သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားသပိတ် ညှိနှိုင်းမှုမပြတ်သေး


အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်သတ်မှတ်ရေး တောင်းဆိုနေကြတဲ့ မြန်မာစက်မှုဇုန်က အလုပ်သမားများ။
အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်သတ်မှတ်ရေး တောင်းဆိုနေကြတဲ့ မြန်မာစက်မှုဇုန်က အလုပ်သမားများ။

အာဆီယံနှုန်းထားနဲ့အညီ အခြေခံလုပ်အားခ လစာ တရားဝင် သတ်မှတ်နိုင်ရေး ဆွေးနွေးညှိနှိုင်းမှုတွေ မပြေလည်သေးလို့ ရန်ကုန် အလုပ်သမား စုပေါင်းသပိတ် စခန်းဖွင့်ပြီး ဆက်လက်တောင်းဆိုနေကြတုန်းပဲလို့ အလုပ်သမား သပိတ်ခေါင်းဆောင်တွေက ပြောပါတယ်။ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ အလုပ်သမားကိုယ်စားလှယ်တွေကြား မြန်မာနိုင်ငံတွင်း အခြေခံ လုပ်အားခ လစာ သတ်မှတ်နိုင်ရေး လစာသတ်မှတ်ချက်တွေကို ညှိနှိုင်းနေပြီး အမြန်ဆုံးသတ်မှတ်နိုင်အောင် အလုပ်သမား ကိုယ်စားလှယ်တွေက တောင်းဆိုနေပါတယ်လို့လည်း အခြေခံလုပ်အားခလစာ သတ်မှတ်နိုင်ရေး ဆောင်ရွက်ပေးနေတဲ့ အလုပ်သမား သမဂ္ဂများဥက္ကဋ္ဌ ပြောဆိုလိုက်ပါတယ်။ အသေးစိတ်ကို မဆုမွန်က စုံစမ်းတင်ပြပေးထားပါတယ်။

မြန်မာအလုပ်သမားတွေအတွက် အာဆီယံစံနှုန်းနဲ့အညီ အခြေခံ လုပ်အားခလစာတိုးမြှင့်ပေးရေးနဲ့ အခြေခံလုပ်အားခလစာ တရားဝင် သတ်မှတ်ပြဋ္ဌာန်းပေးရေး စက်ရုံသုံးရုံက အလုပ်သမားတွေ စုပေါင်းပြီး ရန်ကုန်တိုင်းရွှေပြည်သာစက်မှုဇုန်တွင်းမှာ သပိတ်စခန်းဖွင့် တောင်းဆိုနေတာ ဖြစ်ပါတယ်။ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ အစိုးရအနေနဲ့ အလုပ်သမားဝန်ကြီးဌာနဘက်က လာရောက် ညှိနှိုင်း ဆွေးနွေးတာရှိသလို အလုပ်သမားအခွင့်အရေး တောင်းဆိုသူတွေကို အကြမ်းဖက် နှိမ်နှင်းမှုတွေနဲ့ အလုပ်သမားခေါင်းဆောင်အချို့ကို ဖမ်းဆီး ရုံးတင်မှုတွေလည်း ရှိနေတာပါ။

အခုအချိန်အထိ ရွှေပြည်သာစက်မှုဇုန်အတွင်းက စုပေါင်းသပိတ်စခန်းမှာ အလုပ်သမားတွေ ဖမ်းဆီးခံ အလုပ်သမားသပိတ်ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရေးနဲ့ အခြေခံလုပ်အားလစာ သတ်မှတ်ရေးအတွက် ဆက်လက်သပိတ်မှောက်ဆန္ဒပြနေဆဲဖြစ်ပြီး အလုပ်ရှင်-အလုပ်သမားကြား နှစ်ဘက် ဆွေးနွေးညှိနှိုင်းမှုနဲ့အဖြေရှာပါ ယုံကြည်မှုတည်ဆောက်ပါလို့လည်း အလုပ်သမားအခွင့်အရေး လှုပ်ရှားတောင်းဆိုပေးနေတဲ့ အလုပ်သမား သမဂ္ဂအဖွဲ့ဝင် မဇာဇာက ဗွီအိုအေကို အခုလိုပြောပါတယ်။

