သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနားညီလာခံ အချေအတင် ဆွေးနွေးမှုတွေနဲ့စတင်


အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ဆွေးနွေးပွဲ ပထမရက်အတွင်း KNU အကြီးအကဲ ဗိုလ်ချုပ် Mutu Say Poe က လက်နက်ကိုင်အဖွဲ့များကိုယ်စား အမှာစကားပြောကြားစဉ်။ (နိုဝင်ဘာ ၄၊ ၂၀၁၃)
အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ဆွေးနွေးပွဲ ပထမရက်အတွင်း KNU အကြီးအကဲ ဗိုလ်ချုပ် Mutu Say Poe က လက်နက်ကိုင်အဖွဲ့များကိုယ်စား အမှာစကားပြောကြားစဉ်။ (နိုဝင်ဘာ ၄၊ ၂၀၁၃)
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီတို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေဖက်က တင်ပြလာတဲ့ ဘုံသဘောတူညီချက် (၁၁) ချက်အပေါ် အစိုးရဘက်က မူအရ ကန့်ကွက်စရာမရှိဘူးလို့ ပြောဆိုနေပေမယ့် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးကိစ္စနဲ့ပတ်သက်လို့ သဘောတူညီမရဘဲ ပထမနေ့ ပြီးဆုံးသွားခဲ့ ပါတယ်။ လိုင်ဇာမြို့မှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စုံကနေ ဘုံသဘောတူညီချက်ကို ချမှတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆွေးနွေးပွဲကျင်းပရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ကျင်းပတဲ့ ဆွေးနွေးပွဲ ပထမနေ့မှာတော့ လိုင်ဇာမြို့မှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံရဲ့ ညီလာခံကနေ ချမှတ်လိုက်တဲ့ ဘုံသဘောတူညီချက် (၁၁) ချက်ကို မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီကို ဦးစွာ တင်ပြခဲ့ကြတာပါ။

အဲဒီ လိုင်ဇာ ဆုံးဖြတ်ချက် ၁၁ ချက်ထဲက ဖက်ဒရယ်တပ်မတော်လို့ခေါ်တဲ့ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး သဘောထားကွဲပြားမှု ရှိခဲ့တဲ့အကြောင်း ဆွေးနွေးပွဲ ပြီးပြီးချင်းမှာပဲ UNFC ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။

“ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးပေါ့လေ။ ကျနော်တို့ အဲဒီတင်ပြမှု ဝေါဟာရအပေါ်မှာ သူတို့က နည်းနည်းထောက်ပြတာရှိတယ်။ ဒါကို ပြင်ဖို့လေ။ ဒါကို လုံးဝ ပစ်ပယ်ဖို့ မဟုတ်ပါဘူး။ သူတို့က ယေဘုယျမူကို တပ်မတော်ပိုင်း ဆိုင်ရာ ဆွေးနွေးဖို့လိုတယ် ဆိုတဲ့ကိစ္စကိုတော့ သူတို့လက်ခံတယ်။”

မေး။ ။ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးကိစ္စမှာ အခုတော့ အပြီးအပြတ် ဆွေးနွေးလို့ မရသေးဘူး၊ အထက်ကိုတင်ပြရမယ်လို့ ပြောပါတယ်။ အထက်ဆိုတာ နိုင်ငံတော်သမ္မတလား၊ ကာ/လုံကိုပြောတာလား။ ဘယ်သူ့ကို သူတို့ ရည်ရွယ်ပါသလဲ။

“အဲဒါကတော့ ဘယ်သူ့ကိုလဲ ကျနော်တို့လည်း အပြတ်ပြောလို့မရဘူးလေ။ သူတို့ သက်ဆိုင်ရာမှာတော့ အထက်ဆိုတာ တပ်မတော်ဘက်လည်း ဖြစ်နိုင်တယ်၊ ကာ/လုံရော၊ သမ္မတကြီးရော အားလုံး ဖြစ်နိုင်တာပေါ့ဗျာ။”

မေး။ ။ သူတို့စကားလုံး အသုံးအနှုန်း အတိအကျက ဘယ်လိုလဲ၊ အထက်လို့ သုံးတာလား။

“မဟုတ်ဘူး၊ အဲသလိုလည်းမဟုတ်ဘူး၊ ကျနော်တို့ရေးတာက ဖက်ဒရယ် ပြည်ထောင်စု-တပ်မတော်တည်ဆောက်ရေးဆိုတဲ့ ဝေါဟာရကို သူတို့က ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုင်ရာ ကိစ္စ- အဲသလို ဒါလောက်နဲ့ပဲ လုပ်လိုက်တယ်။ ဒါကို ဆက်ဆွေးနွေးသွားဖို့ ရှိပါတယ်။”

