သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ စားနပ်ရိက္ခာထောက်ပံ့ဖို့ WFP ဒေါ်လာ သန်း ၄၀ လိုအပ်


ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP က ရေးဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ပေးနေတဲ့ ရိက္ခာပစ္စည်းတွေကို မကွေးတိုင်းဒေသကြီးအတွင်း၊ ရေစကြိုမြို့နယ်စု၊ ပခန်းကြီးမြို့မှာတွေ့ရစဉ်။ (ဓာတ်ပုံ-WFP)
ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP က ရေးဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ပေးနေတဲ့ ရိက္ခာပစ္စည်းတွေကို မကွေးတိုင်းဒေသကြီးအတွင်း၊ ရေစကြိုမြို့နယ်စု၊ ပခန်းကြီးမြို့မှာတွေ့ရစဉ်။ (ဓာတ်ပုံ-WFP)

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ဟာ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ စားနပ်ရိက္ခာ ထောက်ပံ့ရေးလုပ်ငန်းတွေကို ၂၀၁၇ ခုနှစ်အကုန်အထိ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့ပြီး၊ တချိန်တည်းမှာပဲ ဆက်လက် ဆောင်ရွက်နိုင်ဖို့ ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၄၀ လောက် လိုအပ်နေတယ်လို့လည်း ဒီဇင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို ကိုရဲခေါင် က တင်ပြထားပါတယ်။

မြန်မာနိုင်ငံ လူဦးရေရဲ့ ၂၆ ရာခိုင်နှုန်းရှိတဲ့ လူ ၁၃ သန်းလောက်ဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ နေထိုင်ကြရပြီး၊ ကလေးငယ်အားလုံးရဲ့ ၃၅ ရာခိုင်နှုန်းလောက်ဟာလည်း ပြင်းထန်တဲ့ အဟာရချို့တဲ့မှုကြောင့် ကြီးထွားမှု နှေးကွေးတဲ့ လက္ခဏာတွေ ကြုံနေရပါတယ်။ မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေတဲ့သူ ၆ သိန်းလောက် ရှိတဲ့အထဲမှာ အခုနှစ်အတွင်း နိုင်ငံအနှံ့ ရေကြီးမှုတွေကြောင့် ဘေးဒုက္ခကြုံရတဲ့ လူပေါင်း ၄ သိန်း ၄ သောင်းကျော်နဲ့ ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူ ၁ သိန်း ၇ သောင်း ၂ ထောင်လောက် ပါဝင်ပါတယ်။ အခုလို တိုးမြှင့်လိုက်တဲ့ ကာလအတွင်းမှာ WFP ဟာ စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်နေတဲ့ လူပေါင်း ၂.၉ သန်းကို စားနပ်ရိက္ခာနဲ့ ငွေကြေးအကူအညီတွေ ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပုံမှန် စားနပ်ရိက္ခာ ထောက်ပံ့ရေး လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့အတွက် ရန်ပုံငွေ ဒေါ်လာသန်း ၄၀ လိုအပ်ချက်ရှိနေတာနဲ့ ပတ်သက်ပြီးတော့ နယူးယောက်ရုံးခွဲက အကြီးတန်း ပြန်ကြားရေးနဲ့ ဆက်သွယ်ရေး အရာရှိ Gerald Bourke က အခုလို ပြောပါတယ်။

“ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်ရဲ့ လုပ်ငန်းတွေဟာ အလှူရှင်တွေရဲ့ အလိုအလျောက် ပူးပေါင်းပါဝင်မှုနဲ့ လှူဒါန်းမှုတွေအပေါ်မှာ အမှီပြုနေတာပါ။ အလှူငွေ အများစုက နိုင်ငံအစိုးရတွေဆီက လာတာဖြစ်ပြီးတော့၊ ကျန်တာကို အခြား ပုဂ္ဂလိက အဖွဲ့အစည်း ကော်ပိုရေးရှင်းတွေနဲ့ လူပုဂ္ဂိုလ်တွေဆီက ရတာပါ။ အဲဒီအတွက်ကြောင့် မြန်မာနိုင်ငံလို နိုင်ငံတွေမှာ ဘယ်လောက်တောင် လိုအပ်ချက် ရှိနေသလဲဆိုတာ အလှူရှင်တွေသိအောင် လုပ်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ အလှူရှင်တွေ အချိန်မီသိရှိပြီး လုံလောက်တဲ့ လှူဒါန်းမှုတွေ လုပ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်ဟာ နိုင်ငံ ၈၀ လောက်မှာ လူဦးရေ သန်း ၈၀ လောက်ကို ကူညီပေးနေတာပါ။ ဒါဟာ ပြင်းထန်တဲ့ အဟာရချို့တဲ့မှု ကြုံနေရတဲ့ တကမ္ဘာလုံးက လူသန်း ၈၀၀ လောက်ရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရှိတာပါ။ ဒါဟာ မြန်မာနိုင်ငံတင်မကပဲ တကမ္ဘာလုံးမှာ ကြုံနေရတဲ့ ပြဿနာဖြစ်ပါတယ်။”

