သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် စတော့အိတ်ချိန်း ဖွင့်လှစ်


မြန်မာနိုင်ငံရဲ့ ပထမဆုံး ရန်ကုန်စတော့အိတ်ချိန်း အစုရှယ်ယာဈေးကွက်ဖွင့်လှစ်
မြန်မာနိုင်ငံရဲ့ ပထမဆုံး ရန်ကုန်စတော့အိတ်ချိန်း အစုရှယ်ယာဈေးကွက်ဖွင့်လှစ်

မြန်မာနိုင်ငံရဲ့ ပထမဆုံး ရန်ကုန် စတော့အိတ်ချိန်း အစုရှယ်ယာဈေးကွက်ကို ကုမ္ပဏီ ၆ ခုနဲ့ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ မတည်ငွေ ကျပ်သန်းပေါင်း ၃ သောင်း ၂ ထောင်နဲ့ ဒီအစုရှယ်ယာ ဈေးကွက်ကို စတင်တည်ထောင်ထားတာပါ။

ဆယ်စုနှစ်နဲ့ချီ အစိုးရထိန်းချုပ်ခဲ့တဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့ပြီးနောက်မှာ အခုလို အစုရှယ်ယာဈေးကွက်ကို မြန်မာနိုင်ငံမှာ ပထမဆုံး ဖွင့်လှစ်တာဖြစ်ပြီး နိုင်ငံခြားပိုင်ကုမ္ပဏီတွေကိုတော့ ဥပဒေအချို့ပြင်ဆင်ပြီးမှပဲ လက်ခံသွားမယ်လို့ ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းကပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

ဒီကနေ့မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အစုရှယ်ယာဈေးကွက်ကို ကုမ္ပဏီ ၆ ခုနဲ့ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ဒီဈေးကွက်ကိုဝင်ရောက်လာတဲ့ ကုမ္ပဏီ ၆ခုရဲ့ ရှယ်ယာရောင်းဝယ်တာတွေကိုတော့ တရားဝင်အနေနဲ့ နောက်နှစ် ဖေဖော်ဝါရီ ဒါမှမဟုတ် မတ်လ အ စော ပိုင်းမှာစမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဒီကနေ့ ရန်ကုန်စတော့အိတ်ချိန်း အစု ရှယ်ယာ ဈေးကွက် ဖွင့်ပွဲမှာပြောဆိုခဲ့ပါတယ်။ဒီစတော့အိတ်ချိန်းနဲ့ပတ်သတ်ပြီး ဦးမောင်မောင်သိမ်းက ခုလိုပြောပါတယ်။

“စတော့အိတ်ချိန်းဆိုတာ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မရှိမဖြစ်တဲ့ ကဏ္ဍတခုပဲဖြစ်ပါတယ်။”

စတော့ဈေးကွက်လို့ခေါ်တဲ့ ဒီအစုရှယ်ယာဈေးကွက် ဆိုတာဟာ အများပိုင် ကုမ္ပဏီတွေက သူတို့ပိုင်တဲ့ အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံလိုသူ ဝယ်ယူလိုသူ ပြည်သူများ ကို ရောင်းချသွားတာကို ခေါ်ပါတယ်။ လက်ရှိမှာ ရန်ကုန်စတော့အိတ်ချိန်းမှာ ရှယ်ယာ အရောင်းအဝယ် ပြုလုပ်ဖို့ စာရင်းသွင်းထားတဲ့ အများပိုင် ကုမ္ပဏီ ၆ ခုမှာ FMI ကုမ္ပဏီ၊ မြန်မာ့လယ်ယာစီးပွားအများပိုင်ကုမ္ပဏီ MAPCO၊ ပထမပုဂ္ဂလိကဘဏ်၊ မြန်မာ သီလဝါ အထူးစီးပွားရေးဇုန်၊ ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီ၊ မြန်မာနိုင်ငံသားများ ဘဏ်နဲ့ Great Horkham ကုမ္ပဏီတို့ ဖြစ်ပါတယ်။ ဒီလိုအများပိုင်ကုမ္ပဏီတွေကနေ သူတို့ပိုင်တဲ့ အစုရှယ်ယာတွေကို ရင်းနှီးလိုသူတွေကိုရောင်းချတာမှာ ဝယ်ယူရင်းနှီး မြှုပ်နှံသူနဲ့အစုရှယ်ယာ ရောင်းချသူ ကုမ္ပဏီများကြား ဝန်ဆောင်မှု အဖြစ် ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှု ကုမ္ပဏီများလည်း လိုအပ်ပါတယ်။

