သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူငယ် ခေါင်းဆောင်တွေ အိမ်ဖြူတော် အတွေ့အကြုံ


အိမ်ဖြူတော်မှာ သမ္မတနဲ့ တွေ့ဆုံခွင့်ရကြတဲ့ အရှေ့တောင်အာရှလူငယ်တွေထဲက သမ္မတကို ဖိတ်ခေါ်ဖို့ ရွေးချယ်ခံခဲ့ရသူ မဇင်မာမြင့်။
အိမ်ဖြူတော်မှာ သမ္မတနဲ့ တွေ့ဆုံခွင့်ရကြတဲ့ အရှေ့တောင်အာရှလူငယ်တွေထဲက သမ္မတကို ဖိတ်ခေါ်ဖို့ ရွေးချယ်ခံခဲ့ရသူ မဇင်မာမြင့်။

မြန်မာလူငယ်တွေရဲ့ကြိုးပမ်းချက်တွေကို အမေရိကန်သမ္မတအိုဘားမားကိုယ်တိုင်ချီးကျူးပြောဆိုခဲ့တဲ့အတွက်ဂုဏ်ယူအားတက်မိကြောင်း တနင်္လာနေ့က အမေရိကန်သမ္မတအိမ်ဖြူတော်မှာ ကျင်းပတဲ့ သမ္မတအိုဘားမားနဲ့တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ မြန်မာလူငယ်တွေက ပြောပါတယ်။ သမ္မတအိုဘားမားရဲ့ (YSEALI) အစီအစဉ်မှာပါဝင်တဲ့ အာဆီယံလူငယ်ခေါင်းဆောင်များတွေ့ဆုံပွဲမှာ မြန်မာလူငယ်စုစုပေါင်း (၉) ဦးပါဝင်ခဲ့တာပါ။ အဲဒီထဲက တချို့ကို မအင်ကြင်းနိုင်ကဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

အမေရိကန်သမ္မတရဲ့ (YSEALI) လို့ခေါ်တဲ့ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်အရ ရွေးချယ်ခံရတဲ့ အာဆီယံဒေသတွင်း လူငယ် (၇၅) ဦးဟာ အမေရိကန်ပြည်ထောင်စုတဝန်းက သူတို့နဲ့သက်ဆိုင်တဲ့ နယ်ပယ်တွေမှာ သွားရောက်ပြီး သီတင်း ငါးပတ်ကြာလေ့လာနေကြတာပါ။ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားနဲ့ မနေ့ကတွေ့ဆုံပွဲမှာ YSEALI အဖွဲ့မှာပါတဲ့လူငယ်တွေကို ကိုယ်စားပြုပြီး မြန်မာလူငယ်တဦးဖြစ်တဲ့ မဇင်မာမြင့်က အဖွင့်အမှာစကားပြောခွင့်ရခဲ့ပါတယ်။ သူဟာ ပညာပဒေသာဂျာနယ်ရဲ့ အယ်ဒီတာ တဦး ဖြစ်ပါတယ်။

“Hello Everyone, မင်္ဂလာပါ။ My name is Zin Mar Myint. And I’m from Yangon, Myanmar… ”

မေး။ ။ သမ္မတအိုဘားမားနဲ့တွေ့ဆုံပွဲမှာ မဇင်မာမြင့်ကပေါ့နော် မြန်မာတဦးအနေနဲ့ အရှေ့တောင်အာရှက လာတဲ့ လူငယ်ခေါင်းဆောင်အားလုံးကို ကိုယ်စားပြုပြီးတော့ သမ္မတအိုဘားမားကို ဖိတ်ခေါ်ခွင့်ရတဲ့အပေါ်မှာ အဲဒီအတွေ့အကြုံကို ပြောပါအုံးရှင့်။

ဖြေ။ ။ အရမ်းဝမ်းသာရတာပေါ့နော်၊ အားလုံးထဲမှာမှ၊ လူတွေ အများကြီးထဲမှာမှ မြန်မာကိုရွေးတယ်ဆိုတော့ ကမ္ဘာ့အလယ်မှာ မြန်မာတဦးအနေနဲ့ ပြောခွင့်ရတဲ့အတွက်တော့ ကျေးဇူးလည်းတင်ရတာပေါ့နော်။ အရမ်းလည်းဂုဏ်ယူမိပါတယ်။ အရမ်းလည်း ဝမ်းသာမိပါတယ်အမ။

