်က ကိုထွန်းလင်းက ပြောပြပါတယ်။

“ဒီနေ့လုပ်ဖြစ်တဲ့ဟာလေးကတော့ ဒီမြို့ထဲမှာ လှည့်လည်ဖျော်ဖြေတာပေါ့ခင်ဗျ။ ဒီညနေတော့ ဗဟိုမဏ္ဍပ်နဲ့ ဆွမ်းဆန်စိမ်း မဏ္ဍပ်မှာ သွားဖျော်ဖြေမယ်ခင်ဗျ။ ပြီးရင်တော့ သူတို့ ပုသိမ်ပြန်ကြမယ်ခင်ဗျ။ မြောင်းမြမြို့ထဲမှာ မဏ္ဍပ်ငယ်လေးတွေ ပတ်နေကြတယ်။ ကမ်းနားဘက်မှာတော့ မဟာ ပညာရေးမိသားစုပေါ့နော် ပုဂ္ဂလိကကျောင်းက မဏ္ဍပ်တခုရှိတယ်။ နောက် ဗဟိုမဏ္ဍပ်ကြီးရှိတယ်ပေါ့ခင်ဗျ။ ကျန်တာကတော့ ဒီမိသားစု မဏ္ဍပ်လေးတွေပါပဲခင်ဗျ။”

သင်္ကြန်တွင်း မင်းသားကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအသင်းရန်ကုန်ဘက်ကလည်း သင်္ကြန်မဏ္ဍပ်နဲ့ ရေကစားသလို ရိုးရာယဉ်ကျေးမှုတွေနဲ့ ကပြဖျော်ဖြေပြီး ပေးဆပ်သူများ ဆိုတဲ့ သင်္ကြန်သံချပ်အဖွဲ့ကလည်း သံချပ်ထိုးဖျော်ဖြေနေပါတယ်။ တချိန်တည်းမှာပဲ နာရေးကူညီမှုအသင်းအနေနဲ့ သင်္ကြန်ကာလအတွင်း ထိခိုက်ဒဏ်ရာရသူတွေနဲ့ မတော်တဆ သေဆုံးမှုတွေကို လိုက်လံကူညီ ဆောင်ရွက်ပေးနိုင်ဖို့ကိုလည်း အသင့်ပြင်ထားပါတယ်လို့ ရန်ကုန်နာရေးကူညီမှုအသင်းရန်ကုန် ရဲ့ ဥက္ကဋ္ဌ မင်းသားကျော်သူကပြောပါတယ်။

“သင်္ကြန်မဏ္ဍပ် လုပ်ထားတယ်။ ကလေးတွေ က တာပေါ့လေ။ ရိုးရာအကတွေ ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ အကတွေ နောက် သီချင်းတွေဆိုကြတယ်။ နောက် ပေးဆပ်သူများ သံချပ်အဖွဲ့လည်း ကျနော်တို့ထွက်ပါတယ်။ နာရေးဖြစ်ပွားလာတယ်ဆိုရင်လည်း ကျနော်တို့ကတော့ ambulance ကားတွေနဲ့ ကူညီမှုတွေ လုပ်နေပါတယ်။ လမ်းကြောင်းရှင်းတဲ့အတွက် လူနာသယ်ဆောင်ရတာတော့ တော်တော်အဆင်ပြေပါတယ်။ ကျနော်တို့ ဒီ နာရေးယာဉ်တို့၊ ambulance ကားတွေလာတယ်ဆိုရင် လူတွေ ကလည်း စည်းကမ်းတကျဘေးဖယ်ပေးပါတယ်။ ဝိုင်းပြီးတော့တောင် ကားလမ်းကြောင်းတွေ ရှင်းပေးပါတယ်။”

ဒီနှစ်မှာတော့ ရန်ကုန်မြို့ထဲ လူစည်းကားပြီး ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နိုင်တဲ့ အဓိကကားလမ်းမကြီးတချို့မှာ မဏ္ဍပ်တွေကို အကွာအဝေး စနစ်တကျသတ်မှတ်ပေးထားသလို စီးပွားဖြစ်မဏ္ဍပ် ဆောက်လုပ်ခွင့်တွေကိုလည်း ပိတ်ပင်ခဲ့တဲ့အတွက် ယာဉ်အသွားအလာ ရှင်းပြီး အမြန်မောင်းနှင်လိုတဲ့ အရေးပေါ်ယာဉ်တွေနဲ့ အများပြည်သူသုံး ခရီးသွားကားတွေ သွားလာရေး အဆင်ပြေချောမွေ့မှုရှိတယ်လို့သိရပါတယ်။

XS
SM
MD
LG