သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောင်ငါးနှစ်အတွင်း ဖွံ့ဖြိုးမှုနှုန်း တနှစ် ၇% မြန်မာ ခန့်မှန်းထား


ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနဝန်ကြီး ဦးဝင်းရှိန်က ကမ္ဘာ့ဘဏ်-IMF နှစ်ပတ်လည်ညီလာခံမှာ မြန်မာ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ထည့်ပြောသွားပါတယ်။ အောက်တိုဘာ ၁၀၊ ၂၀၁၄
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနဝန်ကြီး ဦးဝင်းရှိန်က ကမ္ဘာ့ဘဏ်-IMF နှစ်ပတ်လည်ညီလာခံမှာ မြန်မာ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ထည့်ပြောသွားပါတယ်။ အောက်တိုဘာ ၁၀၊ ၂၀၁၄

မြန်မာဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ လာမယ့် ငါးနှစ်အတွင်း ခန့်မှန်းခြေ တနှစ်ကို ၇% ရှိမယ်လို့ ပြောလိုက် ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော် မှာ အောက်တိုဘာလ ၁၀ ရက်နေ့ ကနေ ၁၂ ရက်နေ့အထိ ကျင်းပနေတဲ့ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF တို့ရဲ့ ၂၀၁၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲ နေ့မှာ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဲဒီလိုပြောတာပါ။

၂၀၁၂ ခုနှစ်မှာ ဖွံ့ဖြိုးမှုနှုန်း ၇.၃% ရှိပြီး ၂၀၁၃ ခုနှစ်မှာတော့ အနည်းငယ် တိုးတက်ပြီးတော့ ၇.၅% ရှိတယ်လို့ ဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာလည်း အဲဒီထက် ပိုတိုးတက်ပြီး ၇.၈% အထိ ရှိမယ်လို့ ခန့်မှန်းထားကြောင်းလည်း သူက ပြောပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြင့်လာရတဲ့ အခုလို အဓိကအကြောင်းတွေကတော့ ရင်းနှီးမြှုပ်နှံမှု တိုးလာတာနဲ့ နိုင်ငံစီးပွားရေးပေါ် ယုံကြည်ကိုးစား မှု ပိုပြီး အားကောင်းလာတွေကြောင့် ဖြစ်တယ်လို့လည်း ဦးဝင်းရှိန်က ဆိုပါတယ်။

၂၀၁၂-၂၀၁၃ ခုနှစ်မှာ နိုင်ငံံခြားရင်းနှီးမြှုပ်နှံမှု ဟာ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံကျော်ရှိပြီး အများစုက လျှပ်စစ်ဓာတ်အား နဲ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ကဏ္ဍတို့မှာ ရင်းနှီး မြှုပ်နံှကြတာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်အတွင်း သဘာဝဓာတ်ငွေ့တင်ပို့မှုဟာ ၂၀၁၂ကထက် ၂၀% အထိတိုးပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ ရတယ်လို့ ဝန်ကြီးဦးဝင်းရှိန် ကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်းကို ၂၀၁၀ ပြည့်နှစ်မှာရှိတဲ့ ၂၆% ကနေ ၂၀၁၅ ခုနှစ်မှာ ၁၆% အထိ လျှော့ချဖို့ ရည်မှန်းထားတယ်လို့လည်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ လက်ရှိစဉ်းစားနေတဲ့ ကမ္ဘာ့ဘဏ်ရဲ့ မူဝါဒ မူကြမ်းဟာ ဘဏ်ရဲ့စီမံကိန်းတွေကြား သက်ရောက်မှုရှိတဲ့ လူမှုအသိုင်းအဝိုင်း တွေကို အကာအကွယ်ပေးရေး အန္တရာယ်ရှိစေမယ်လို့ သီးခြားလွတ်လပ်တဲ့ The Bank on Human Rights Coalition က သောကြာနေ့မှာပဲ ပြောလိုက်ပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ ဒေသခံလူထု အထူးသဖြင့် အမျိုးသမီးတွေရဲ့ကျွမ်းကျင်မှုကို လက်ခံပြီး အကြံပေးချက်ကို နားထောင်သင့်တယ်လို့ ထိုင်းအခြေစိုက် ကချင်အမျိုးသမီး အသင်းအဖွဲ့များ ကွန်ရက်က မွန်းနေလီကပြောပါတယ်။ ဒါ့အပြင် တိုးတက်မှုလိုချင်လို့ လုပ်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ပုံမှန်ဖြစ်နေတာက မှန်းထားတဲ့ဆီကို မရောက်ပဲ တခြားတနေရာဆီကို အကျိုးတွေက ရောက်ရှိသွားရတယ်။ ကမ္ဘာ့ဘဏ် အနေနဲ့ ပိုပြီး အားကောင်းတဲ့ ကာကွယ်မှုတွေရှိဖို့လိုတယ်လို့လည်း မွန်းနေလီက ဆက်ပြောပါတယ်။

XS
SM
MD
LG