သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်သင်္ကြန်ထူးခြားချက်


၂၀၁၆ ခုနှစ် ရန်ကုန်သင်္ကြန်မြင်ကွင်း။
၂၀၁၆ ခုနှစ် ရန်ကုန်သင်္ကြန်မြင်ကွင်း။

ဒီကနေ့ဟာ ကောဇာသက္ကရာဇ် ၁၃၇၇ ခုပြည့်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မဟာသင်္ကြန်အကျနေ့၊ အင်္ဂါနေ့ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲကို မြန်မာနိုင်ငံမှာ မနေ့ကစပြီးတော့ စည်စည်ကားကား ကျင်းပနေပါပြီ။ ရန်ကုန်က မဏ္ဍပ်တွေဖွင့်လှစ်ပြီးတော့ ရေကစားပွဲတွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ အတာသင်္ကြန်ကို ဆင်နွဲနေကြပုံကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

ဒီနှစ် ရန်ကုန်သင်္ကြန်မှာထူးခြားတာကတော့ သင်္ကြန်အကြိုနေ့မှာတင် မနက်ကနေစပြီး မဏ္ဍပ်ကြီးတွေဖွင့်ပြီး စည်စည်ကားကား ရေပက်ကစားနေကြပြီလို့ အနုပညာရှင်တဦးက ပြောခဲ့ပါတယ်။

“ထူးခြားတာကတော့ အရင်တုန်းက မဏ္ဍပ်ကြီးတွေက ဒီအကြိုနေ့မျိုးကို ရေပက်ခြင်းမရှိဘူး။ ဒီနှစ်မှစပြီး အကြိုနေ့မှာ ဒီလို အကျနေ့၊ အကြတ်နေ့၊ အတက်နေ့လိုပုံစံမျိုး မဏ္ဍပ်တွေဖွင့်ပြီး ရေပက်နေကြတာတွေ့ပါတယ်ဗျ။ သင်္ကြန်တရက်တိုးတဲ့သဘောပေါ့ဗျာ။ ”

ဒါ့အပြင် အလှပြကားတွေလည်း လွန်ခဲ့တဲ့နှစ်ရက်ကတည်းကကြိုပြီးတော့ ထွက်ပြနေကြပြီလို့ သူက ဆက်ပြောပါတယ်။

“အဲဒီ သံချပ်တိုင်တဲ့ကားတွေ၊ ဖျော်ဖြေရေးကားတွေ၊ အက အလှ သဘာဝကားတွေက တနေ့လောက်ကတည်းစပြီးတော့ ဖျော်ဖြေရေးတွေ စထွက်နေတာတွေ့ရတယ်ဗျ။ သူတို့တွေကြည့်ရတာ သုံးရက်ထဲနဲ့ မလုံလောက်ဘူးနဲ့တူတယ်။ စရိတ်စက မကျေမှာစိုးလို့နဲ့တူတယ်ဗျ။ ဘယ်လိုခေါ်မလဲ၊ သူ့ customers တွေကို သူ ကျေနပ်အောင်လုပ်ပေးတဲ့သဘောပေါ့။ တနှစ်တနှစ် လက်မှတ်ဖိုးတွေက ပိုမြင့်လာတော့ ဒီနှစ်ဆိုရင် အကြိုနေ့ကစပြီးတော့ ပေးတွက်တဲ့သဘော ဖြစ်သွားတာပေါ့နော်။”

ဘာကြောင့်မို့လို့ ရေပက်ခတွေ ပိုပြီးဈေးတက်လာပါသလဲ-လို့ မေးရာမှာ

“တက်သွားတာတော့ အဓိက-ကတော့ သင်္ကြန်မဏ္ဍပ် ပါမစ်ပေါ့။ ဆောက်လုပ်ခွင့်ပါမစ်ပေါ့။ အဲဒီ ပါမစ်ကြီးက တနှစ်ထက်တနှစ် တက်လာ တယ်ပေါ့။ မနှစ်က ၂၀၀ ၊ ၃၀၀ လောက်ပဲ ကျနော်တို့သိတယ်။ ဒီနှစ်ဆိုရင် ၆၀၀၊ ၇၀၀ တချို့မဏ္ဍပ်ဆိုရင် ၈၀၀ လောက်အထိ၊ ၈၅၀ လောက် အထိဖြစ်သွားတယ်လို့ ကြားတယ်ဗျာ။ ပါမစ်ပေါ့။ အဲဒီ ပါမစ်ကြီးကလည်း ဘယ်က ဘယ်လိုထွက်ပြီးတော့ ဘယ်လိုဖြစ်နေလဲတော့ မသိဘူး ပေါ့။ သတင်းစာထဲမှာတော့ တရားဝင် ဘယ်သူလျှောက်လျှောက် သင်္ကြန်မဏ္ဍပ်ကို ပေးပါမယ်-ပေါ့။ အဲလိုပြောပြီးတော့၊ လုပ်ပြီးတော့ တကယ်တန်းကျတော့ အဲလို တိုးတိုးတိတ်တိတ်နဲ့ မှောင်ခိုဈေးကွက်ပုံစံမျိုး ဖြစ်သွားတယ်ပေါ့နော်။”

