သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနားဆွေးနွေးပွဲ အခိုင်အမာ သဘောတူမှု မရဘဲ ပြီးဆုံး


ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ရဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲဟာ တပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် မရဘဲ ပြီးဆုံးသွားခဲ့ပါတယ်။

ဆွေးနွေးပွဲအတွင်း နှစ်ဘက်တင်ပြလာတဲ့ မူကြမ်းတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး၊ နောက်ဆက်တွဲ အလားတူ ဆွေးနွေးပွဲတွေကို ဒီဇင်ဘာလအတွင်း ပြုလုပ်သွားကြဖို့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကို ဆွေးနွေးပွဲမှာ ကိုယ်တိုင် သွားရောက် သတင်းသွားယူခဲ့တဲ့ ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် က သတင်းပေးပို့ခဲ့ပါတယ်။

မြစ်ကြီးနားမြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ရဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲလို့ အမည်တပ်ထားပေမဲ့လည်း အပစ်အခတ် ရပ်စဲရေးအတွက် တိကျတဲ့ သဘောတူညီချက်မရဘဲ ပြီးဆုံးသွားတာပါ။

ဒီကနေ့ ထုတ်ပြန်တဲ့ အချက် ၆ ချက်ပါ ပူးတွဲ ကြေညာချက်ထဲမှာ အဓိကအားဖြင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးဆိုင်ရာ မူဘောင်တွေ ချမှတ်ရေးများ၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်း စတဲ့ လမ်းပြမြေပုံ သဘောမျိုး အချက် ၃ ချက်ကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလုပ်ငန်းတွေ အကောင်အထည် ဖော်နိုင်ဖို့အတွက် နှစ်ဘက် ကိုယ့်အချင်းချင်း တွေ့ဆုံ ဆွေးနွေးပွဲတွေကို ပြုလုပ်သွားကြမှာ ဖြစ်သလို မြစ်ကြီးနား ဆွေးနွေးပွဲလိုမျိုး နောက်တကြိမ် ဆွေးနွေးပွဲကို ကရင်ပြည်နယ်မှာ ဒီဇင်ဘာလအတွင်း ပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။

အဓိကအားဖြင့်တော့ နှစ်ဘက် တင်ပြလာတဲ့ မူကြမ်းတွေအပေါ် အမြင်ချင်း ဖလှယ်ပြီး ရှေ့ဆက် ဆွေးနွေးမယ်လို့ သဘောတူခဲ့ကြတာပဲ ဖြစ်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေးကိစ္စကို မနေ့က နှစ်ဘက် အခြေအတင် ဆွေးနွေးခဲ့ကြရတာလည်း ဖြစ်ပါတယ်။ ယေဘုယျအားဖြင့်တော့ တင်ပြလာတဲ့ မူကြမ်းတွေအပေါ် နှစ်ဘက်စလုံးက အခြေခံအားဖြင့် သဘောတူကြပေမဲ့လည်း စကားလုံး အသုံးအနှုန်းတွေနဲ့ ပတ်သက်လို့ အယူအဆ ကွဲပြားခဲ့ကြတာလည်း ဖြစ်ပါတယ်။

မူလက တိုင်းရင်းသားတွေ တင်ပြတဲ့ မူကြမ်းထဲ "တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ" လို့ သုံးနှုန်းထားတဲ့အပေါ်မှာ အစိုးရဘက်က တော်လှန်ရေးဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့အတွက် ဆွေးနွေးစရာတွေ ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အထူးကိုယ်စား ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ရှင်းပြပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး
ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး

“ဒီကနေ့ ဆွေးနွေးတယ်ဆိုတာက သူတို့က နိုင်ငံတော်ကို တော်လှန် ပုန်ကန်နေလို့ ဆွေးနွေးတာမဟုတ်ဘူး။ အဲ့ဒီအတွက်ကို အခုက ဒီမှာ အပစ်အခတ်ရပ်စဲရေးဆိုတာ ၁၄ ဖွဲ့တောင်မှ ကိုယ်တို့က လက်မှတ်ရေးထိုးပြီးပြီပဲ။ ကျန်တာ နှစ်ဖွဲ့ပဲကျန်တယ်။ အဲ့ဒီ နှစ်ဖွဲ့ကလည်း ဒီကနေ့ ဟုတ်လား ကချင်ဆိုလို့ရှိရင်လည်း အပစ်အခတ် ရပ်လုနီးပါး ဖြစ်နေပြီပေါ့။ အဲ့တော့ ဒီတော်လှန်ရေးဆိုတဲ့ဟာ စကားလုံး ထည့်လိုက်ခြင်းအားဖြင့် အထင်အမြင် လွဲလာနိုင်တာပေါ့။ ဒါကြောင့် ဒါလေးကို ဆွေးနွေးတာပါ။”

