သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးမြင့်ဆွေကို ရွေးချယ်မှု ပြည်ပရောက်လှုပ်ရှားသူတချို့အမြင်


အရင်စစ်အစိုးရလက်ထက်ကစလို့ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်အထိ ထိပ်တန်းတာဝန်ယူတွေယူခဲ့သူ ဦးမြင့်ဆွေကို ဒုသမ္မတအဖြစ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ရွေးချယ်လိုက်တဲ့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ထိပ်တိုက်တွေ့စရာတွေ ဖြစ်လာနိုင်တယ်လို့ မြန်မာ့ရေးကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူထားတဲ့ စာရင်းထဲမှာ ပါဝင်နေသူတဦးကို အခုလို ရွေးချယ် တင်မြှောက်တာဟာလည်း စစ်တပ်အနေနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မကြာခင် သီတင်းပတ်တွေအတွင်း ဖွဲ့စည်းတော့မယ့် အစိုးရသစ်အတွက် ဒုသမ္မတလောင်း အမည်စာရင်းတွေကို တင်သွင်းကြတဲ့အထဲ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သူလည်းဖြစ်၊ စစ်အစိုးရလက်ထက်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ ထိပ်တန်း တာဝန်တွေ ထမ်းဆောင်ခဲ့သူလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြင့်ဆွေကို တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းလိုက်တာ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေကို အခုလို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်လိုက်တဲ့အတွက် အနာဂတ်မှာ NLD နဲ့ စစ်တပ်အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊ မြန်မာနိုင်ငံရေး အကဲခတ်တဦးလည်းဖြစ်တဲ့ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“တပြည်လုံးအတိုင်းအတာနဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချတဲ့ ကိစ္စမှာကတော့ NLD နဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေနဲ့ပေါ့နော် ထိပ်တိုက် တွေ့စရာတွေ တော်တော်များလိမ့်မယ်လို့ ယူဆတယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ သူရော၊ NLD ကတင်တဲ့ ပုဂ္ဂိုလ်တွေရောက ဒီ ကာလုံ လို့ခေါ်တဲ့ အဖွဲ့ထဲမှာလည်း တွေ့မယ်။ နောင်လည်းပဲ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချစရာရှိလာတဲ့အခါမှာ အယူအဆ မတူတဲ့အခါမှာ ထိပ်တိုက်တွေ့မယ်လို့ ယူဆတဲ့အတွက် ချောမွေ့ဖို့အတွက်တော့ ကျနော်တို့ သိပ်စိတ်မကောင်းစရာ မျှော်လင့်ရတာပေါ့ခင်ဗျ။”

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်မှာရော၊ အရင် စစ်အစိုးရလက်ထက်က ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလတွေမှာရော သူလုပ်ဆောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ တခြားအုပ်ချုပ်ရေးပိုင်ဆိုင်ရာ ကိစ္စရပ်တွေမှာ မရိုးသားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့အတွက် သူ့ကို ဒုသမ္မတအဖြစ် ရွေးချယ်မှုအပေါ် ပြည်သူလူထုအနေနဲ့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့လည်း ဒေါက်တာတင့်ဆွေက ဆက်ပြောပါတယ်။

“ဒုဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေက အမေရိကန်ပြည်ထောင်စုရဲ့ Sanction လို့ခေါ်တဲ့ တဦးချင်းဒဏ်ခတ်အမည် စာရင်းထဲမှာလည်း ပါထားတယ်။ နောက်တခုက သူ ရန်ကုန်တိုင်းမှူးရော၊ နောက်တခါ စဝတဥက္ကဋ္ဌရော၊ ဝန်ကြီးချုပ်ရောပေါ့နော် ရန်ကုန်မှာ လုပ်လာတော့ အဲဒါတွေကြည့်လို့ရှိရင် အခု လောလောလတ်လတ်ကို အစိုးရအာဏာ လွှဲပြောင်းခြင်း မတိုင်ခင်လေးမှာ ရန်ကုန်မှာ ဖြစ်နေတဲ့ စီးပွားရေးနဲ့ဆိုင်တဲ့၊ တနည်းအားဖြင့် ငွေပေါ့နော်၊ ဆိုင်တဲ့ကိစ္စတွေ၊ မြေသိမ်းကိစ္စ၊ စသည်ဖြင့်ပေါ့နော် အဲဒါတွေမှာ ဦးမြင့်ဆွေမှာ တာဝန်ရှိတယ်လို့ မြင်တယ်ခင်ဗျ။ သူကိုယ်တိုင်လည်း ပတ်သက်တယ်လို့ ယူဆပါတယ်။ အဲဒီတော့ ဒီအခြေအနေဟာ ပြည်သူလူထုဘက်ကပေါ့နော်၊ ကျနော်တို့က ဒီမိုကရေစီပြောနေတော့၊ ပြည်သူလူထုဘက်က အမြင်မရှင်းတာတွေ တော်တော်ကို များတယ်။ အဲဒီတော့ သူ့ကိုရွေးတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေါ့နော်၊ သူပါ တာဝန်ရှိလာတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်က သူရွေးတင်လိုက်တဲ့ ဒုသမ္မတလောင်းတွေကို ဘာ့ကြောင့်ရွေးရတယ်ဆိုတဲ့ အချက်အလက်တွေကို ကျကျနန၊ လူသိရှင်ကြားပေါ့နော် တရားဝင် ပြောသလို၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဗိုလ်ချုပ်ကြီးမြင့်ဆွေအတွက် သူကလည်း ဘာ့ကြောင့် သူရွေးတယ်ဆိုတာကို ပြောမှသာလျှင် ပြည်သူလူထုက အတန်အသင့် နားလည်ရလိမ့်မယ်။”

တပ်မတော်ဘက်မှာ ဒုသမ္မအဖြစ် ရွေးချယ်စရာ တခြား အရည်အချင်းပြည့်မှီတဲ့ ဗိုလ်ချုပ်ဟောင်းတွေ အများအပြား ရှိနေပါလျက်နဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေကို တမင် ရွေးချယ်တာဟာ စစ်တပ်ရဲ့ လက်ရှိ စီးပွားရေး အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ တပ်မှုထမ်းဟောင်း တဦးလည်းဖြစ်တဲ့ ဦးမျိုးမြင့်က သုံးသပ်ပါတယ်။

