သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်တွင်း ခိုက်ရန်ဖြစ်ပွားမှု နည်းပါး


၂၀၂၄ အတာသင်္ကြန်ပွဲကို ပျော်ရွှင်စွာ ဆင်နွဲှကြစဉ်။ (ဧပြီ ၁၄၊ ၂၀၁၄)
၂၀၂၄ အတာသင်္ကြန်ပွဲကို ပျော်ရွှင်စွာ ဆင်နွဲှကြစဉ်။ (ဧပြီ ၁၄၊ ၂၀၁၄)
မြန်မာ့ရိုးရာ အတာသင်္ကြန် ရေသဘင်ပွဲတော်ကာလအတွင်း ဒီကနေ့ သင်္ကြန်အကျနေ့အထိတော့ ခိုက်ရန်ဖြစ်ပွားတာ၊ မတော်တဆ ထိခိုက်မှုဖြစ်ပွားတာတွေက အရင်နှစ်တွေကထက်ယှဉ်ရင် အတော်လေးလျော့ပါးတယ်လို့ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံတွေက ပြောပါတယ်။ မြန်မာပြည်သူတွေနဲ့ ရိုးရာသင်္ကြန်ပွဲတော် ဆင်နွှဲလာကြသူတွေ လုံခြုံရေးအတွက် လုံခြုံရေးနဲ့ စည်းကမ်း ထိန်းသိမ်းကွပ်ကဲရေး အဖွဲ့တွေဖွဲ့ပေးထားပြီး မြို့နယ်အနှံ့ လုံခြုံရေးတပ်ဖွဲ့တွေ နေရာချထား ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဒီနှစ်သင်္ကြန်ပွဲတော်တွင်း မြန်မာ့ရိုးရာသံချပ် ဖျော်ဖြေရေးအဖွဲ့တွေရဲ့ ထူးထူးခြားခြား ဖျော်ဖြေမှုတွေကို ပရိတ်သတ်က စိတ်ဝင်စားသလို ရေကစားသူအချင်းချင်း ခိုက်ရန်မဖြစ်ပွားရေး ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေလည်း ရှိနေပါတယ်။ မဟာသင်္ကြန်ပွဲတော် နောက်ဆုံးရ သတင်းတွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ဒီကနေ့ကတော့ ကောဇာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၁၅ ရက်၊ မဟာသင်္ကြန်အကျနေ့ဖြစ်ပါတယ်။ တနိုင်ငံလုံးအနှံ့ မြန်မာ့ရိုးရာ အတာရေသဘင်ပွဲတော်ကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲနေကြချိန်မှာ ရေကစားသူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ရေသဘင်ပွဲတော် ကာလအတွက် အထူးလုံခြုံရေးနဲ့စည်းကမ်းထိန်းသိမ်းရေးကွပ်ကဲရေးအဖွဲ့တွေ ဖွဲ့စည်းပြီး လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ပေးနေကြသလို ရေကစားသူပြည်သူတွေဘက်ကလည်း လုံခြုံရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ နှိုးဆော် သတိပေးထားတယ်လို့ လုံခြုံရေးတာဝန်ခံတွေက ဆိုပါတယ်။ သင်္ကြန်ပွဲတော်တွင်း ဆောင်ရွက်ထားတဲ့ လုံခြုံရေးအစီအစဉ်တွေကို ဆပ်ကော်မတီ ကွပ်ကဲမှု တာဝန်ခံတစ်ဦးဖြစ်တဲ့ တာမွေမြို့နယ်မြို့မရဲစခန်းမှူးဦးဝင်းအောင်နီက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“မဏ္ဍပ်တွေနဲ့ပတ်သက်လို့ရှိရင်လည်း မနက်တစ်ခါ၊ ညနေတစ်ခါ မဏ္ဍပ်မစခင် မနက် ၆ နာရီ၊ ညနေ ၆ နာရီပြီးတဲ့အခါမှာ မိုင်းရှာတဲ့အဖွဲ့၊ မဏ္ဍပ်တိုင်းမှာ လုံခြုံရေးအဖွဲ့၊ လိုအပ်လို့ရှိရင် ဝိုင်းဝန်းပြီးတော့ ထိန်းသိမ်းမယ့်အဖွဲ့၊ အဖွဲ့ပေါင်းစုံပေါ့- တိုင်းနဲ့ ခရိုင်ထိုင် မြို့နယ်တွေအကုန်လုံးမှာ သူ့အဖွဲ့နဲ့သူတွေကို လုံခြုံရေးအဖွဲ့ သီးခြားဖွဲ့ထားတဲ့အဖွဲ့တွေကလည်း သူ့နေရာနဲ့သူ စောင့်ပါတယ်။ ပြီးတော့ မြို့နယ်တိုင်းမှာ ပုံမှန်ထက်ကို ပိုပြီး လှည့်ကင်းတွေ ဆောင်ရွက်ပေးတယ်လေ။”