အစိုးရဘက်က တင်ပြလာတဲ့ အခန်း (၁၅) ခန်းပါ မူကြမ်းထဲမှာတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူချက် စာချုပ်ဟာ အရင် ချုပ်ဆိုခဲ့တဲ့ တည်ဆဲဥပဒေနှင့် မဆန့်ကျင်သည့် သဘောတူညီချက်များအား အသိအမှတ်ပြုခြင်း၊ ပိုမိုခိုင်မာစေခြင်းနဲ့ နိုင်ငံရေးဆွေးနွေးမှုများကတဆင့် တည်တံ့ခိုင်မြဲတဲ့ ထာဝရ ငြိမ်းချမ်းရေးကို ဦးတည်သည်လို့ အစချီ ဖော်ပြထားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အရင် သဘောတူညီမှု ရရှိခဲ့စဉ်က ပါဝင်တဲ့ အချက်တွေဖြစ်တဲ့ တပ်စခန်းအသစ် မတည်ဆောက်ရေး၊ တပ်သားသစ် မစုဆောင်းရေး၊ လက်နက်ခဲယမ်းတွေ ထုတ်လုပ် ရောင်းဝယ်ခြင်း မပြုရေးစတဲ့ အချက်တွေကို ပြန်လည် ဖော်ပြထားတာ တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရှေ့လုပ်ငန်းတွေမှာ နှစ်ဘက် ညှိနှိုင်းဆောင်ရွက်မှသာ ဖြစ်နိုင်မယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“စာချုပ်သဘောမျိုး ရေးမယ်ဆိုရင်တော့ အဲ့ဒီထဲမှာ ထည့်မယ်ဆိုရင် အသုံးအနှုန်းပေါ့ အဲ့လိုအကြံပေးတာ။ ဒါကလည်းပဲ ကျနော်တို့ နှစ်ဘက် ညှိနှိုင်းရေးရမှာကိုး။ အခု သဘောတူညီချက်မူကြမ်းကတော့ အစိုးရဘက်ကတော့ ပေးဝေနေတယ်။ အားလုံးလည်း ဖတ်ရပြီ။ လောလောဆယ် မူကြမ်းဖြစ်လာပြီဆိုတော့ ဒါ လွှတ်တော်ရယ်၊ အစိုးရရယ်၊ တပ်မတော်ဘက်က ရေးတာကိုး။ အဲ့ဒီမူကြမ်းရေးတာကိုကအစ ကျနော်တို့က အတူတူရေးမယ် ပြောထားတာ။ ဒါကြောင့် အခုကတော့ ကျနော်တို့ဘက်က ရေးတဲ့အချိန်မှာ ပါဝင်ဖို့နဲ့ ကျနော်တို့ဘက်က ဒီ အလုပ်အဖွဲ့ပေါ့ အခု ဖွဲ့ထားတဲ့ ညှိနှိုင်းရေးအဖွဲ့က လုပ်မှာပေါ့။”

ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေကတော့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခ ပြဿနာတွေဟာ နိုင်ငံရေးပြဿနာ ဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့ အဖြေရှာဖို့လိုတယ်လို့ ပြောပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ Political Dialogue ပါ Political Dialogue ကိုသွားနိုင်ဖို့အတွက် အခြေခံအချက် ၂ ချက်လိုတယ်။ နံပါတ်တစ်ကတော့ Nationwide Ceasefire၊ နံပါတ်နှစ်ကတော့ Framework Meeting ဒီနှစ်ခုလိုတယ်။ ဒီ့အတွက်ကို ကျနော်တို့ဘက်က Nationwide Ceasefire လုပ်နိုင်ဖို့ ပြင်ဆင်နေတာပဲ။ အခု တိုင်းရင်းသားတွေဘက်ကလည်း သူတို့ယူလာတဲ့ မူကတော့ တစ်ခုရှိနေတယ်။ အစိုးရဘက်ကလည်း သူတို့ ရည်မှန်းထားတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူဝါဒရှိမယ်။ ဒီနှစ်ခုကို ကျနော်တို့ ညှိယူရမှာပဲ။”

KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊
ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ပဒိုစောကွယ်ထူးကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်သင့်တဲ့ အချက်တွေကို အခုလို ပြောပြပါတယ်။

“နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုရင် ကျနော်တို့လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေမှာ ဘာအချက်အလက်တွေ ရှိတယ်ဆိုတဲ့အပေါ်မှာ ကျနော်တို့က ဆွေးနွေးသွားမှာဖြစ်ပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံလည်းပါရင်ပါ၊ တခြားအချက်အလက်တွေလည်း ပါမှာပေါ့။ ကျနော်တို့သိတဲ့အတိုင်း ကျနော်တို့ အခြေခံပြဿနာက နိုင်ငံရေးပြဿနာ၊ ဒီနိုင်ငံရေးပြဿနာက ဖွဲ့စည်းပုံနဲ့ ပတ်သက်တယ်။ ဒီနှစ် ၆၀ ကျော် တိုက်ပွဲဖြစ်လာတဲ့အပေါ်မှာ နောက်ဆက်တွဲ ပြဿနာတွေပေါ်လာတာ IDP ကိစ္စတို့၊ မြေယာကိစ္စတို့ ဒါတွေကို စိတ်ရှည်ရှည်နဲ့ ကျနော်တို့ ရှင်းသွားမှာဖြစ်ပါ တယ်။”

မြစ်ကြီးနားဆွေးနွေးပွဲက ထွက်လာတဲ့ ရလဒ်အရ သမ္မတ ဦးသိန်းစိန်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး နိုဝင်ဘာလကုန်ပိုင်းမှာ ဖြစ်နိုင်မယ်လို့ ပြောဆိုထားတဲ့အတိုင်း ဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ နှစ်ဘက်စလုံးက တက်လာတဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒါပေမဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူပြီးတဲ့နောက်
နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဆက်လက် ပြုလုပ်သွားမယ်ဆိုတဲ့ ခိုင်မာတဲ့ သဘောတူညီချက် ရရှိထားတဲ့အတွက် ဒီမြစ်ကြီးနား ဆွေးနွေးပွဲအပေါ် ကျေနပ် အားရမှုရှိတယ်လို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
XS
SM
MD
LG