တကယ်တော့ တိုင်းရင်းသားတွေဘက်က တင်ပြလာတဲ့ အချက်တွေထဲ သူတို့ ဘက်က သဘောမတွေ့တာရှိနိုင်တဲ့အကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆွေးနွေးပွဲ မစခင်မှာ ကတည်းက အရိပ်အမြွက် ပြောကြားခဲ့တာပါ။

“ဒီ Frame Work အပေါ်မှာ သူတို့က ဘယ်လောက် လက်ခံလဲ၊ ကျနော်တို့က ဘယ်လောက်လက်ခံနိုင်သလဲ၊ ဒါကို နှစ်ဦးနှစ်ဘက် ညှိနှိုင်းရမယ့်သဘောပဲ။ အဲဒီတော့ ယခင်ထက်စာလို့ရှိရင်တော့ အခုနက ပြောသလိုပေါ့- တကယ့်ကို သေချာတဲ့ငြိမ်းချမ်းရေးပေါ့။ သူတို့ ပြောပြောနေသလိုပေါ့။ ဒါ (လက်မှတ်) ထိုးပြီး တယ်ဆိုရင်တော့ ဒါ အားလုံးပြီးသွားမှာပေါ့။ အဲဒီတော့ ယခင် အနေအထားနဲ့ စာရင်တော့ အများကြီး တိုးတက်လာတယ်လို့ ကျနော်တို့က ပြောလို့ရတယ်။”

မေး။ ။ -- အခု တိုင်းရင်းသားတွေဘက်က တင်လာတဲ့မူကြမ်းနဲ့ ဘယ်လောက် ကွာခြားမှုရှိလဲ။


“အဲဒါကတော့ ကွာတယ်၊ မကွာဘူးဆိုတာထက် အဓိက-က မကွာဘူးလို့လည်း ပြောလို့ရတယ်၊ ကွာတယ်လို့လည်း ပြောလို့ရတယ်။ ဒီအပေါ်မှာ ကျနော်တို့က အမြင်ပေါ်မှာ မူတည်တာပေါ့။”

မေး။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကရော ဘယ်လိုဖြစ်သွားမလဲ။ အခုတင်လာတဲ့ မူကြမ်းအတိုင်းဆိုလို့ရှိရင်…။

“ဒါကတော့ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကတော့ ကျနော်တို့ရဲ့ နိုင်ငံတော်အနေနဲ့ တကယ့်လက်တွေ့ ဆောင်ရွက်နေရတဲ့ အပိုင်းပဲလေ။ ဒီအပေါ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးတယ်ဆိုကတည်းက ဘယ်အပေါ်မှာ မူတည်မလဲ၊ ဟုတ်လား…ဆိုလိုတာက သူတို့သတ်မှတ်ထားတဲ့ မူတွေပေါ့။ ဒီအပေါ်မှာ အခန်းဘယ်နှစ်ခန်းပါတယ်၊ အဲဒီအပေါ်မှာ ကျနော်တို့က သတ်မှတ်တဲ့အတိုင်းပဲ။”

မေး။ ။ တိုင်းရင်းသားတွေက ဖက်ဒရယ်မူကို ရှေ့တန်းတင်ပြီးတော့ တင်လာကြတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း တော်တော်ကွာတယ်လို့ ပြောတယ်။ အဲဒါကို ဘယ်လို ညှိကြမလဲ။

“အဲဒီဟာကတော့ ဒီကနေ့ ခင်ဗျားတို့ပြောနေတဲ့ ဖက်ဒရယ်- သူတို့ အခုပြောနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ - ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့အပေါ်မှာ သူတို့အမြင်နဲ့ ဒီကနေ့ နိုင်ငံတော်က လက်တွေ့ကျင့်သုံးနေတဲ့ အမြင်နဲ့၊ ကျင့်သုံးနေတာနဲ့ ဘယ်လောက်ကွာခြားသလဲ၊ မကွာခြားဘူးလဲဆိုတာ သူ့အပေါ်မှာ မူတည်တယ်။”

အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ မနက်ဖြန် ဆွေးနွေးပွဲ ပြန်စတဲ့အခါ ဒီအချက်ကို အဓိက ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါ့အပြင် အစိုးရဘက်က တင်ပြလာမယ့် မူကြမ်းအပေါ် တိုင်းရင်းသားတွေ ဘက်က အမြင်တွေကိုလည်း မနက်ဖြန်မှာပဲ တုံ့ပြန် ပြောဆိုကြမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို မနက်ဖြန်မှာ ဆက်လက် ပြုလုပ်မှာဖြစ်ပေမယ့် ဒီဆွေးနွေးပွဲ တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်လိုမျိုးတော့ ဆုံးဖြတ်ချက် ချနိုင်ဦးမှာမဟုတ်ဘူးဆိုတာတော့ ဒီကနေ့ ထွက်ပေါ်လာတဲ့ ရလဒ်တွေ အရ ခန့်မှန်းလို့ရနိုင်ပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Vijay Nambiar ကတော့ မြစ်ကြီးနား ဆွေးနွေးပွဲဟာ ကောင်းမွန်တဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်လာသူ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ှဆိုင်ရာ အထူးအကြံပေး မစ္စတာ ဘီဂျေ၊ နမ်ဘီယား။
ဆွေးနွေးပွဲကို တက်ရောက်လာသူ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ှဆိုင်ရာ အထူးအကြံပေး မစ္စတာ ဘီဂျေ၊ နမ်ဘီယား။

"ဒီဆွေးနွေးပွဲဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိစ္စနဲ့ ပတ်သက်လို့ အင်မတန်ထူးခြားတဲ့ အဆင့်ကို ရောက်လာနေပြီဆိုတာ တိုင်းရင်းသားတွေ ဘက်မှာရော၊ အစိုးရဘက်ကရော သဘောပေါက်ပါတယ်။ အနာဂတ်မှာ တိုးတက်မှုတွေ ဖြစ်ပေါ်လာမယ်လို့ ကျနော် ထင်ပါတယ်။ အခုဆွေးနွေးပွဲက မြန်မာပြည် အတွက်ရော ဒေသကောင်းကျိုးအတွက်ပါ ဖြစ်ပေါ်စေမယ့် ဆွေးနွေးပွဲဖြစ်တာကြောင့် ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်း တစ်ရပ်ဖြစ်ပါတယ်။ အင်မတန်မျှော်လင့်ချက် ပြည့်ဝတဲ့ ခြေလှမ်းဖြစ်ပါတယ်။ အခု ၂ ရက်အတွင်း ထွက်ပေါ်လာမယ့် ရလဒ်တွေဟာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်နိုင်မယ့် အခြေခံ မူဘောင်တွေကို ဒီဆွေးနွေးပွဲက ချမှတ်ပြီး နောက်နှစ်ထဲမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ စနိုင်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။"

တရုတ်သမ္မတနိုင်ငံကို ကိုယ်စားပြုပြီး ဒီဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်းယံကလည်း အကောင်းမြင် သဘောမျိုးရှိပါတယ်။

"ဆွေးနွေးမှုတွေဟာ တိုးတက်မှုရှိတယ်လို့ ထင်ပါတယ်။ ကျနော်တို့အနေနဲ့ ငြိမ်းချမ်းအတွက် လုပ်ဆောင်မှုတွေကို ထောက်ခံပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးတခုလုံး ရှေ့ကို တက်လှမ်းတာကို ကျနော်တို့ မြင်တွေ့လိုပါတယ်။ ကျနော်တို့အနေနဲ့ အပြုသဘောဆောင်တဲ့ ဘက်က ရပ်တည် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။"

ဒီဆွေးနွေးပွဲကို မူလက နိုဝင်ဘာ ၄ ရက်နဲ့ - ၅ ရက်နေ့တွေမှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပေမယ့်လည်း နိုဝင်ဘာ ၆ ရက်နေ့အထိ ကူးကောင်း ကူးနိုင်တယ်လို့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၆ ဖွဲ့ တက်ရောက်ခဲ့ကြတာပါ။ မြန်မာအစိုးရဘက်ကတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်ပြီး ဝန်ကြီး (၆) ဦးနဲ့ တပ်မတော်အရာရှိတွေအပြင် ကချင်ပြည်နယ်ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းလည်း တက်ရောက်ခဲ့ပါတယ်။

လေ့လာသူများအဖြစ်နဲ့ကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေနမ်ဘီယားနဲ့ တရုတ်အစိုးရရဲ့ အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ ဝမ်းယံတို့ တက်ရောက်ခဲ့ကြတာပါ။ လိုင်ဇာညီလာခံကိုတက်ရောက်ပြီး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းမရှိတဲ့ RCSS (ခေါ်) ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနဲ့ လိုင်ဇာညီလာခံကို မတက်ဖြစ်ခဲ့တဲ့ မိုင်းလားအဖွဲ့တို့လည်း လေ့လာသူအဖြစ်နဲ့ တက်ရောက်ခဲ့ကြပါတယ်။
XS
SM
MD
LG