သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒီမိုကရေစီ လှုပ်ရှားသူများ ဟောင်ကောင်ဆန္ဒပြမှုကို ထောက်ခံ


မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ဟောင်ကောင် ဆန္ဒပြ ကျောင်းသားတွေကို ထောက်ခံစုဝေးခဲ့ကြစဉ်။
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ဟောင်ကောင် ဆန္ဒပြ ကျောင်းသားတွေကို ထောက်ခံစုဝေးခဲ့ကြစဉ်။

ထီး တော်လှန်ရေးဆိုပြီး တင်စားသုံးနှုန်းတဲ့ ဟောင်ကောင်ကျောင်းသားဆန္ဒပြမှုတွေဟာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေးတတ်ကြွလှုပ်ရှားသူတွေအကြား အတော်လေး စိတ်ဝင်စားမှုဖြစ်နေပါတယ်။ ကျောင်းသားသမဂ္ဂလှုပ်ရှားသူတွေအပါအဝင် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေအနေနဲ့ ဒီ ဟောင်ကောင် ဆန္ဒပြမှုကို ထောက်ခံ အားပေးတဲ့ လှုပ်ရှားမှုတွေပါ လုပ်လာကြပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အပါအဝင် ကျောင်းသားသမဂ္ဂတက်ကြွလှုပ်ရှားသူ ၅၀ လောက်ဟာ ဟောင်ကောင်ကျောင်းသား ဆန္ဒပြမှုကိုထောက်ခံအားပေးတဲ့ လှုပ်ရှားမှုတရပ်ကို ရန်ကုန်မြို့လယ် မဟာဗန္ဒုလပန်းခြံထဲမှာ စုပြီး တနေ့က ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာကျောင်းသားတွေ အနေနဲ့ ဆန္ဒပြဟောင်ကောင်ကျောင်းသားတွေနဲ့ တသားတည်းရှိတယ်ဆိုတာကို ပြသတာဖြစ်တယ်လို့ ဆန္ဒပြ ဦးဆောင်သူတဦးဖြစ်တဲ့ ဗကသများ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောပါတယ်။

“ဒီမိုကရေစီရေးလှုပ်ရှားမှုကပေါ့နော်။ ဒီဟောင်ကောင်မှာ ကျောင်းသားတွေကနေ စတင်ပြီး ဦးဆောင်ခဲ့တယ်။ ဒါ ကျမတို့နိုင်ငံ သမိုင်းကြောင်းနဲ့ ဆင်တူတာလည်း တွေ့တယ်ပေါ့နော်။ ကျောင်းသားတွေကနေစပြီး ဒီမိုကရေစီရေးလှုပ်ရှားမှုကို ဦးဆောင်ပါဝင်ခဲ့ပြီးတော့ ကျောင်းသားတွေရဲ့ဦးဆောင်မှု နောက်မှာ ပြည်သူတွေ ပါဝင်လာတာကိုလည်း တွေ့ရတယ်။ ကျမတို့တွေကတော့ လက်ရှိ ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေကို ဦးဆောင်နေတဲ့ ကျောင်းသားအဖွဲ့အစည်းတွေနဲ့လည်း ကျမတို့နဲ့ ချိတ်ဆက်မှုတွေ၊ အဆက်အသွယ်တွေ ရှိပါတယ်။ ရှိတဲ့အခါကျတော့ ကျမတို့ကတော့ ဒီ ဟောင်ကောင် ကျောင်းသားတွေနဲ့ ကျမတို့တွေနဲ့ သူတို့ကို ထောက်ခံအားပေးတယ်၊ သူတို့နဲ့ တသားတည်းရှိတယ်ဆိုတဲ့ဆန္ဒတွေ၊ ကျမတို့ရဲ့ ခံစားချက်တွေ --လှုပ်ရှားမှုလေးတွေကို ကျမတို့ လုပ်နေတာတွေ ရှိတယ်။”

