သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူငယ်တွေ မိတ်ဆွေများနေ့ကျင်းပ


my friend campaign။
my friend campaign။

ဇူလိုင်လ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ မိတ်ဆွေ အပေါင်းအသင်းများနေ့ ကို မြန်မာနိုင်ငံမှာလည်း လူငယ်တွေဦးစီးပြီး ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ပန်းခြံမှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်နေပါတယ်။ လှပတဲ့ အနာဂတ်ကို အတူတကွ တည်ဆောက်ကြစို့ ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး လူငယ်တွေရဲ့ ကြားမှာ ဖြစ်တည်နေတဲ့ အခက်အခဲတွေ အပါအဝင် စကားဝိုင်း ဆွေးနွေးပွဲတွေနဲ့ လူမျိုးမတူ ဘာသာမတူတဲ့ လူငယ်တွေအတူ ဓာတ်ပုံရိုက်ကြပြီး လူ့မှုကွန်ရက်တွေပေါ်မှာ တင်ပြီး ပျော်ပျော်ပါးပါး ဆင်နွဲှသွားမယ်လို့ ပွဲစီစဉ်သူတစ်ဦးက ဆိုပါတယ်။ လူငယ်တွေ မိတ်ဆွေ အပေါင်းအသင်းဖွဲ့ပြီး ဘယ်လိုတွေ ဆောင်ရွက်နေလဲဆိုတာကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံမှုတွေနဲ့ အမုန်းစကားတွေကို ဆန့်ကျင်တဲ့အနေနဲ့ လူမျိုးဘာသာမတူတဲ့ လူငယ်တွေ အတူတကွ ရင်းရင်းနှီးနှီး selfie ဓာတ်ပုံတွေ ရိုက်ကြပြီး လူမှုကွန်ရက်တွေပေါ်မှာ ဖြန့်ဝေနေကြတဲ့ My friend campaign အဖွဲ့က ဦးဆောင်ပြီး နိုင်ငံတကာ မိတ်ဆွေအပေါင်းအသင်းများနေ့ကို လူငယ်တွေနဲ့အတူ ပျော်ပျော်ပါးပါး ဖြတ်သန်းနေကြပါတယ်။

မတူကွဲပြားတဲ့ လူငယ်တွေကြားမှာ အတူတကွလက်တွဲပြီး ရင်းနှီးချစ်ခင်တဲ့ လူ့ဘောင် အသိုင်းအဝိုင်းလေးတစ်ခုတည်ဆောက်နိုင်အောင် ဒီပွဲလေးကို လုပ်ဖြစ်တာလို့ အဖွဲ့ဝင် မသဉ္ဖာရွှန်းလဲ့ရည်က ဆိုပါတယ်။

"မတူကွဲပြားတဲ့သူငယ်ချင်းတွေ ပုံရိပ်တွေ သူတို့ကြားထဲမှာ ရှိနေတဲ့ အောင်မြင်တဲ့ သူငယ်ချင်းဖြစ်မှုတွေ မိတ်ဆွေဖြစ်မှုတွေ ဒါတွေကို ကျမတို့က ပြန်လည် တင်ဆက်တဲ့သဘောပေါ့နော်။ ဆိုတော့ အဲ့လိုပုံစံမျိုးလေး ကျမတို့က ဒီမှာ ပွဲ လုပ်ဖြစ်တယ်။ "

လှပတဲ့ အနာဂတ်ကို အတူတကွတည်ဆောက်ကြစို့ဆိုတဲ့ ခေါင်းစဉ်နဲ့ စကားဝိုင်းဆွေးနွေးပွဲတွေ လူငယ်အဆိုတော်တွေရဲ့ တေးဂီတဖျော်ဖြေပွဲနဲ့ လူမျိူးမတူ ဘာသာမတူတဲ့ လူငယ်တွေ အတူတကွ ဓာတ်ပုံရိုက်ကြပြီး လူမှု ကွန်ရက်တွေပေါ်မှာ ဖြန့်ဝေကြမယ့် အစီအစဉ်တွေအပြင် လက်တလော ပြည်တွင်း မှာ ဖြစ်ပေါ်နေတဲ့ ရေဘေးဒုက္ခသည်တွေအတွက် ရန်ပုံငွေ ရှာပွဲကိုလည်း လူငယ်တွေ တတပ်တအား ရန်ပုံငွေ ကောက်ခံသွားမှာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပေမဲ့ နောက်နှစ်တွေ မှာလည်း နိုင်ငံတကာလူငယ်တွေနဲ့ ပူးပေါင်းပြီး ဆင်နွဲသွားဖို့ရှိတယ်လို့ အဖွဲ့ဝင် မဝေဝေနုက ဖွင့်ဟပါတယ်။

"ဒါ ဒီနှစ်ကတော့ အစပေါ့ အခြားနှစ်တွေမှာလည်း ကျမတို့ ကမ်ပိမ်း ကြီးရင် ကြီးလာသလောက် နောင်နှစ်တွေမှာလည်း တခြားနိုင်ငံတွေနဲ့ပူးပေါင်းပြီး အဲ့လိုမျိုး နိုင်ငံတကာပုံစံမျိုး ကျမတို့ ပူးပေါင်းပြီး လုပ်သွားဖို့ရှိပါတယ်။ ကမ်ပိမ်းကလည်း မြန်မာနိုင်ငံမှာ စပေမဲ့ နိုင်ငံတကာအထိဖြစ်လာဖို့ ရည်ရွယ်ပါတယ်။"