မေး။ ။ သမ္မတအိုဘားမားကို ဖိတ်ခေါ်ဖို့ ဘယ်လိုပြင်ဆင်ခဲ့လဲရှင့်။

ဖြေ။ ။ ပထမကတော့ State Department က ဆက်သွယ်လာတုန်းကတော့ Introduce လုပ်ဖို့ဆိုပြီး မသိဘူး။ သူတို့က ညီမရဲ့ story ကို စိတ်ဝင်စားတယ်။ Introduce လုပ်ဖို့လူကောင်းတယောက်ဖြစ်မယ်ဆိုပြီးတော့ သူတို့က လာပြီးတော့ ဆက်သွယ်လာတာ။ လက်ခံလိုက်တယ်။ ဒါပေမယ့် ချက်ခြင်းပဲသူတို့က ဘာပြောမှာလဲတဲ့။ အဲလိုဆိုတော့ Preparation လုပ်ထားတာမရှိတော့ နှစ်နာရီလောက်တော့ အချိန်ပေးပါ-ပေါ့နော်၊ အဲလိုဆိုလို့ရှိရင် သေချာ Prepare လုပ်ပြီးရင် ပြန်ပြောပေးပါမယ်ဆိုပြီးတော့ ပြင်ဆင်လိုက်တာ။ ဒါပေမယ့် အဓိက-ကတော့ ကိုယ့်အကြောင်းကိုပဲ ကိုယ်ပြင်ဆင်တယ်။ ကိုယ့်ရဲ့ Background လေးကိုပြောတယ်။ ပြီးတော့ YSEALI ကြောင့် ရခဲ့တဲ့သင်ခန်းစာတွေ - အဲဒီဟာတွေ ပြောတယ်။ YSEALI ကို သိခဲ့တာကလည်း သမ္မတအိုဘားမား ဂျူဘလီဟောလ်မှာ ပြောခဲ့တဲ့ Speech ကို နားထောင်ပြီးတော့ပဲ သိခဲ့တာဆိုတော့ အဲဒါလေးကိုပဲ ပြန်ပြီးတော့ အစဖော်ရင်ကောင်းမယ်ဆိုပြီးတော့ အဲလိုမျိုး စဉ်းစားပြီးတော့ ရေးလိုက်တာ။ အဲဒါကိုမှ သူတို့က ပြန်နားထောင်သေးတယ်။ သူတို့ကြိုက်တော့မှပဲ လက်ခံလိုက်တာ။

သမ္မတအိုဘားမားမိန့်ခွန်းမှာလည်း မြန်မာလူငယ် ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာခိုင်သစ္စာမောင်အနေနဲ့ နှုတ်ခမ်းကွဲနေတဲ့ကလေး သူငယ်တွေကို အခမဲ့ခွဲစိတ်ကုသပေးရေးမှာ ကူညီပါဝင်နေသူတဦးအနေနဲ့ ချီးကျူးဂုဏ်ပြုစကားပြောသွားပါတယ်။

မေး။ ။ သမ္မတအိုဘားမားကိုယ်တိုင် မခိုင်သစ္စာမောင်ကို မိတ်ဆက်ပြီး သူပြောသွားတယ်ပေါ့နော်။ အခု သူတွေ့ခဲ့တဲ့ ဆရာဝန်တွေထဲမှာ မခိုင်သစ္စာမောင်က အသက်အငယ်ဆုံးဆရာဝန်အဖြစ်ပေါ့နော်- သမ္မတကနေ ဒီလို ချီးကျူးသွားတာကို မခိုင်သစ္စာမောင်ရော ဘယ်လိုမြင်လဲရှင့်။

“အော်- ညီမလား၊ အရမ်းလည်း ဝမ်းသာပါတယ်၊ အရမ်းလည်း ဂုဏ်ယူပါတယ်။ ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေအတွက် ပွဲပြီးတဲ့အချိန်မှာ လာနှုတ်ဆက်တဲ့ အချိန်မှာလည်း ‘Thank you for …. Everything you’re doing…တဲ့။’ ပြီးတော့လည်း တကယ်ပါ-တဲ့။ seriously you look like your 14 တဲ့ သူက ဆက်ပြောတယ်အမ။ ညီမစိတ်ထဲမှာ အရမ်းလည်း ကျေလည်းကျေနပ်တယ်။ ပျော်လည်းအရမ်းပျော်ပါတယ်။”

မေး။ ။ ဟုတ်ကဲ့၊ အဲဒီတော့ မခိုင်သစ္စာမောင်က မြန်မာနိုင်ငံမှာ ဆရာဝန်တဦးအနေနဲ့ ဘာတွေများ ဆောင်ရွက်နေပါလဲရှင့်။