“အခုက ဘယ်လိုခေါ်မလဲ၊ ပေးတော့ ပေးနေပြီ၊ အဲဒီ (၃) သောင်းအထိတော့ မရောက်သေးဘူး။ သူတို့လိုချင်တာက သူတို့နဲ့ ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆွေးနွေးတာကို လိုချင်တာ။ အခုက အဲလိုကို မရှိသေးဘူးဖြစ်နေတဲ့အတွက် ဖြစ်နေတာ။ အခု ကလေးတွေတောင်းတဲ့လစာက မများဘူး။ သူတို့တောင်းတာကလည်း အများကြီးမဟုတ်ပါဘူး။ ဒီကလေးတွေရဲ့တောင်းဆိုချက်က တကယ်တန်းသာ ညှိနှိုင်းပေးနိုင်မယ်ဆိုလို့ရှိရင် အဆင်ပြေနိုင်မယ့်လစာလေးပါ။ ဒါကြောင့်မို့လို့ ကျမအနေနဲ့ပြောချင်တာကတော့ ဒီကလေးတွေရဲ့တောင်းခံမှုလေးကို ငဲ့ညှာပြီးတော့ စဉ်းစားပေးစေချင်ပါတယ်။ ကျမတို့ပြောချင်တာကတော့ အာဏာပိုင်တွေနဲ့ ဒီကုမ္ပဏီပိုင်ရှင်တွေက သဘောထားကြီးကြီးနဲ့ ကလေးတွေအပေါ်ကို နားလည်မှုလေးနဲ့ပေါ့နော်-ရှိပြီးတော့ ညှိနှိုင်းပေးမယ်ဆိုရင် ဒီဟာလေးက အဆင်ပြေမှာပါ။ ကလေးတွေတောင်းတဲ့လစာက အများကြီးမဟုတ်ပါဘူးရှင့်။ သူတို့ဘက်ကသာ သဘောထားကြီးကြီးလေးနဲ့ ညှိနှိုင်းပေမယ်ဆိုရင် အားလုံးက အေးဆေးသွားမှာပါ။ သူတို့က သူတို့လိုချင်တဲ့အခြေခံလစာလေးရသွားပြီဆိုရင် သူတို့ဘက်က အေးအေးငြိမ်းငြိမ်းနဲ့ သွားပါပြီ။ ”

လက်ရှိ မြန်မာနိုင်ငံတွင်း အခြေခံလုပ်အားခ လစာ သတ်မှတ်နိုင်ရေး ပြည်နယ်တိုင်းတွေမှာ စစ်တမ်းကောက်ယူနေပြီး အစိုးရနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေကြား ဆောင်ရွက်နေမှုတွေကတော့ အနည်းဆုံးတော့ ရန်ကုန်တိုင်းမှာ မကြာခင် အခြေခံ အလုပ်သမား လခလစာ တရားဝင် သတ်မှတ်နိုင်တော့မှာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် FTUM (Myanmar Trade Unions Federation) က ဦးအောင်လင်း က ပြောပါတယ်။

