သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ မှာ El Niño အားကောင်းမည်


၂၀၁၀ မြန်မာပြည်မှာ အပူရှိန်ပြင်းခဲ့စဉ်။
၂၀၁၀ မြန်မာပြည်မှာ အပူရှိန်ပြင်းခဲ့စဉ်။

မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်ဟာ ခါတိုင်းနှစ်တွေထက်ပိုပြီး ပူပြင်းခြောက်သွေ့ပြီး၊ El Niño ရာသီဥတု အားအကောင်းဆုံးဖြစ်နေတာမို့ လူထုအနေနဲ့ ကျန်းမာရေးပြဿနာ၊ စိုက်ပျိုးရေး ရေရရှိရေးအတွက် ပြင်ဆင်ထား သင့်တယ်လို့ မိုးဇလ ပညာရှင်တွေက အကြံပြုထားပါတယ်။

ဒီရာသီဥတုကြောင့် နွေဥတုဟာ အပူရှိန်ပြင်းထန်တဲ့ ရာသီဥတုဖြစ်နိုင်ပြီး မိုးကြိုကာလ မုတ်သုံအဝင်ဟာလည်း နောက်ကျနိုင်သလို မိုးတွင်းကာလမှာလည်း မိုးလျော့နည်းနိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု အမျိုးအစားဖြစ်တဲ့ အယ်နီညို ရာသီဥတုဟာ မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း အားအကောင်းဆုံး ဖြစ်လာနိုင်တယ်လို့ မိုးဇလ ပညာရှင်တစ်ဦးက ခန့်မှန်းပြောဆိုပါတယ်။ ဒီ အယ်နီညိုရာသီဥတုကြောင့် နွေရာသီမှာ ခါတိုင်းနှစ်တွေကထက်ပိုပြီး အပူပြင်းနိုင်သလို မိုးဥတုမှာလည်း မိုးနည်းနိုင်တယ်လို့ မိုးဇလပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

“ကျနော်ပြောထားပါတယ်။ အယ်နီညှိ အားကောင်းတယ်၊ အဲတော့ အပူရှိန် လွန်ကဲတာနဲ့ မိုးနည်းတဲ့ရေရှားပါးတဲ့အန္ဒရာယ် သတိပြုဖို့လိုတယ်လို့ ပြောခဲ့ပါပြီ။ အဓိကကတော့ ရေရှားတာနဲ့ အပူရှိန်လွန်ကဲတဲ့ နွေရာသီ အဲဒါတခု၊ နောက် မုတ်သုံအဝင်နောက်ကျနိုင်တယ် ။ နောက် မုတ်သုံရာသီဥတု မှန်မှန်ကန်ကန်မရှိနိုင်ဘူး။”

ရာသီဥတု ပိုမို ပူပြင်းပြီး ရေရှားပါးမှု အဓိက ကြုံတွေ့ရနိုင်တာကြောင့် စိုက်ပျိုးရေးပိုင်းမှာ အခက်အခဲ ကြုံတွေ့ရနိုင်တယ်လို့လည်း မိုးဇလ ဌာနရဲ့ ဒုညွှန်ချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

“လာမယ့် နွေရာသီပေါ့လေ။ ဒီ လာမယ့်နွေရာသီမှာ ပူပြင်းမယ့် အတွက်ကြောင့်မို့လို့ ကျနော်တို့ နိုင်ငံမှာတော့ မိုးစပါးရယ်၊ ဆောင်းရယ်၊ နွေစပါးရယ်ဆိုပြီးတော့ ၃ မျိုးစိုက်နေတာပေါ့။ စိုက်တဲ့အချိန်ကျရင်တော့ နွေစပါး ကျရင်တော့ စိုက်တဲ့အချိန်ကျရင် စိုက်ပျိုးရေ လုံလုံလောက်လောက်ရရှိနိုင်ဖို့အတွက်ကိုလေ အခုကတည်းက ကြိုတင်ပြင်ဆင်ထားနိုင်မယ် ဆိုရင်တော့ ဒီနွေစပါးအတွက် အခက်အခဲမရှိနိုင်ပေမယ့် ၊ ကြိုတင်ပြင်ဆင်မှုနည်းပြီဆိုရင်တော့ ခုနပြောတဲ့ စိုက်ရေးပျိုးရေးမှာ အနည်းနဲ့အများ ထိခိုက်နိုင်တဲ့အနေအထားရှိပါတယ်။”