မဏ္ဍပ်အတွင်း စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်လုပ်ဆောင်နေသလို မြို့နယ်အနှံ့ လုံခြုံရေးတွေ တိုးမြှင့်နေရာချထားတဲ့အတွက် သင်္ကြန်အကျနေ့အထိတော့ ရေသဘင်ပွဲတော်အတွင်း ခိုက်ရန်ဖြစ်ပွားမှု၊ မတော်တဆထိခိုက်မှုတွေ နည်းပါးနေတယ်လို့လည်း စခန်းမှူးကပြောပါတယ်။

“ကျနော်တို့ရန်ကုန်တိုင်းမှာတော့ တိုင်းတပ်ဖွဲ့မှူးအစီအစဉ်နဲ့ မြို့နယ်တွေတိုင်းမှာ နယ်ထိန်းတွေတောင်မှ ကိုယ့်ရပ်ကွက်ထဲမှာကိုယ် visiting card ပုံစံမျိုးပေါ့နော်၊ အားလုံးကို ဖုန်းနံပါတ်တွေ ဘာတွေနဲ့ တခါတည်း လိုအပ်တဲ့သတင်းပေးချင်ရင် အချိန်မရွေးပေးပါဆိုပြီး ဟောပြောပွဲတွေလုပ်ပြီး အကုန်လုံး မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းမှာ ကျနော်တို့က အနှံ့ဖြန့်ထားပါတယ်။ ကျနော်တို့ရဲ့ကဒ်ပြားတွေမှာရှိတဲ့ ဖုန်းနံပါတ်တွေဟာ အကုန်လုံး တော်တော်များများလက်ထဲမှာရောက်ပြီးတော့ အကူအညီတောင်းနိုင်တဲ့အတွက် အခုတော့ မြို့နယ်တိုင်းမှာလည်း မဏ္ဍပ်တိုင်းမှာဆိုလို့ရှိရင်လည်း လိုအပ်တဲ့ မှုခင်းကျဆင်းရေး၊ သရုပ်ပျက်ဝတ်စားဆင်ယင်မှုမရှိရေး ဗွီဒီယိုမှတ်တမ်းတွေရိုက်တယ်၊ ဓာတ်ပုံတွေရိုက်တယ်။ ကျနော်တို့ လုံခြုံရေးတာဝန်ထမ်းတဲ့ ဝန်ထမ်းတွေကအစ အရပ်ဝတ်နဲ့လှည့်ပတ်ပြီး ကြည့်တဲ့အခါမှာ တကယ်လည်းလုပ်နေပါလား၊ တကယ်လည်းရှိပါလားဆိုတဲ့အခါမှာ ထိန်းသိမ်းတာလည်းပါတယ်။ ပြည်သူတွေကိုယ်တိုင်က အသိတရားနဲ့ ပူးပေါင်းဆောင်ရွက်လို့လည်း ပါတာပေါ့။ ကျနော့်နယ်မြေမှာတော့ ဒီနေ့အထိကို ဘာတစ်မှုမှ မရှိသေးဘူး။”

မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်တွင်းမှာလည်း သင်္ကြန်တွင်း ရေကစားသူအချင်းချင်း အမုန်းပွား၊ ရန်မများစေဘဲနဲ့ ငြိမ်းချမ်းစေဖို့အရေး သင်္ကြန်ပန်းအထိမ်းအမှတ် ပိတောက်ပန်းခက်အဝါလေးတွေနဲ့ ပန်းစကား အထိမ်းအမှတ်သင်္ကေတတွေကို သင်္ကြန်မဏ္ဍပ်တွေနဲ့ လူစည်ကားရာ နေရာတွေမှာ လိုက်လံဝေဌတဲ့ ပန်းစကားငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို နှစ်ဆန်းတစ်ရက်နေ့အထိ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပန်းစကားဦးဆောင်လှုပ်ရှားသူ ကိုနေဘုန်းလတ်က ပြောပါတယ်။