ဒါ့အပြင် ဒီနှစ်ရန်ကုန်မှာ နောက် ထူးခြားချက်ရှိတာတခုက သင်္ကြန်တွင်း ကားပိတ်ဆို့မှုနည်းအောင် မဏ္ဍပ်တွေ ခွဲဆောက်ခွင့်ပြုတာအပြင် အစည်ကားဆုံးနေရာတွေ၊ ဖြစ်လေ့ရှိတဲ့နေရာတွေ၊ လမ်းမကြီးတွေမှာ တလမ်းမောင်း သတ်မှတ်ထားတယ်လို့ ဒီအနုပညာရှင်က ဆက်ပြောပြပါတယ်။

“အရင်တုန်းကဆိုရင် ကျနော်တို့ ရန်ကုန်မြို့လယ် လမ်းမရဲ့အလယ်ခေါင်တွေမှာ တုံးတွေမရှိဘူးဗျ။ အလယ်ခေါင်မှာ ကွန်ကရစ်တုံးတွေပေ့ါဗျ။ ဒီနှစ်က ကွန်ကရစ်တုံးတွေ ရှိသွားတဲ့အတွက် ဟိုဘက်ဒီဘက် နှစ်လမ်းမောင်းသွားတဲ့လမ်းတွေမှာ အခုဆိုရင် တလမ်းမောင်းအဖြစ် ပြောင်းလိုက်တာ များတယ်။ ဥပမာ ကျနော်တို့ ကမ္ဘာအေးဘုရားလမ်းမကြီးဆိုရင် မြို့ထဲဘက်ကို အလာပေါ့။ အဲဒီဘက်က ဒီနေ့ကစပြီး One Way သူတို့ လုပ်လိုက်ပြီပေါ့။ လုပ်လိုက်တော့ ညာဘက်ခြမ်းက ကားတွေက မဏ္ဍပ်ကိုဝင်တယ်။ ဘယ်ဘက်ခြမ်းက ဖြတ်သန်းဖြတ်လာ ကားတွေ ဖြစ်သွားတော့ မဆိုးဘူးဗျ။ အရင်ကလောက်တော့ ဗရုတ်သုက္ခမနိုင်ဘူးပေါ့။ ဒီနှစ်ထဲတော့ စနစ်တကျရှိပါတယ်။ ကားတွေကတော့ များပါတယ်ခင်ဗျ။ ဒီနှစ် တော်တော်များပါတယ်။ လူတွေက အရင်နှစ်တွေကနဲ့စရင် ဒီနှစ် ပိုပျော်ကြတယ်။ ပိုပျော်ပြီးတော့ နည်းနည်း အဆင့်အတန်းမြင့်သွားတယ်လို့ပဲ ကျနော်မြင်ပါတယ်။ ရန်ကုန်လူထုကလေ။ အဲဒါလေးတခုတော့ ချီးကျူးဖို့ကောင်းပါတယ်။ ဗရုသုက္ခတွေ တော်တော်လေး နည်းသွားပါတယ်။ အဲဒါတော့ ကျနော်မြင်တာပေါ့နော်။ အရင်ကတော့ ဗရုသုက္ခများတယ်။ ဒါပေမယ့် အခု ကျနော့်အမြင်ပြောရရင် မဏ္ဍပ်ထိုင်တဲ့လူဦးရေနဲ့ ကားနဲ့လှည့်တဲ့လူဦးရေဆိုရင် မဏ္ဍပ်ထိုင်တဲ့လူဦးရေ ပိုများလာတယ်လို့ ထင်ပါတယ်။”

အခုအချိန်အထိတော့ စပြီး စည်ကားလာနေတဲ့သင်္ကြန်မှာ မတော်တဆထိခိုက်မှုတွေနဲ့ ရန်ဖြစ်မှုတွေ နည်းနေတာ တွေ့ရသေးတယ်လို့ မြို့ခံတွေက ထောက်ပြနေပေမယ့် နောက်လာမယ့်နေ့တွေမှာလည်း ပိုမိုစည်ကားလာတာမို့ ဆက်စောင့်ကြည့်ရအုံးမယ်လို့ ပြောနေကြပါတယ်ခင်ဗျာ

XS
SM
MD
LG