ဒီနေ့ပွဲမှာ လူငယ်တွေနဲ့အတူ တေးသံရှင် ဖြူဖြူကျော်ကျော်သိန်းကလည်း လူငယ်တွေနဲ့အတူ အမှတ်တရ selfie ဓာတ်ပုံရိုက်ပြီး လူမျိုး မတူ ဘာသာမတူ အသားအရောင်မတူ ယုံကြည်ချက်တွေမတူပေမယ့်လို့ မေတ္တာတရားနဲ့ ရင်းနှီးချစ်ခင်မှုတွေ ကို လေးစားပြီး သူငယ်ချင်းအဖြစ် မိတ်ဖွဲ့ကြမှာလည်းဖြစ်ပါတယ်။ လူငယ်တွေဦးစီးပြီး လုပ်တဲ့ပွဲလေးတွေ များများရှိလာဖို့လိုတယ်လို့ သူက တိုက်တွန်းပါတယ်။

"အခုနောက်ပိုင်းမှာတော့ ဒီလိုမျိုးလေးတွေက ဒီဘက်နောက်ပိုင်းမှာ ၂၀၁၀ နောက်ပိုင်းမှာ တဖြေးဖြေး လုပ်လို့ရလာတာပေါ့နော်။ အရင်တုန်းကဆိုရင် စတိတ်ရှိုးတွေ လုပ်ဖို့ကလည်း ခက်တယ်လေ။ စတိတ်ရှိုးအနေန့ မဟုတ်တဲ့ တခြားလူမှုရေးပွဲလေးတွေဆိုလို့ရှိရင်လည်း ဒါလုပ်ဖို့ အစီအစဉ်လေးတွေက ခက်တတ်တာပေါ့။ အခုနောက်ပိုင်းကတော့ အရင်ကထက်ပိုပြီး လွတ်လွတ်လပ်လပ် လုပ်လို့ရလာတယ်။ နောက်ပိုင်းကျလို့ရှိရင်တော့ ဒီ့ထက် ထပ်ခါထပ်ခါလေးတွေ လုပ်ပေးနိုင်လို့ရှိရင်တော ပိုပြီးတော့ အကျိုးရှိမယ်လို့ထင်တယ်။ "

မြန်မာနိုင်ငံမှာ လူငယ်တွေရဲ့ အမြင်တွေ ရင်းနှီးချစ်ခင်မှုတွေကို ဆက်နွယ်ပေးပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဆွေးနွေးဖလှယ်ကာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေလုပ်ပြီး မလိုလားအပ်တဲ့ အမှားတွေလည်း ဖြစ်လာမှာ မဟုတ်ဘူးလို့ လူငယ်တွေက ရင်ဖွင့်ကြပါတယ်။ လူငယ် အများစုဟာ မိတ်ဆွေသူငယ်ချင်းတွေကို တန်ဖိုးထားချစ်ခင်တတ်တာမို့ ဒီနေ့ပွဲမှာ အများအပြားလာရောက်ကြတယ်လို့ မသဉ္ဇာရွန်းလဲ့ရည်က ပြောပါတယ်။

" မိတ်ဆွေသူငယ်ချင်းက လူတိုင်းနီးပါးမှာရှိတယ်။ နောက် လူငယ်ဘဝမှာဆို မိတ်ဆွေသူငယ်ချင်းက အရမ်းကို အရေးကြီးတယ်။ ဆိုတော့ မိတ်ဆွေသူငယ်ချင်းလို့ပြောတဲ့အခါမှာလည်း မတူညီတဲ့မိတ်ဆွေသူငယ်ချင်းတွေ အများကြီးရှိကြတော့ မတူကွဲပြားမှုကို ရှိနေပေမဲ့ သူတို့တွေက ချစ်နေတုန်းပဲ တယောက်နဲ့ တယောက် လေးစားတုန်းပဲ တယောက်နဲ့ တယောက် မေတ္တာထားတုန်းပဲ ဆိုတော့ တော်တော်များများနဲ့ ချိတ်ဆက်တယ်လို့ ပြောလို့ရတယ်။ တော်တော်များများ လူငယ်တွေ ပါဝင်မှုရှိလာတယ်။ ပြီးတော့ ဓာတ်ပုံတွေ တင်တဲ့အခါလည်း လူငယ်တွေ သဘောကျတဲ့ Selfie ပေ့ါ သူကတော့ ဗုဒ္ဓဘာသာပါ ကျမကတော့ ခရစ်ယာန်ပါ။ ကျမတို့က သူငယ်ချင်းတွေပါဆိုတဲ့ အဲ့လို မတူကွဲပြားမှုကို appreciate လုပ်တဲ့ပုံစံလေးနဲ့သွားတော့ အကုန်လုံးရဲ့ ပူးပေါင်းပါဝင်မှုပါတယ်လို့ပြောလို့ရတာပေါ့နော်။"

နိုင်ငံတကာ မိတ်ဆွေ အပေါင်းအသင်းနေ့ကို မတူညီတဲ့ လူမျိုးတွေကြား နိုင်ငံတွေကြား ယဉ်ကျေးမှုတွေနဲ့ အမြင်တွေကြား မှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ နဲ့ ရင်းနှီးချစ်တဲ့ ပေါင်းကူး တံတားတစ်ခု တည်ဆောက်ဖို့ရည်ရွယ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ၂၀၁၁ ခုနှစ်မှာ သတ်မှတ်ပေးထားတာဖြစ်ပါတယ်။

XS
SM
MD
LG