သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီဂျစ်တယ် နည်းပညာ နိမ့်ကျ စာရင်းထဲ မြန်မာ ပါဝင်


အများသုံးဆက်သွယ်ရေး။
အများသုံးဆက်သွယ်ရေး။

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းမှာ နည်းပညာ ကွာဟမှုကြောင့် ဖွံ့ဖြိုးမှုတွေ အားနည်းနေတဲ့ အကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ရဲ့ အစီရင်ခံစာသစ် က ဖော်ပြပါတယ်။ ဒဂျစ်တယ်နည်းပညာ အားနည်းမှုကြောင့် ကမ္ဘာတဝှမ်း စီးပွားရေးနဲ့ လူမှုရေးအရ ထိခိုက်နစ်နာမှုတွေ ရှိနေတယ်လို့လည်း ၂၀၁၅ ခုနှစ် ကမ္ဘာ့သတင်းနဲ့ နည်းပညာဆိုင်ရာ အစီရင်ခံစာ ဒီကနေ့ ထုတ်ပြန်ရာမှာ ပြောဆိုခဲ့တာပါ။

ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၄၃ နိုင်ငံက အခြေအနေတွေကို ဆန်းစစ်လေ့လာထားတဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံက အဆင့် ၁၃၉ အထိ နိမ့်ကျနေတယ်လို့ ဖော်ပြထားပြီး၊ ထိပ်ဆုံး နံပတ်တစ်နေရာမှာတော့ စင်္ကာပူ၊ ဒီနောက်မှာတော့ ဖင်လန်၊ ဆွီဒင် တို့က ဒုတိယနဲ့ တတိယ၊ အမေရိကန်ကတော့ အဆင့် ၇ မှာ ရှိနေပါတယ်။

ဒဂျစ်တယ်နည်းပညာနဲ့ ဆက်သွယ်နိုင်မှုအတွက် အမြင့်ဆုံး ၇ မှတ်အထိ သတ်မှတ်ထားရာမှာတော့ မြန်မာနိုင်ငံက ၂.၅ မှတ်သာ ရရှိခဲ့တာပါ။ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာ အသုံးပြုနိုင်စွမ်း နိမ့်ကျတဲ့ နိုင်ငံတွေ ထဲမှာတော့ မြန်မာနိုင်ငံရဲ့ နောက်မှာ အင်ဂိုလာ၊ ဘူရွန်ဒီ၊ ဂီနီနဲ့ ချဒ် ၄ နိုင်ငံသာ ရှိပါတယ်။

ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် WEF ရဲ့ အစီရင်ခံစာကို ပူးတွဲပြုစုခဲ့သူ Thierry Geiger ကတော့ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာတွေကို သုံးခွင့်မရတာ၊ မသုံးတတ်တာတွေကြောင့် ဒဂျစ်တယ်နည်းပညာ ဆင်းရဲမွဲတေမှုနဲ့ ကြုံနေကြရသလို၊ ဒီလိုအားနည်းချက်တွေကြောင့် နည်းပညာကို အခြေခံပြီး ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို လူတွေအနေနဲ့ ခံစားသင့်သလောက် မခံစားကြရဘူးလို့လည်း ပြောပါတယ်။

သတင်းနဲ့ ဆက်သွယ်ရေး ဒဂျစ်တယ် နည်းပညာဟာ ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် လိုအပ်ချက်တရပ်လို့လည်း သတိပေးခဲ့တာပါ။ ကမ္ဘာပေါ်က နိုင်ငံတော်တော် များများမှာတော့ ကုန်ထုတ်လုပ်မှုတွေ၊ စီးပွားရေး ဖွံ့ဖြိုးမှုတွေနဲ့ လူနေမှု အဆင့်အတန်း တိုးတက်လာစေမယ့် ဒဂျစ်တယ် ဆက်သွယ်မှုတွေ အားကောင်း လာအောင် ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်
ဖို့ ပျက်ကွက်နေတယ် လို့လည်း အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG