သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ကိုယ်စားလှယ် ဦးနိုင်ငံလင်း မဲဆွယ်ပွဲပြန်စ


NLD ကိုယ်စားလှယ် ဦးနိုင်ငံလင်း မဲဆွယ်ပွဲပြန်စနေ။
NLD ကိုယ်စားလှယ် ဦးနိုင်ငံလင်း မဲဆွယ်ပွဲပြန်စနေ။

ပြီးခဲ့တဲ့ အပတ်အတွင်းက မဲဆွယ်စည်းရုံးစဉ်မှာ အကြမ်းဖက်မှုခံခဲ့ရတဲ့ NLD ကိုယ်စားလှယ်လောင်း ကိုနိုင်ငံလင်းဟာ ဒီကနေ့ ဆေးရုံဆင်းဆင်းပြီးချင်းမှာပဲ သာကေတမြို့နယ် အတွင်းမှာ မဲဆွယ်စည်းရုံးမှုတွေ ပြန်လည် စတင်လုပ်ဆောင်နေပါပြီ။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မဲဆွယ်စည်းရုံးမှုတွေမှာ အကြမ်းဖက်မှုတွေ ကြုံတွေ့ခဲ့ရတဲ့အပေါ်မှာ အစိုးရအနေနဲ့ ဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်ပေးသင့်တယ်လို့ ဦးနိုင်ငံလင်းက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ သာကေတမြို့နယ်အတွင်းမှာ လုပ်ခဲ့တဲ့ ဦးနိုင်ငံလင်းရဲ့ မဲဆွယ်စည်းရုံးမှု အကြောင်းကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုထက်အောင်က ပြောပြပေးမှာပါ။

အောက်တိုဘာလ ၂၉ ရက်နေ့ ညပိုင်းက သာကေတမြို့နယ်အတွင်း မဲဆွယ်စည်းရုံးစဉ်မှာ အကြမ်းဖက်မှုခံခဲ့ရတဲ့ NLD ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းဟာ ရန်ကုန်ဆေးရုံမှာ ဆေးကုသမှုခံပြီးတဲ့နောက် ဒီကနေ့ ဆေးရုံဆင်းကာမဲဆွယ်စည်းရုံးမှုတွေ ပြန်လည် စတင်နေပြီဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးမှုတွေမှာ အခုလို အကြမ်းဖက်မှုတွေအပေါ်မှာ အစိုးရအနေနဲ့ ဥပဒေကြောင်းအရ ဆောင်ရွက်သင့်တယ်လို့ ဦးနိုင်ငံလင်းက ထောက်ပြပြောဆိုပါတယ်။

“ဦးနိုင်ငံလင်း။ ။ အစိုးရအနေနဲ့ ဒါ စည်းစနစ်တကျ ဥပဒေစိုးမိုးရေးလုပ်ရမှာပါ။
မေး။ ။ အခုဆိုရင် အကြမ်းဖက်မှုတွေ ကြုံလာတယ်ပေါ့လေ။ UEC က ထိထိရောက်ရောက် အရေးမယူတဲ့ အပေါ်မှာ ဦးနိုင်ငံလင်း အနေနဲ့ ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။
ဦးနိုင်ငံလင်း။ ။ ဒါ UEC တခုတည်း တာဝန်ရှိတာမဟုတ်ဘူးခင်ဗျ။ ကျနော်တို့ တရားဥပဒေစိုးမိုးရေးမှာ အဓိကတာဝန်ရှိတဲ့ အုပ်ချုပ်ရေးရယ်၊ ကျနော်တို့ ပြည်ထဲရေးရယ်ပေါ့နော်၊ နောက်ပြီးတော့ UEC ပေါ့။ ရွေးကောက်ပွဲနဲ့ပက်သက်လို့ သူတို့တွေ ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ရမှာပေါ့နော်။”


မဲဆွယ်စည်းရုံးစဉ်မှာ အသက်အန္တရာယ် ကြုံတွေ့ရခဲ့ပေမယ်လို့ ကိုယ်စားလှယ်လောင်း အဖြစ်ကနေ စွန့်လွှတ်သွားဖို့ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။