နိုင်ငံတကာ အဖွဲ့အစည်းတွေကပေးတဲ့ အကူအညီတွေကို အမှီပြုနေရတဲ့ ကချင်ပြည်နယ်က စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေမှာ အကူအညီတွေ ရပ်တန့်သွားရင် စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်လာနိုင်တာနဲ့ ပတ်သက်ပြီးတော့လည်း Kachin Alliance အဖွဲ့က ကိုဂန်ဆမ်းက အခုလို ပြောပြပါတယ်။

“ဆောင်းရာသီဆိုရင် အင်မတန်အေးတဲ့ နေရာပေါ့။ အစားအသောက်တင်မကပဲ အဝတ်အထည်အတွက်ပါ တကယ့်ကို အခက်အခဲ ရှိပါတယ်။ ခုလို တော်တော် ဆင်းဆင်းရဲရဲ ရှိတဲ့နေရာမှာ ဆောင်းရာသီ နှင်းကျတဲ့အခါဆို အရမ်းကို ဒုက္ခရောက်ကြပါတယ်။ ကျနော်တို့ ကချင်ပြည်နယ်ရဲ့ သဘောသဘာဝက အဲဒီလိုရှိတယ်။ ဒီလို ဒုက္ခသည်တွေကို ကူညီပံ့ပိုးတဲ့ အဖွဲ့အစည်းတွေ ကူညီမှု နည်းပါးလာတာတို့ ဒါမှမဟုတ် ပျောက်သွားတဲ့ အချိန်ဆိုရင် ဒုက္ခသည်တွေအတွက်က တကယ်ကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ရောက်လာနိုင်တယ်။ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအခြေအနေက လုံး၀ မသေချာ မရေရာတော့တဲ့ အခြေအနေ ရောက်သွားနိုင်တယ်။”

WFP အဖွဲ့ကတော့ မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ အများကြီးရှိနေပေမဲ့ ၂၀၃၀ ပြည့်နှစ်အရောက်မှာ မြန်မာနိုင်ငံမှာ ငတ်မွတ်ခေါင်းပါးမှု သုညအမှတ်အထိ ရောက်အောင်လုပ်ဖို့ ရည်မှန်းထားတာ အောင်မြင်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း WFP က အကြီးတန်း ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးအရာရှိ Gerald Bourke က က ပြောပါတယ်။

“လာမယ့် ၁၅ နှစ်အတွင်း ဒီရည်မှန်းချက် ပြည့်မှီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ကောင်းမွန်တဲ့ တိုးတက်မှုတွေ ဖြစ်ထွန်းခဲ့ပါတယ်။ အခုအချိန်ဟာ မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်နေတဲ့အချိန် ဖြစ်ပါတယ်။ အကောင်းမြင်မှုတွေရှိသလို စိန်ခေါ်မှုတွေ အများကြီး ကျန်နေဆဲဖြစ်ပါတယ်။ လူဦးရေရဲ့ ကြီးမားတဲ့ အချိုးအစားဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ နေထိုင်နေကြရပါတယ်။ ကလေးငယ်အားလုံးရဲ့ သုံးပုံတစ်ပုံဟာ ပြင်းထန်တဲ့ အဟာရ ချို့တဲ့မှုကြောင့် ကြုံလှီမှုတွေ့ဖြစ်နေပါတယ်။ ဒါ့အပြင် ရေကြီးတာလို၊ သဘာ၀ ဘေးအန္တရာယ်တွေလဲ ကြုံနေရပါတယ်။ အစိုးရ၊ လူထုအသိုက်အဝန်းနဲ့ ကုလသမဂ္ဂတို့ အားလုံး ပူးပေါင်းဆောင်ရွက်မှုနဲ့ ၂၀၃၀ မှာ ရည်မှန်းထားတဲ့အတိုင်း ဆာလောင်မွတ်သိပ်မှု မရှိတဲ့ အခြေအနေရောက်အောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ဟာ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ သူတွေကို မူရင်းဒေသပြန်နိုင်ဖို့ အကူအညီပေးတာတွေ၊ သဘာဝဘေးအန္တရယ်ကြောင့် ထိခိုက်လွယ်တဲ့သူတွေကို စားနပ်ရိက္ခာ အကူအညီပေးတာတွေ လုပ်နေပြီး၊ တချိန်တည်းမှာ ကလေးငယ်တွေ အဟာရချို့တဲ့မှုကြောင့် ကြုံလှီသေးကွေးမှု ပပျောက်အောင် စာသင်ကျောင်းတွေမှာ အဟာရ တိုက်ကျွေးတဲ့ အစီအစဉ်တွေလည်း လုပ်ဆောင်နေပါတယ်။

XS
SM
MD
LG