ဟောင်ကောင်ကျောင်းသားတွေရဲ့ ဆန္ဒပြလှုပ်ရှားမှုကို မြန်မာကျောင်းသားလူငယ်တွေတင်မဟုတ်ပဲ မြန်မာ့ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေကြသူတွေပါ ထောက်ခံအားပေးကြပါတယ်။ မြန်မာအမျိုးသမီးရေး တက်ကြွလှုပ်ရှားသူလည်းဖြစ် CSO အရပ်ဖက်လူမှုအဖွဲ့အစည်းလှုပ်ရှားသူတဦးလည်းဖြစ်တဲ့ မခင်လေးကတော့ ဒီလှုပ်ရှားမှုအခြေအနေကိုကြည့်ရင်း ဟောင်ကောင် ကျောင်းသားတွေရော ဟောင်ကောင်လူထုကိုပါ လေးစားချီးကျူးမိတယ်လို့ ပြောပါတယ်။

“စစချင်းမှာ သူတို့လူနည်းနည်းနဲ့စတယ်။ အဲဒီ စတဲ့အချိန်မှာတောင်မှ ကျောင်းသားတွေက တကယ်ကိုမှ လာဆန္ဒပြတယ်။ ဒါပေမယ့် သူတို့ ကျောင်းသား အလုပ်ကို လုပ်တယ်ဆိုတာမျိုး- Homework တွေ၊ ကျောင်းစာတွေကိုလည်း သူတို့ ဆန္ဒပြနေရင်းနဲ့ထိုင်ပြီး စာအုပ်ကလေးတွေဖွင့်ပြီး လုပ်နေတာမျိုးလည်း တွေ့ရတယ်။ ကျမတအားကိုမှ ကလေးတွေ၊ လူငယ်တွေကို သဘောကျမိတယ်။ မနေ့ကညက ဖြစ်တဲ့အဖြစ်အပျက်ကို ကြည့်တဲ့အခါမှာ ပြည်သူအချင်းချင်း၊ အရပ်သားအချင်းချင်း နည်းနည်းလေး ကတောက်ကဆဖြစ်တဲ့ပုံစံမျိုးနဲ့ တွန်းလားထိုးလား တွေ့ရတယ်။ သတင်းတွေအရတော့ တရုတ်အစိုးရကို ထောက်ခံတဲ့သူတွေကနေပြီးတော့ ဆန္ဒပြတဲ့သူတွေကို မလုပ်နဲ့ဆိုတဲ့ဟာမျိုးပေါ့၊ ဆန့်ကျင်တဲ့ပုံစံမျိုး၊ အိမ်ကြက်ချင်းအိုးမည်းသုတ်ပေးတဲ့ ပုံစံမျိုးတွေ့ရတယ်။ ကျမကတော့ ဒါ အာဏာရှင်တွေ လုပ်နေကျ၊ ကျမတို့ဆီမှာလည်း အရင်တုန်းက ဆန္ဒပြမှုတွေကို အဓိကရုဏ်းပုံစံ၊ အကြမ်းဖက်တဲ့ပုံစံဖြစ်အောင် မွှေတယ်၊ နှောက်တယ်၊ သတင်းပေးတွေ၊ အလိုတော်ရိတွေ၊ စွမ်းအားရှင်တွေ၊ ဒါတွေက ဒီလိုမျိုးပဲ အရင်တုန်းကတော့ ထောက်လှမ်းရေးတွေက လုပ်နေကျပုံစံတွေ လုပ်တာပဲဆိုတာ သွားသတိရမိတယ်။

“ကျမ အားရမိတဲ့အချက်က ဟောင်ကောင် တရုတ်လူမျိုးတွေနေတဲ့နေရာ၊ နိုင်ငံရေးကို သိပ်စိတ်မဝင်စားဘူး။ စီးပွားရေးနဲ့ ကိုယ့်အရေးပဲကိုယ် စိတ်ဝင်စားတဲ့ လူတွေလို့ ထင်ရတဲ့သူတွေတောင်မှာ လမ်းပေါ်ကို ထောင်နဲ့သောင်းနဲ့ချီပြီး ထွက်လာအောင် လုပ်နိုင်တယ်ဆိုတဲ့အတွက် ဟောင်ကောင်က ကျောင်းသားတွေကို တကယ်ချီးကျူးပါတယ်။”