“အမုန်းစကားတွေပေါ့နော်၊ ပြီးတော့ အန္တရာယ်ဖြစ်စေတဲ့စကားတွေ၊ အဲဒီဟာတွေကို မဖြစ်အောင် အဓိကရည်ရွယ်ပြီး ပန်းစကားလှုပ်ရှားမှုကို လုပ်တာပေါ့။ ဒီနေ့ သင်္ကြန်တွင်းမှာတော့ စတေကာတွေလည်း လိုက်ကပ်တယ်၊ ဘနိုင်းတွေ၊ ၃ ပေ၊ ၄ ပေ လုပ်ထားတယ်။ အဲဒါတွေကို ကားလေးတွေပေါ် ချိတ်တယ်။ ပြီးတဲ့အခါကျတော့ လက်ပတ်လေးတွေ လုပ်ထားတာပေါ့နော်။ လက်ပတ်လေးတွေကျတော့ ဘနိုင်းချိတ်ပေးတဲ့ ကားတွေကို လိုက်ဝေတယ်။ လူသားအချင်းချင်း အမုန်းမပွားဖို့၊ ငါတို့နှုတ်ကို စောင့်စည်းစို့- ဆိုတဲ့ အဲဒီဆောင်ပုဒ်ကိုပဲ ဘေးကနေပြီးတော့ ဘနိုင်းတွေကို လိုက်ကပ်တာ။ နှစ်ဆန်း ၁ ရက်နေ့ကျရင်တော့ ဘုရားတွေပေါ်မှာ စတေကာတွေ လိုက်ဝေအုံးမယ်။”

သင်္ကြန်ပွဲတော်အတွင်း ဒီနှစ်မှာတော့ မြန်မာ့ရိုးရာသံချပ်အဖွဲ့တွေ ထူးထူးခြားခြား ပေါ်ထွက်လာပြီး အများပြည်သူ ရေပက်ကစားကြတဲ့ ရေကစားမဏ္ဍပ်တွေကို လိုက်လံဖျော်ဖြေကြတာ ရှိသလို ထင်ရှားတဲ့နိုင်ငံရေးခေါင်းဆောင်တွေ၊ လူမှုရေး၊ နိုင်ငံရေးနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ရုံးတွေ၊ နေအိမ်တွေမှာလည်း လိုက်လံဖျော်ဖြေမှုတွေရှိပါတယ်။ မြန်မာ့ရိုးရာသံချပ်တွေမှာ လက်ရှိမြန်မာပြည်သူတွေ တွေ့ကြုံနေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေ၊ လူမှုအဖွဲ့အစည်းအတွင်းက အမြီးအမောက်မတည့်တဲ့ လွဲချော်မှုတွေကိုစပ်ထားတဲ့ သံချပ်တွေကို ပြည်သူလူထုစိတ်ဝင်စားတယ်လို့လည်း ရိုးရာသံချပ်ဖျော်ဖြေရေးအဖွဲ့ မြန်မာနိုင်ငံလူငယ်များအစည်းအရုံးက ကိုညွန့်မင်းထွန်းက ပြောပါတယ်။

“ဟုတ်ကဲ့၊ ကျနော်တို့ မနက်က မင်္ဂလာတောင်ညွန့်မြို့နယ်က ဒေါ်ဖြူဖြူသင်းတို့အိမ်ရှေ့မှာ သွားထိုးပါတယ်။ ပရိသတ်စိတ်ဝင်စားမှု ရှိပါတယ်ခင်ဗျ။ လူစည်ကားရာအရပ်ကလေးတွေမှာပေါ့နော်။ အများကလည်း ဒီအပေါ်မှာ အလှူတော်ငွေတွေလည်း ချကြပါတယ်။ ဒီအပေါ်မှာလည်း စိတ်ဝင်စားမှု ရှိကြပါတယ်။ မနှစ်ကနဲ့စာလို့ရှိရင် ဒီနှစ်ရန်ကုန်မြို့အတွင်းမှာ ဒီနှစ် တော်တော်ကို စည်စည်ကားကားလေးတွေ တွေ့မြင်နေရပါတယ်ခင်ဗျ။ ဒီနှစ်ကတော့ သံချပ်စိစစ်ရေးအဖွဲ့ကနေပြီးတော့ ကင်းလွတ်ခွင့်ပုံစံ ပေးထားတော့ သံချပ်တွေက လွတ်လွတ်လပ်လပ် ဖျော်ဖြေခွင့်တွေ ရပါတယ်ခင်ဗျ။ ဖျော်ဖြေခွင့်ရတော့ သံချပ်အဖွဲ့လေးတွေလည်း တော်တော် စုံစုံလင်လင် တွေ့မြင်ရပါတယ်ခင်ဗျ။”

မဟာသင်္ကြန်အကြိုနေ့ကစလို့ ရန်ကုန်နဲ့ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ ရေကစားမဏ္ဍပ်တွေနဲ့ ရေသဘင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေပြီး မြန်မာ့ရိုးရာ ရေသဘင်ပွဲတော်ကို လာရောက်ဆင်နွှဲတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေ လည်ပတ်မှုလည်း ပိုများလာတယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေက ဆိုပါတယ်။
XS
SM
MD
LG