၂၀၁၆ ခုနှစ်အတွင်း အထူးသတိထားရမယ့် သဘာဝဘေးအန္တရယ်ကတော့ ရေရှားပါးမှု ပြဿနာဖြစ်သလို မိုးအကြိုကာလမှာ မုန်တိုင်းလည်း ဖြစ်လာဖို့ ရှိတယ်လို့ မိုးဇလ ပညာရှင်တွေက သတိပေးထားပါတယ်။ဒါ့အပြင် ဒီနှစ်မှာလည်း မြန်မာနိုင်ငံမှာ အယ်နီညို ရာသီဥတုရဲ့ အကျိုးဆက်ကို ကြုံတွေ့နိုင်တာကြောင့် လူထုအနေနဲ့ကျန်းမာရေး၊ သောက်ရေသုံးရေ ရှားပါးမှု ပြဿနာကို ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်လို့ ဦးကျော်မိုးဦးက ဆိုပါတယ်။

“အယ်နီညှိ ဖြစ်တဲ့ ၂၀၀၉- ၂၀၁၀ တုန်းကဆိုရင် Moderate အယ်နီညှိ လောက်ပဲဖြစ်တယ်။ ဒါပေမယ့် အဲဒီနှစ်မှာပေါ့လေ နေ့အပူချိန်မြင့်တက်တဲ့အတွက်ကြောင့်မို့လို့ ကျန်းမာရေးဆိုင်ရာ ဒုက္ခတွေပေါ့လေ၊ ကျန်းမာရေးဆိုင်ရာ ဒုက္ခတွေ တွေ့ရတယ်။ နေ့ခင်းဖက်တွေမှာ အပူရှပ်ပြီးပြန်လာတဲ့အချိန်ကျတော့ ခြေထောက်တွေမှာ ရေလောင်းရင်းနဲ့ အပူရှပ်ပြီးတော့ သေတဲ့ဟာတွေပေါ့နော်။ ကျန်းမာရေးဆိုင်ရာ ရှုထောင့်အနေနဲ့တော့ ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ လမ်းညွှန်မှုတွေနဲ့ ဆောင်ရွက်ရမယ့်အနေအထားရှိပါတယ်။ အယ်နီညှိ ဒီနှစ်က ခါတိုင်းနှစ်ထက် ပူမယ့် အနေအထားဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သောက်သုံးရေပြဿနာတို့ ၊ စိုက်ပျိုးရေ ရရှိဖို့ ပြဿနာတို့ အဲဒီပြဿနာတွေရှိလာနိုင်ပါတယ်။ နောက်ပြီးတော့ စောနပြောတဲ့ လျှပ်စစ်မီးလိုင်းပေါ့ ။ အဓိက တော့ ကျနော်တို့နိုင်ငံက များသောအားဖြင့်တော့ ဟိုက်ဒရို ပါဝါ သုံးတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့လာမယ့်နွေရာသီမှာလည်း မြစ်ရေကျလို့ရှိရင် ခုနပြောတဲ့ ဟိုက်ဒရိုပါဝါတွေ လျှော့ကျသွားမယ့်အနေအထားမျိုးရှိတယ်ပေါ့လေ။ ဒါတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက မြန်မာပြည်မှာ အပူရှိန် ပြင်းခဲ့တာကြောင့် လူအသေအပျောက် များခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာကြီးမှာလည်း ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ဟာ ကမ္ဘာ့သမိုင်းရဲ့ အပူဆုံး ဖြစ်ခဲ့တာပါ။ ၃နှစ် နဲ့ ၇ နှစ် ကြားကာလ အတွင်း ဖြစ်ပေါ်လေ့ရှိတဲ့ အယ်နီညို ရာသီဥတုဟာ ဒီနှစ်မှာဆိုရင် အားအကောင်းဆုံးနဲ့ အပြင်းထန်ဆုံး ဖြစ်လာနိုင်တာကြောင့် စိုက်ပျိုးရေး ၊ ကျန်းမာရေးနဲ့ ရေရရှိရေးတို့အတွက် ကြိုတင်ပြင်ဆင်သင့်တယ်လို့ ပညာရှင်တွေက သုံးသပ်ပြောဆိုနေကြတာပါ။

XS
SM
MD
LG