အခု ဆန္ဒပြမှုကို တရုတ်အစိုးရကတော့ တရားမဝင်ဆန္ဒပြမှုဖြစ်တယ်ဆိုပြီး တုံ့ပြန်ထားပါတယ်။ တရုတ်အနေနဲ့ ဟောင်ကောင်ဒီမိုကရေစီရေးလှုပ်ရှားမှုကို လက်ခံနိုင်မှာမဟုတ်ပေမယ့်လို့ နိုင်ငံတကာအခြေအနေအရရော ဟောင်ကောင်ကျွန်းရဲ့ ထူးခြားချက်အရပါ အခု ဟောင်ကောင်လှုပ်ရှားမှုကို သတိထား ကိုင်တွယ်ရမယ့်အခြေအနေဖြစ်တယ်လို့ ဒေသတွင်းနိုင်ငံရေးတွေကို လေ့လာသူ ကိုကျော်လင်းဦးက ပြောပါတယ်။

“ဒီမိုကရေစီလွတ်လပ်ခွင့်တွေ ဆိတ်သုဉ်းလာတယ်။ နောက်ပြီး တရုတ်ပြည်မကြီးက အာဏာပိုင်တွေကနေပြီးတော့မှ ဟောင်ကောင်ကျွန်း အာဏာပိုင်တွေကနေ တဆင့် ချုပ်ခြယ်မှုတွေ ရှိလာတယ်။ ပိုပြီးတော့မှ တင်းကြပ်မှုတွေ ရှိလာတယ်။ ဒီအပေါ်မှာ ဒီမျိုးဆက်ကနေပြီးတော့မှ လက်မခံဘဲနဲ့ ဆန့်ကျင်ရာကနေပြီးတော့မှ နောက်ဆုံးတော့ Unbrella တော်လှန်ရေး- နောက်ဆုံးပိတ်ပေါ့ဗျာ- ကမ္ဘာမှာ ဒီမိုကရေစီနဲ့ပတ်သက်လို့ နောက်ဆုံးပိတ် လှုပ်ရှားမှုတခု ပေါ်ပေါက်လာတယ်လို့ ကျနော်မြင်ပါတယ်။”

ဟောင်ကောင် ကျောင်းသားဆန္ဒပြမှုတွေကို မြန်မာတွေဖက်က အခုနကလို လူကိုယ်တိုင်စုဝေးပြီး ထောက်ခံဆန္ဒပြမှုတွေရှိသလို အထူးသဖြင့် ဆိုရှယ် မီဒီယာတွေပေါ်ကနေ ထောက်ခံလှုပ်ရှားမှုတွေလည်း တွေ့ရတယ်လို့ မခင်လေးက ပြောပါတယ်။

မြန်မာနိုင်ငံထဲမှာထုတ်တဲ့ ပုဂ္ဂလိကပိုင် သတင်းစာဂျာနယ်တွေမှာတော့ ဟောင်ကောင်ကျောင်းသားဆန္ဒပြမှုသတင်းတွေကို နိုင်ငံတကာသတင်းတွေမှာ ထိပ်ဆုံး သတင်းအနေနဲ့ နေရာပေးဖော်ပြကြပါတယ်။ မြန်မာအစိုးရသတင်းစာတွေမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ စပြီး ဖော်ပြခဲ့ပေမယ့်၊ သတင်းတင်ပြမှု ပုံစံ သတင်းခေါင်းစဉ်ရွေးချယ်မှုတွေမှာတော့ အတော်လေး ထိန်းထိန်းသိမ်းသိမ်း သတိထားရေးနေတာ တွေ့ရပါတယ်။

XS
SM
MD
LG