“ဦးနိုင်ငံလင်း။ ။ ကျနော့်လို ကိုယ်စားလှယ်တောင် အသက်အန္တရယ် ကြုံရတယ်ဆိုရင် ပြည်သူလူထုက ပိုပြီးစိုးရိမ်စရာရှိတာပေါ့။ အဲတော့ ပိုပြီးလုပ်ရမှာပေါ့။ စွန့်လွှတ်စရာမရှိပါဘူး။
မေး။ ။ ဟုတ်ကဲ့ ဘာကြောင့်များ ချက်ချင်းဆိုသလိုပဲ ဘာကြောင့် ဆေးရုံက ဆင်းပြီးချင်းမှာ ဘာလို့ မဲဆွယ်စည်းရုံးမှုစတင်တာလဲ။
ဦးနိုင်ငံလင်း။ ပြည်သူတွေစိုးရိမ်နေလို့ပါ။ ပြည်သူတွေစိုးရိမ်နေလို့ပါ။ပြည်သူတွေကို တွေ့ချင်လို့လာတွေ့တာပါ။
မေး။ ။ဟုတ်ကဲ့။ ပြည်သူက တခဲနက် အားပေးတဲ့အပေါ်မှာကော အကို့အနေနဲ့ ဘာလိုမျိုးမြင်ပါသလဲ။
ဦးနိုင်ငံလင်း။ ။ အားရှိပါတယ်။အပြန်အလှန်ပေါ့နော်။
မေး။ ။ ရွေးကောက်ပွဲမှာရော နိုင်မယ်လို့ ယုံကြည်ပါသလား။
ဦးနိုင်ငံလင်း။ ။ အပြတ်အသတ်ပဲ။”

နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ အစိုးရအနေနဲ့ လုံခြုံရေး တင်းတင်းကြပ်ကြပ် ချမပေးတဲ့အပေါ်မှာ အကြမ်းဖက်မှုတွေ ကြုံတွေ့လာတာနဲ့အမျှ ဝေဖန်မှုတွေလည်း ရှိနေတာပါ။ လုံခြုံရေးပိုင်းနဲ့ ပတ်သတ်လို့ ဦးနိုင်ငံလင်းရဲ့ အမြင်က


“လုံခြုံရေးမချတာက ကျနော်တို့ ဘယ်လိုပြောရမလဲ။ ဒါအခုမှ မဟုတ်ဘူးခင်ဗျ။ NLD နဲ့ ပက်သက်ရင် ဒီအတိုင်းပဲ လုပ်နေတာပေါ့နော် ။ ဒါပေမယ့် ကျနော်တို့ ကတော့ စိုးရိမ်မှုမရှိပါဘူး။ ဒါသူတို့က ပိုပြီးတော့တောင် အောင်မြင်အောင်လုပ်ပေးသလိုတောင်ဖြစ်သေးတယ်။”


မဲဆွယ်စည်းရုံမှုတွေမှာ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့ရတာ၊ အကြမ်းဖက်မှုတွေ ကြုံတွေ့လာရတာကြောင့် ပြည်သူအများစုကလည်း စိုးရိမ်ပူပန်မှုတွေ ရှိနေတာပါ။ အခုလို အကြမ်းဖက်မှုတွေအပေါ်မှာ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ မရှိသေးဘူးလို့ မင်္ဂလာဒုံမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ဒေါ်လှလှစိုးက အောက်တိုဘာလ အစောပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ သာကေတမြို့နယ်တွင်းမှာ ပြုလုပ်ခဲ့တဲ့ မဲဆွယ်စည်းရုံးရေးမှာတော့ လူထုအမြောက်အများနဲ့ အနှေးယာဉ်လုပ်သား ၂၀၀၀ ထောင်ကျော်ကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။


အသွင်ကူးပြောင်းစ နိုင်ငံတွေမှာ ရွေးကောက်ပွဲအကြမ်းဖက်မှုတွေ အများဆုံးကြုံတွေ့ရတာကြောင့် လုံခြုံရေးအစီအမံတွေ တင်းတင်းကြပ်ကြပ် ထိထိရောက်ရောက် ဆောင်ရွက်ပေးသင့်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက ထောက်ပြပြောဆိုနေကြပါတယ်။

XS
SM
MD
LG