သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြု ပြင်ရေး ဆက်လုပ်ဖို့ ကန်လွှတ်တော် တိုက်တွန်းမည်


အမေရိကန်ကွန်ကရက်လွှတ်တော်။
အမေရိကန်ကွန်ကရက်လွှတ်တော်။

မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေကို အသိအမှတ်ပြုပေမဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ပြုပြင်ရေးတွေ ဆက်လက် အားပေးဖို့ လိုတယ်လို့ အမေရိကန် အောက်လွှတ်တော်က ယူဆနေပါတယ်။ မြန်မာ့အရေး ဦးစီး ဦးဆောင်ပြုတဲ့ အမတ် ၂ ဦးက ဒီအတွက် ပြဋ္ဌာန်းဆုံးဖြတ်ဖို့ မတ်လ ၃ ရက်နေ့က အမေရိကန်အောက်လွှတ်တော်မှာ တင်သွင်းခဲ့ကြတာပါ။ အကြောင်းစုံကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစလို့ စစ်အာဏာရှင်အစိုးရအုပ်ချုပ်မှုကနေ အရပ်သားအစိုးရအုပ်ချုပ်မှုကို ပြောင်းလဲခဲ့တာလို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာ တာတွေ့ရပေမဲ့ - တချို့အပိုင်းတွေ မှာတော့ နောက်ပြန်ဆွဲ နေတာတွေ ကို တွေ့မြင်ရတယ်လို့ - အောက်လွှတ်တော် ဒီမိုကရက်အမတ် Joe Crowley က အခုလို ပြောဆိုခဲ့ပါတယ်။

အောက်လွှတ်တော် ဒီမိုကရက်အမတ် Joe Crowley
အောက်လွှတ်တော် ဒီမိုကရက်အမတ် Joe Crowley

“မြန်မာနိုင်ငံမှာ မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေက ပြောင်းလဲလိုတဲ့ ဆန္ဒတွေ ပြင်းပြနေတာကို ပြနေပါတယ်။ သိသာတိုးတက်မှုတွေ ရှိခဲ့တယ်ဆိုပေမဲ့ - ဆက်လုပ်စရာတွေလည်း အများကြီး ရှိနေဆဲပါ။ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ တော်တော်များများ ဆက်လက် ဖမ်းဆီးခံနေရတာ၊ လူနည်းစု တိုင်းရင်းသားတွေကို ဆန့်ကျင်တဲ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာနဲ့ မြန်မာနိုင်ငံ အတွက် လိုအပ်နေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေမှာ နောက်ပြန်ဆွဲနေတဲ့ အပိုင်းတွေ ရှိနေပါတယ်။”

ဒါ့အပြင် ပွင့်လင်းပြီး ရေရှည်တည်တံ့ခိုင်မြဲမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့ ရုန်းကန်နေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက် ရပ်တည်နေပါတယ် လို့လည်း အောက်လွှတ်တော် ဒီမိုကရက်အမတ် Crowley က ပြောဆိုခဲ့ပါတယ်။

အလားတူ အောက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ် Steve Chabot ကလည်း - ပြောင်းလဲမှုဆိုတာ ဘယ်တော့မှ မလွယ်ကူဘူးလို့ အခုလို ပြောဆိုခဲ့ပါတယ်။

ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Steve Chabot
ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Steve Chabot

“ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေအတွက် မြန်မာလူထုကို အကြီးအကျယ် အမှတ်ပေးသင့်ပါတယ်။ မကြာသေးခင်က ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲတွေ ဟာ လမ်းကြောင်းမှန်ကို သွားရာမှာ အရေးကြီးတဲ့ ခြေလှမ်းတရပ် ဖြစ်ပေမဲ့ လည်း မြန်မာလူထုရဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ လုပ်စရာတွေလည်း ရှိနေပါတယ်။”

ဒါ့အပြင် - မြန်မာနိုင်ငံမှာ ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ ဒီမိုကရေစီစနစ်တခုကို တည်ဆောက်နိုင်ရေး ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆက်ပြီး အားပေးထောက်ခံ သွားမယ် ဆိုတာကိုလည်း - အောက်လွှတ်တော်မှာ အခု တင်သွင်းခဲ့တဲ့ အဆိုပြုချက်ထဲမှာ ရှင်းရှင်းလင်းလင်း ပြောခဲ့တဲ့ အကြောင်းကိုလည်း အောက်လွှတ်တော်အမတ် Chabot က ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၅ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲတွေကို မကျင်းပခင်နဲ့ ကျင်းပပြီးနောက်ပိုင်းတွေမှာ ငြိမ်းချမ်းစွာ တက်ကြွလှုပ်ရှားကြ သူတွေကို ဆက်လက် ဖမ်းဆီးချုပ်နှောင်နေတာတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပွားနေ တာတွေအပေါ် စိုးရိမ်ကြောင်း ဖော်ပြထားသလို၊ အထူးသဖြင့် မကြာခင် တက်လာမယ့် အစိုးရသစ်ကိုလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အချိန်မဆိုင်းဘဲ အာဏာ လွှဲပြောင်းပေးရေး တိုက်တွန်းဖို့ အပါအဝင် လက်ရှိ သမ္မတ ဦးသိန်းစိန်ကနေ လုပ်ဆောင်ပါ့မယ်လို့ ကတိပြုထားတဲ့ လူ့အခွင့်အရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကိုလည်း ဆက်လက် အကောင်အထည်ဖော်သွားအောင် အမေရိကန် သမ္မတ အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့က အာရုံစိုက် လုပ်ဆောင်ကြဖို့ကိုလည်း သူတို့က တောင်းဆိုထားပါတယ်။

အမေရိကန်အောက်လွှတ်တော်မှာ မြန်မာပြည်ဆိုင်ရာ အဆိုပြုချက်ကို တင်သွင်းခဲ့ကြတဲ့ ဒီမိုကရက် အောက်လွှတ်တော်အမတ် Joe Crowley နဲ့ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Steve Chabot တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကလည်း - မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဥပဒေတရပ် ဦးဆောင် တင်သွင်းခဲ့ကြသူတွေပါ။

အဲဒီဥပဒေအရ မြန်မာစစ်တပ်ကနေ လူ့အခွင့်အရေးနဲ့ ကာကွယ်ရေး ပြုပြင် ပြောင်းလဲမှုတွေ နဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေကို လုပ်ဆောင်လာတဲ့အထိ မြန်မာစစ်တပ်အပေါ် စစ်ရေးအကူအညီတွေ မပေးဖို့ အမေရိကန် ပြည်ထောင်စုကို တားမြစ်ထားတာဖြစ်ပါတယ်။

အဲဒီသတ်မှတ်ချက်တွေမှာ - လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးရေး၊ စစ်တပ်လွှမ်းမိုးတဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး၊ မြန်မာပြည်သူတွေ အပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးသတ်ရေး စတာတွေ ပါဝင်ပါတယ်။

XS
SM
MD
LG