“ဆယ်ရက်နေ့က အစည်းအဝေးမှာတော့ ဒီလို Message ပေါ့နော်။ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်းက ကိုယ်စားလှယ်တွေလည်း ပါပါတယ်။ Mandate တခုတက်ဖို့ နှောင့်နှေးတယ်ပေါ့နော်။ လုပ်ခမပေးနိုင်တဲ့စက်ရုံတွေရှိတယ်၊ ဘာညာပေါ့- ၁၃ ရက်နေ့မှာတော့ လှိုင်သာယာက စက်မှုဇုန်ဥက္ကဋ္ဌကြီး ဦးမြတ်သင်းအောင်ကတော့ အဆိုပြုချက်တရပ်ထွက်လာတယ်။ ကျနော်တို့ကတော့ တောက်လျှောက် တိုက်တွန်းပေးတယ်။ ဒီလိုမျိုး ကြန့်ကြာနေမယ်ဆိုရင် လက်ရှိဖြစ်နေတဲ့အလုပ်သမားသပိတ်တွေရဲ့တန်ဖိုးက ပိုပိုပြီးမြင့်လာမယ်၊ ဒီအခြေအနေကို အမြန်ဆုံးထိန်းသိမ်းနိုင်ဖို့အတွက်ကို UNFCCI ရဲ့ကိုယ်စားလှယ်တွေအနေနဲ့ အဆိုပြုချက်တရပ်ကို ထုတ်ပေးဖို့ ကျနော်တို့ lobby လုပ်တယ်ပေါ့။ ၁၃ ရက်နေ့မှာတော့ လှိုင်သာယာဥက္ကဋ္ဌကြီး စက်မှုဇုန်ဥက္ကဋ္ဌကြီး ဦးမြတ်သင်းအောင်က အဆိုပြုချက် နှုန်းထားလေးတရပ်တင်လာပါတယ်။ တင်လာတယ်ဆိုတာ တနေ့ (၄,၀၀၀) ပေါ့နော်၊ အလုပ်ချိန် (၈) နာရီအတွင်းမှာ ပေးရမယ့် ပိုက်ဆံပေါ့နော်၊ ဒါကို (၆) လသတ်မှတ်ရင်ကောင်းမလား၊ သို့တည်းမဟုတ် (၉) လသတ်မှတ်ရင်ကောင်းမလားဆိုတာ အကြံပြုချက်တရပ်ထွက်လာတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ဆက်မလုပ်နိုင်တဲ့အလုပ်ရုံတွေ ဘယ်လောက်ထိ ပိတ်သွားမလဲဆိုတာမျိုး ဝန်ကြီးဌာနကို အဆိုတင်သွင်းတာလည်း ကျနော်တို့ တွေ့ခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အဖွဲ့ချုပ်က အဆိုတင်သွင်းတာနဲ့ ဟိုဘက်ကအဆိုတင်သွင်းတာနဲ့က ကြားထဲမှာ တော်တော်နီးစပ်လာပြီ။ (၄) ထောင် နဲ့ (၅) ထောင်ပေါ့နော်၊ ဒီကြားထဲမှာ ကွာဟမှုက တထောင်ပဲရှိတော့တယ်။ ဒါကို ဆက်ပြီးညှိနှိုင်းသွားကြဖို့ သူ အကြံပေးတယ်ဆိုတဲ့အခြေအနေနဲ့တော့ အဲဒီနေ့က အစည်းအဝေးကို ပြီးဆုံးခဲ့တယ်။ ဒါပေမယ့် အစဉ်တစိုက် ကျနော်တို့တိုက်တွန်းထားတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့မဟုတ်ရင်တောင်မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အမြန်ဆုံး အနည်းဆုံးလုပ်ခကြေးငွေကို ပြဌာန်းပေးဖို့အတွက်ပေါ့နော်။ ကျနော်တို့ တောင်းဆိုထားတယ်။ အဲဒီနေ့က ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်လည်း ပါပါတယ်ခင်ဗျ။”

အခုဆိုရင် ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် ရွှေပြည်သာစက်မှုဇုန်မှာ E Land မြန်မာ- Ford Glory – Costec စက်ရုံက အလုပ်သမားတွေ စုပေါင်းပြီး အခြေခံလုပ်အားခလစာ ရရှိရေး အလုပ်သမားသပိတ်စခန်းတွေ ဖွင့်ပြီး တောင်းဆိုနေဆဲဖြစ်ပါတယ်။ အလုပ်မဆင်းဘဲ သပိတ်မှောက်နေဆဲ အလုပ်သမားတွေရှိသလို အလုပ်ပြန်ဆင်းနေကြတဲ့ အလုပ်သမားတွေလည်း ရှိလာနေပါတယ်။ အလုပ်သမားဝန်ကြီး ဌာနဘက်က အလုပ်သမားကိုယ်စားလှယ်တွေကို လာရောက်ညှိနှိုင်းမှုတွေလုပ်ပေမဲ့ တောင်းဆိုချက်တွေအပေါ် ထိရောက်တဲ့ တာဝန်ခံ ဖြေရှင်းပေးမှုမရှိတဲ့အပြင် အလုပ်သမားရေး ခိုင်မာတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေမရှိတဲ့အတွက် အလုပ်သမားအခွင့်အရေးတွေ ဆုံရှုံးနေကြရပြီး အလုပ်ရှင်-အလုပ်သမားကြား ပြေလည်မှုမရဘဲ တင်းမာမှုတွေ ဖြစ်လာနေတာလို့လည်း အလုပ်သမား စုပေါင်းသပိတ်ကော်မတီက ပြောထားပါတယ်။

XS
SM
MD
LG