ဖြေ။ ။ ဝိတိုရိယဆေးရုံမှာ ညီမ အလုပ်လုပ်ပါတယ်။ International relation နဲ့ Public relation …. အလုပ် လုပ်နေပါတယ်။ ညီမအားနေတဲ့ free time တွေအကုန်လုံးမှာ ညီမက ဗစ်တိုးရီးယား …. ဖောင်ဒေးရှင်းဆိုတဲ့ ဖောင်ဒေးရှင်းနဲ့ ညီမက အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲကလေးတွေ၊ မတတ်နိုင်တဲ့ကလေးတွေအကုန်လုံးကို ညီမတို့ကနေပြီးတော့ အခမဲ့ ခွဲစိတ်ကုသပေးပါတယ်။ မနှစ်က ၂၀၁၄ မှာ အယောက် ၂၀၀ ကျော် ခွဲခဲ့ပါတယ်။ ဒီနှစ် ၂၀၁၅ ၊ အောက်တိုဘာမှာလည်း အယောက်တရာကျော် ထပ်ခွဲဖို့ရှိပါတယ်။ နောက်ပြီးတော့ ညီမတို့က နားမကြားတဲ့ကလေးတွေအတွက်လည်း copier implant ပေါ့နော်၊ နားအကြားအာရုံထည့်ပေးတဲ့ စက်ကလေး၊ implant လေးကိုလည်း နားထဲထည့်ပေးပြီးတော့ ဒီကလေးကို စကားပြောတတ်အောင် ထပ်ပြီးတော့ သင်ပေးပါတယ်။ အဲလိုတွေလည်း လုပ်ပေးပါတယ်။ ပြီးတော့လည်း နယ်လှည့်ပြီးတော့ ဆေးကုသတဲ့အစီအစဉ် ဆရာဝန်ကြီးတွေနဲ့ တတ်ကျွမ်းတဲ့ဆရာဝန်ကြီးတွေ အကုန်လုံးကိုလည်း ခေါ်သွားပြီးတော့ နယ်လှည့်ပြီးတော့ ဆေးကုသတာကိုလည်း ကျမတို့ ၇ ခေါက် သွားပြီးပါပြီရှင့်။

တက်ရောက်လာတဲ့ အာဆီယံဒေသတွင်းလူငယ်တွေဘက်က သမ္မတအိုးဘားမားနဲ့အပြန်အလှန်မေးခွန်းမေးရာမှာ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေတဲ့ ချင်းတိုင်းရင်းသားလူငယ် မုန်ပီးတယောက်လည်းပါပါတယ်။

မေး။ ။ သမ္မတအိုဘားမားနဲ့တွေ့ဆုံပွဲမှာ မုံပီး ကိုယ်တိုင် မေးခွန်းမေးသွားတဲ့ဟာနဲ့ အတွေ့အကြုံကို ပြောပြပါအုံးရှင့်။

ဖြေ။ ။ ဟုတ်ကဲ့၊ ကျနော်မေးတဲ့မေးခွန်းကပေါ့နော်၊ ဒီမြန်မာနိုင်ငံမှာ ကြီးပွားပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံက ဘယ်လိုမျိုး contribute လုပ်နိုင်မလဲ၊ အခြေအနေဘယ်လိုရှိလဲဆိုတဲ့ဟာ ဘာတွေ တွေ့ထားတယ်ဆိုတဲ့ဟာ ကျနော်မေးတဲ့မေးခွန်းပေါ့နော်။ သူလည်း ဖြေထားတာတော့ ကျနော်တို့နိုင်ငံမှာ အများကြီးပိုပြီးတော့ လုပ်ဖို့ လိုသေးတယ်။ transparent – ဒီ ကျနော်တို့ institution ပိုင်းမှာဖြစ်ဖြစ် လုပ်ငန်းပိုင်းဆိုင်ရာမှာ transparency အများကြီးဖြစ်ဖို့ လိုသေးတယ်။ ပြီးတော့ စင်ကာပူကို ဥပမာပေးပြီးတော့ ပြောသွားတာပေါ့နော်။ သူတို့မှာ ဘာမှကို မရှိဘူး။ ဒါပေမယ့် သူတို့မှာက ဒီလိုမျိုး ကမ္ဘာကို service ပေးနိုင်တဲ့အရည်အချင်းရှိတဲ့ဟာမျုးိမှာ ကျနော်တို့ စင်ကာပူနိုင်ငံကနေ အများကြီး သင်ယူလို့ရတယ်ဆိုတဲ့ဟာမျိုး ကြီးပွားရေးပိုင်းဆိုင်ရာမှာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်တွေ ပေးသင့်တယ်၊ အဲလိုမျိုး ဦးစားပေးပြီး ပြောသွားတာပေါ့နော်။

အမေရိကန်သမ္မတရဲ့ (YSEALI) လို့ခေါ်တဲ့ အရှေ့တောင်အာရှ လူငယ်ခေါင်း ဆောင်များ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်အရ အာဆီယံ ဒေသတွင်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ကျန်းမာရေး နယ်ပယ်အသီးသီးမှာ ထူးထူးချွန်ချွန်ဆောင်ရွက်လုပ်ကိုင်နေတဲ့ လူငယ်တွေကို အမေရိကန်ပြည်ထောင်စုမှာ လာရောက်လေ့လာဖို့ ဖိတ်ခေါ်တာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG