သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း ပူးပေါင်းဖြေရှင်းဖို့ တရုတ်လိုလား


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi

မြန်မာနဲ့ တရုတ်ကြား သဘောတူထားပြီး ဖြစ်တဲ့ မြစ်ဆုံဆည် စီမံကိန်းကို ဆိုင်းငံ့ထားရတာကြောင့် နစ်နာမှုတွေ ရှိနေပြီး ဖြေရှင်းလုပ်ဆောင်သွားရမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောဆိုလိုက်ပြီး မြန်မာ အစိုးရသစ်နဲ့ လက်တွဲ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်တဲ့ အကြောင်းလည်း ထပ်လောင်း ပြောဆိုပါတယ်။ လူထုရဲ့ ကန့်ကွက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း အရေး ဖြေရှင်းဖို့ မြန်မာ အစိုးရသစ် အတွက် အခက်အခဲ တခု ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်သူတို့က ရှုမြင်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ်အဖြစ် လူထုက ရွေးကောက်တင်မြှောက်တဲ့ အစိုးရသစ် တရပ် အာဏာလွှဲပြောင်းရယူဖို့ သတင်း ၃ ပတ်ဘဲ လိုတော့တဲ့ အချိန်မှာ ရပ်ဆိုင်းထားရတဲ့ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း အရေး ဖြေရှင်းလိုတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi က ပြောဆိုလိုက်ပါတယ်။

“မြစ်ဆုံရေကာတာဟာ စီးပွားရေး အရ ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းပါ။ အတည်ပြု ထောက်ခံချက်တွေလည်း ရထားပြီး ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အခက်ကြုံနေရတဲ့ အတွက်လည်း နစ်နာရပါတယ်။ ဒီကိစ္စကို နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ထိထိရောက်ရောက် ဆက်လက် ကိုင်တွယ် ဖြေရှင်းသွားမှာပါ။ အနာဂတ် တရုတ် မြန်မာ ဆက်ဆံရေးမှာလည်း အပြန်အလှန် အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိမယ်လို့ ယုံကြည်ပါတယ်။”

တရုတ်ကွန်မြူနစ် ပါတီ နှစ်ပတ်လည် ညီလာခံ အတွင်း ပြုလုပ်တဲ့ နှစ်ပတ်လည် သတင်းစာ ရှင်းလင်းပွဲအတွင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး Wang Yi က မြန်မာ့ မြစ်ဆုံစီမံကိန်းအရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် မြန်မာ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်းလည်း ပြောဆိုသွားပါတယ်။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး ဒေါ်လာ သန်း ၃၆၀၀ အကုန်အကျခံ တည်ဆောက်မယ့် မြစ်ဆုံဆည် စီမံကိန်းကို သဘာဝပတ်ဝန်းကျင် ပျက်ဆီးမယ့် အရေး စိုးရိမ်ချက်ကြောင့် ပြည်သူလူထုနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ကန့်ကွက်မှုတွေကြောင့် ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းကို ခေတ္တ ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်း
မြစ်ဆုံစီမံကိန်း

မြန်မာ စစ်အစိုးရနဲ့ တရုတ် တို့ကြား ဘယ်လိုပုံစံနဲ့ သဘောတူထားကြလဲ ဆိုတာကိုလည်း အခုချိန်ထိ မသိရသေးတာကြောင့် မြစ်ဆုံဆည် အရေး ဖြေရှင်းဖို့ NLD အစိုးရ ဘေးကြပ် နံကြပ် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်သူတွေက ရှုမြင်ပါတယ်။ မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောက ပြောဆိုပါတယ်။

“စလုပ်ကတည်းက ဒီ စာချုပ်စာတမ်းတွေက ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အထဲမှာလည်း ပါတယ်လေ။ ထင်တာမြင်သာတာ ဘာတခုမှမရှိတော့ ဘာတွေ စာချုပ်ထားမှန်းကို ကျမတို့ သိတာမှမဟုတ်ဘဲ။ ဟုတ်တယ်မဟုတ်လား။ လေ ျာ်ကြေးတခုထဲနဲ့ ပြီးချင်မှ ပြီးမယ်။ နောက်တခုက တရုတ်ဘက်က ထောက်ပြနေတာ နောက်တခုရှိသေးတယ်။ တကယ်လို့သာ မြန်မာပြည်အစိုးရက ဘယ်အစိုးရပဲဖြစ်ဖြစ် ဒီကိစ္စကို အပြီးအပိုင်ရုပ်သိမ်းပြီးတော့ တရုတ်အစိုးရကို နစ်နစ်နာနာ တခုခုဖြစ်သွားစေခဲ့လို့ရှိရင် မြန်မာပြည်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဝင်လာဖို့အတွက် နာမည် ပျက်သွားနိုင်တာပေါ့ဗျာ။ နိုင်ငံအနေနဲ့ ရင်းနှီးမြှပ်နှံမှုက တခြားနိုင်ငံတွေအတွက်လည်း ဘယ်လိုခေါ်မလဲ စဉ်းစားစရာကြီးဖြစ်သွားနိုင်တယ်။ အဲဒါကြောင့်မို့လို့ မြန်မာအစိုးရအနေနဲ့ မြန်မာပြည်ဘက်က အစိုးရအနေနဲ့ကော ပြည်သူတွေအနေနဲ့ကော သေသေချာချာစဉ်းစားသင့်တယ်လို့ တရုတ်ပြည်ဘက်ကပြောနေတာပဲ။ ကျမလည်း သိပါတယ်။ ဒီကိစ္စက သိပ်ပြီးတော့ ပြည်သူလူထုတရပ်လုံးက ခံစားမှုကြီးနေတဲ့ ကိစ္စဖြစ်တော့ လုပ်ရကိုင်ရတာ NLD အစိုးရအနေနဲ့ အတော်ခက်မယ်လို့ ထင်ပါတယ်။”

မြစ်ဆုံစီမံကိန်း
မြစ်ဆုံစီမံကိန်း

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကတော့ ပြည်သူလူထုက ခါးခါးသီးသီး ဆန့်ကျင်နေတာကြောင့် လုံး၀ ရပ်ဆိုင်းလိုက်နိုင်ရေးကို ဦးတည် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ကချင်နိုင်ငံရေးသမား ဒေါက်တာ တူးဂျာက ပြောပါတယ်။

“သူတို့အနေနဲ့လည်း အခုတက်လာမယ့်အစိုးရက သမ္မတက ရပ်ဆိုင်းမယ်ဆိုတဲ့စကားမျိုးမဟုတ်ဘဲ ဒါကိုအပြီးဖျက်သိမ်းတဲ့ ထုတ်ပြန်နိုင်ဖို့တော့ အရေးကြီးပါတယ်။ ထုတ်ပြန်သင့်တယ်လို့မြင်ပါတယ်။ အဲလိုဖြစ်မယ်ဆိုရင်တော့ တရုတ် ကုမ္ပဏီနဲ့ တရုတ်အစိုးရအနေနဲ့ NLD ကတက်လာမယ့် အစိုးရသစ်ကစာချုပ်ကိစ္စ ဆွေးနွေးကြရမှာပဲ။ ဆွေးနွေးပြီးတော့မှ ဘယ်လိုနားလည်မှုပြေလည်အောင် လုပ်ကြမလဲဆိုတဲ့ အပိုင်းရှိတယ်လေ။ ရှိနိုင်တာပေါ့ ဘာဖြစ်လို့လဲဆိုတော့ ဆက်လုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ခွင့်မပြုတာတော့ အများကြီးထူးတယ်လို့ ကျနော်မြင်ပါတယ်။ ဒါကြောင့်မို့ ဒီဥစ္စာကို အပြီးသတ်ပေါ့ဗျာ။ ကျနော်တို့ ဒါ စီမံကိန်းကို ဖျက်သိမ်းတဲ့ အနေအထားမျိုး ရောက်အောင်လို့ ဆွေးနွေးအဖြေရှာကြရလိမ့်မယ်လို့ မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြစ်ဆုံဆည် စီမံကိန်း အစိုးရ နှစ်ရပ်ကြား ဘာတွေ သဘောတူထားလဲ ဆိုတာကို အစိုးရဖွဲ့နိုင်ခဲ့ရင် ပြည်သူတွေကို အရင်ဆုံး အသိပေးမယ်လို့ ရွေးကောက်ပွဲ လူထု စည်းရုံးပွဲတွေမှာ ပြောဆိုထားတာပါ။ ဒါပေမယ့် အစိုးရ နှစ်ရပ်ကြား ဘာတွေ သဘောတူထားလဲ မသိရသေးတာကြောင့် ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကိုလည်း မသိသေးတဲ့ အကြောင်း ကချင်ပြည်နယ်တွင်း လူထု စည်းရုံးဟောပြောမှုမှာ ထည့်သွင်း ပြောဆိုထားပါတယ်။

တရုတ်အစိုးရပိုင် China Power Investment Corporation – CPI ၊ အရင် မြန်မာ စစ်အစိုးရ နဲ့ အေးရှားဝေါ ကုမ္ပဏီတို့ကြား သဘောတူညီထားတဲ့ မြစ်ဆုံဆည် စီမံကိန်းကိုတော့ ဧရာဝတီမြစ်ကြောင်းအစ မေခ၊ မလိခမြစ်နှစ်သွယ်ပေါ်မှာ တည်ဆောက်မယ့် ဆည်ကြီး ၇ ခုနဲ့ မြစ်ခွဲလေးတွေထဲ တည်ဆောက်မယ့် ဆည်အသေး ၆ ခု တည်ဆောက်ရေး လုပ်ငန်းတွေပါဝင်ပါတယ်။၂၀၀၉ ခုနှစ်မှာ တည်ဆောက်ရေး လုပ်ငန်းတွေ စတင်ခဲ့တာ ဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၃၆၀၀ အကုန်အကျခံ တည်ဆောက်မယ့် မြစ်ဆုံဆည်နဲ့ ရေအားလျှပ်စစ် စီမံကိန်း အတွက် ကနဦး ဒေါ်လာ သန်း ၈၀၀ ကျော်လည်း တရုတ်ဘက်က ကုန်ကျထားပြီး ဖြစ်ပါတယ်။

XS
SM
MD
LG