“ကျနော်ကတော့ ၂ ပိုင်း မြင်တယ်ဗျ။ ပထမအချက်ကတော့ - ဒုသမ္မတ (၁) နေရာကို သူတို့ မရ ရအောင်ကြိုးစားလိမ့်မယ်လို့ ထင်တယ်ဗျ။ ဘာလို့လဲဆိုတော့ ဒုသမ္မတ (၁) သည် စီးပွားရေးဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ အကြီးအကဲလို့ ဆိုတာကိုး။ ဆိုတော့ စီးပွားရေးဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ အကြီးအကဲဖြစ်တဲ့အလျောက်ပေါ့ဗျာ၊ တစုံတရာ စီးပွားရေးဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ အပေါ်မှာ သူ့ရဲ့ သြဇာသက်ရောက်နိုင်မှုလည်း ရှိနိုင်သလို၊ တစုံတရာ ဝင်ရောက်စွက်ဖက်တာတို့၊ ချယ်လှယ်တာတို့လည်း လုပ်လို့ရနိုင်ခြေ ရှိတယ်ဗျ။ ဒီအတွက် ဒုသမ္မတချင်း အတူတူတောင် သူတို့က (၁) နေရာကို ရအောင်လုပ်လိမ့်မယ်လို့ ကျနော်ထင်တယ်။ ဒုတိယအချက်က ဗိုလ်ချုပ်မြင့်ဆွေမှ မဟုတ်ဘူးဗျ၊ ကျန်တဲ့ ဗိုလ်ချုပ်ကြီးဟောင်းတွေပေါ့ အများအကြီးရှိတာပဲ။ ရွေးချယ်လို့ရရဲ့သားနဲ့ သူ့ကို ရွေးတင်တာက စစ်အုပ်စုဘက်ကလည်း သေသေချာချာ ကျကျနန တွက်ချက်ပြီးလုပ်တာလို့ ထင်တယ်ဗျ။ ဘာလို့လည်းဆိုတော့ လူ့အခွင့်အရေး မှတ်တမ်းပေါ့ဗျာ၊ Human Rights Records တွေနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မြင့်ဆွေမှာ အပြစ်အနာအဆာတွေ များလွန်းတဲ့အတွက် နာမည်တပ်ပြီးတော့ပေါ့ဗျာ၊ ပြစ်မှတ်ထား အရေးယူပိတ်ဆို့ခံထားရတဲ့လူဗျ။ အဲဒီတော့ အဲဒီလူက ဒုသမ္မတထဲမှာ ပါလာဖို့အတွက်ကိုပေါ့ဗျာ၊ NLD က လက်ခံနိုင်မလားပေါ့။ NLD က စစ်တပ်နဲ့သင့်မြတ်ရေး၊ အဆင်ပြေရေးကို ရှေ့ရှုပြီးတော့ပဲ လက်ခံလိုက်တယ်ပဲ ထားဦးဗျာ၊ အခုပဲ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောနေပြီ။ ဟုတ်ပြီ အဲဒီလို ဒုသမ္မတင်မယ်ဆိုလို့ရှိရင် ဒီလူက နောက်နောင် ဒါမျိုးတွေ မလုပ်ပါဘူးဆိုတဲ့ အထောက်အထားမျိုး၊ ခံဝန်ချက်မျိုး ပေးနိုင်မလားဆိုတာမျိုးပေါ့ဗျာ။ NLD ဘက်ကနေပြီးတော့ သူ့ကို ဒုသမ္မတအနေနဲ့ လက်ခံလိုက်လို့၊ လက်ခံလိုက်ပြန်ရင်လည်း NLD ဘက်က ပြဿနာဗျ။ လက်မခံရင်လည်း NLD ပြောနေတဲ့ စစ်တပ်နဲ့ ပြေလည်ရေးပေါ့ဗျာ၊ တနည်းပြောရရင် အမျိုးသားရင်ကြားစေ့ရေးက မလွယ်ဘူးဗျ။

ဒုဗိုလ်ချုပ်ကြီးဟောင်းမြင့်ဆွေကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်တာဟာ သူအပါအဝင် တခြား စစ်ဗိုလ်ချုပ်တွေအပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ပြန်လည် ရုပ်သိမ်းပေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တမင် ရွေးတာလည်း ဖြစ်နိုင်တယ်လို့ ဦးမျိုးမြင့်က သုံးသပ်ပါတယ်။

ဒုဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေဟာ အရင် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ နီးစပ်သူဖြစ်တယ်လို့ ပြောဆိုမှုတွေရှိနေပြီး သူ့ကို အခုလို ရွေးချယ်ခန့်အပ်တာဟာလည်း စစ်တပ်အပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သြဇာလွှမ်းမိုးမှု ရှိနေသေးတယ်ဆိုတာကို ပြသတာပဲလို့ အကဲခတ်တွေက သုံးသပ် ပြောဆိုကြပါတယ်။

မတ်လ ၁၁ ရက်နေ့က လွှတ်တော်နှစ်ရပ် သမ္မတရွေးချယ်ရေး အစုအဖွဲ့တွေမှာ ဒုသမ္မတတွေကို မဲပေးရွေးချယ်ရာမှာ NLD ပါတီက အဆိုပြုထားသူနှစ်ဦးဖြစ်တဲ့ ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်ထီးယူတို့ ၂ ဦးကို ရွေးချယ် အတည်ပြုပေးခဲ့ကြပြီး ဖြစ်ပါတယ်။

XS
SM
MD
LG