လက်ရှိမှာ ဒီလိုဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီတွေနဲ့ပတ်သတ်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းကတော့ လိုင်စင်ချပေးရန် လျာထား တဲ့ပမာဏမှ ၁၀ ခုအထိ ရှိနေပြီး၊ လက်တွေ့မှာတော့ ကမ္ဘောဇ ကုမ္ပဏီတခုတည်းကိုသာ လိုင်စင်ချပေးထားတဲ့အကြောင်းနဲ့၊ မကြာခင်မှာ ဘဏ္ဍာရေးဝန်ကြီးဌာနက ဝန်ဆောင်မှု ကုမ္ပဏီလိုင်စင်များ ဆက်တိုက်ချပေးမည်ဖြစ်ကြောင်း ဒီကနေ့ ရန်ကုန်စတော့အိတ်ချိန်း အစု ရှယ်ယာဈေးကွက် ဖွင့်ပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒီရန်ကုန် စတော့အိတ်ချိန်းကို မြန်မာ့စီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်း၊ တိုကျို စတော့အိပ်ချိန်း က ၁၈ ရာခိုင်နှုန်းကျော်နဲ့ ဂျပန်ဒိုင်ဝါသုတေသနက ရာခိုင်နှုန်း ၃၀ ကျော် ထည့်ဝင်အကောင် အထည်ဖော်ခဲ့ကြခြင်းဖြစ်ပါတယ်။ လက်ရှိမှာ ဝန်ဆောင်မှုကုမ္ပဏီအနေနဲ့တာဝန်ယူထားတဲ့ ကမ္ဘောဇ ကုမ္ပဏီက အကြီးတန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညိုမြင့်က ဝန်ဆောင်မှုလုပ်ဆောင် ပေးမယ့်အပေါ်အခုလိုပြောပါတယ်။

“ရောင်းတဲ့လူတွေနဲ့ ဝယ်တဲ့လူတွေ အားလုံး real time နဲ့ ရောင်းကြဝယ်ကြ ဖို့လိုပါတယ်။ အဲလိုမှမဟုတ်လို့ရှိရင် ရှယ်ယာဈေးက သိတဲ့အတိုင်းပဲ အချိန်မရွေး အတက်အကျရှိနေတဲ့အခါကျတော့ အငြင်းပွားမှုမဖြစ်အောင် real time နဲ့ transition လုပ်နိုင်မှပါ၊ရောင်းတာဝယ်တာငွေချေပေးတဲ့ ဘဏ်ကိုရွေးချယ်ထားပါတယ်။ အဲဒါကတော့ ကျနော်တို့ ကမ္ဘောဇ ဘဏ်ပါပဲ။”

Asia Precious Jewel Construction ကုမ္ပဏီက ကိုအောင်ထွဋ်ဦးကတော့ စတော့ဈေးကွက် အပေါ်အခုလိုသုံးသပ်ပါတယ်။

“ကမ္ဘာမှာလည်း ဒီလိုကုမ္ပဏီကြီးတွေက စတော့ပေါ်မှာအကုန်တင်ထားတာလေ။ စတော့ပေါ်တင်ထားပြီဆိုရင်တော့ ဒီကုမ္ပဏီက ခိုင်မာတယ်၊ ခိုင်ခိုင်မာမာရပ်တည်နိုင်တယ်လို့ တကမ္ဘာလုံးအနေအထားနဲ့ သတ်မှတ်ထားတယ်လို့ထင်တာပဲလေ။ အဲလိုမျိုးဖြစ်မယ်ထင်တယ်။ မြန်မာနိုင်ငံမှာ ထင်သလောက်အောင်မြင်မှုရနိုင်သလားဆိုတာကတော့ ဒီမှာ သူတို့ စတော့အိတ်ချိန်းကို လုပ်ပုံလုပ်နည်း ဘယ်လိုသတ်မှတ်ထားသလဲ၊ နောက် register ဝင်တဲ့ကုမ္ပဏီက မြန်မာနိုင်ငံအနေနဲ့ ဝင်တဲ့ ကုမ္ပဏီတွေက ဘယ်လောက်အထိဝင်လာမလဲ။ ဟိုနည်းနည်းလေးပဲ ဖြစ်နေရင်တော့ သိပ်မထူးဘူးလေ။ နောက်ခိုင်မာတဲ့ ကုမ္ပဏီတွေ၊ ငွေကြေးလည်းရှိတဲ့ ကုမ္ပဏီတွေတဖြည်းဖြည်းနဲ့ ဒီအပေါ်ကိုတင်လာ တင်လာရင်တော့ ၊ စတော့ပေါ်မှာများလာပြီဆိုရင်တော့ မြန်မာပြည်က စတော့က အောင်မြင်လာမယ်လို့ထင်ပါတယ်။”

ဒီလိုရန်ကုန်စတော့အိတ်ချိန်းမှာ အစုရှယ်ယာတွေ အများပြည်သူကို ထုတ်ရောင်းခွင့် ရရှိဖို့အတွက် မြန်မာနိုင်ငံသားပိုင် အများပိုင်ကုမ္ပဏီတွေအနေနဲ့ ၂ နှစ် အမြတ်အစွန်းရရှိကြောင်း၊ အခွန်ငွေ မှန်မှန်ပေး ဆောင်နေကြောင်း သက်သေပြဖို့ လိုအပ်မယ့်အပြင်၊ ကုမ္ပဏီမှာ အစုရှယ်ယာပေါင်း ၁၀၀ ရှိဖို့ လိုအပ်တယ်လို့ သိရပါတယ်။

XS
SM
MD
LG