သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ်ဘီးယား ကချင်ဒုက္ခသည်စခန်းတွေ သွားကြည့်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား။
ကချင်ပြည်နယ်မှာရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambia) ဟာ ဒီကနေ့ မြစ်ကြီးနား နဲ့ ဝိုင်းမော် မြို့နယ်တွေအတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး နေရပ်မပြန်နိုင်ကြသေးတဲ့ ဒုက္ခသည်တွေကို တွေ့ဆုံ အားပေးနှစ်သိမ့်ခဲ့ပါတယ်။ ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေရဲ့ လုံခြုံရေးအတွက် စိတ်ချရတဲ့နေရာတွေဆီ ပြောင်းရွှေ့တဲ့ အစီအစဉ်တွေကို အရင်ဆုံး လုပ်ဆောင်သွားမယ်လို့လည်း ကုလသမဂ္ဂအပါအဝင် အစိုးရတာဝန်ရှိသူတွေ၊ ဒုက္ခသည်စခန်းတာဝန်ရှိသူတွေနဲ့ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

မစ္စတာ နမ်ဘီးယား ဟာ မနက်ပိုင်းမှာ မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ကချင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေနဲ့အတူ မြစ်ကြီးနားက ဂျမိုင်ကွန့် ဒုက္ခသည်စခန်းကို သွားရောက်ပြီးတော့ နေ့လယ်မှာတော့ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း ဝိုင်းမော်မြို့နယ်တွင်းမှာရှိတဲ မိုင်းနား ဒုက္ခသည်စခန်းကို KIA ကချင်လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် တို့နဲ့အတူ သွားရောက်ခဲ့တာဖြစ်ပါတယ်။ အဓိကကတော့ KIA နဲ့ မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရသေးတာကြောင့် နေရပ်ပြန်ဖို့ စိတ်မချရသေးတဲ့ ဒုက္ခသည်တွေကို ကိုယ်တိုင် တွေ့ဆုံ အားပေးခဲ့တာဖြစ်တယ်လို့ မစ္စတာ နမ်ဘီးယားနဲ့အတူ လိုက်ပါသွားတဲ့ ကချင်လူထုအရေး ဆောင်ရွက်နေသူ ဒေါ်ဂျာဆိုင်းခွန် က ဗွီအိုအေ ကို ပြောပြပါတယ်။

“မစ္စတာ နမ်ဘီးယား ကတော့ ကျမတို့ရဲ့ ကချင်လူထုတွေရဲ့ ခံစားချက်တွေကို သူ နားလည်တဲ့အကြောင်း ပြီးတော့ ပြည်သူလူထုတွေက ဘာတွေကို မျှော်လင့်နေတယ်၊ ဘာတွေကို တောင့်တနေတယ်ဆိုတာကို သူ သိနားလည်တဲ့အကြောင်း၊ ပြီးတော့ ကမ္ဘာအားလုံးကလည်း အခု ဒီဟာတွေကို အာရုံစိုက်နေတဲ့အကြောင်း သူတို့အနေနဲ့လည်း ဒီမှာ တာဝန်ရှိပါတယ် ဆိုတဲ့အကြောင်း အဲ့ဒါတွေကို ပြောတာပါ။ အဓိကကတော့ အားပေး နှစ်သိမ့်တဲ့အပိုင်းပါပဲ။”

ဒါ့အပြင် KIA နဲ့ အစိုးရတပ်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ကချင်လူထုတွေရဲ့ အိုးအိမ်လယ်ယာမြေတွေ တော်တော်များများ ပျက်စီးဆုံးရှုံးခဲ့တဲ့အတွက် တိုက်ပွဲတွေရပ်စဲလို့ နေရပ်ပြန်ရင်တောင် ရပ်တည်ဖို့မလွယ်ကူလှတဲ့ ဒုက္ခသည်တွေအတွက် အဆင်ပြေတဲ့နေရာတွေကို ပြောင်းရွှေ့ပေးရေးကိစ္စကိုလည်း ဦးစားပေး ဆောင်ရွက်သွားဖို့ မစ္စတာ နမ်ဘီးယားနဲ့ တာဝန်ရှိသူတွေ ဒီကနေ့ ဆွေးနွေးခဲ့ကြတယ်လို့လည်း စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန် က ပြောပြပါတယ်။

“UN ကရော၊ နောက်ပြီးတော့ ပြည်ထောင်စုအစိုးရကရော ပြည်နယ် အစိုးရကရော ကျနော်တို့ အားလုံး ဝိုင်းဝန်းလက်တွဲပြီးတော့ ဒါတွေကို အဆင်ပြေအောင်၊ အောင်မြင်အောင် ဆောင်ရွက်သွားရအောင်၊ ကာယကံရှင်တွေလည်း ကြိုးစားဖို့လိုတဲ့အကြောင်း တင်ပြဆွေးနွေးကြတယ်။ ပြီးရင် အကုန်လုံးကတော့ တခါတည်း ကိုယ့်ဒေသကိုယ့်ရွာကို ပြန်ပြီးတော့၊ တပြိုင်တည်းဆိုတာက အခြေအနေ အချိန်အခါကြောင့် ကျနော်တို့ ပိုပြီးတော့ အဆင်ပြေတဲ့နေရာတွေကို အရင်စတင်ပြီးတော့ ပြောင်းရွှေ့တဲ့အစီအစဉ်တွေကို လုပ်ဆောင်သွားဖို့ ဆိုတဲ့ဟာတွေကို ပြောဆိုဆွေးနွေးကြပါတယ်။”

မစ္စတာ နမ်ဘီးယားနဲ့အတူ မိုင်းနားဒုက္ခသည်စခန်းကို လိုက်ပါသွားတဲ့ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း မြန်မာအစိုးရနဲ့ KIA အကြား လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေအနေတွေနဲ့ ကချင်လူထုတွေ နောက်ထပ် မနစ်နာရအောင် နှစ်ဘက်တိုက်ပွဲတွေကို အရှိန်လျှော့ချဖို့ အရင်ဆုံး ဦးစားပေး လုပ်ဆောင်သွားမှာဖြစ်တဲ့အကြောင်း ကချင်ဒုက္ခသည်တွေကို ရှင်းပြခဲ့တယ်လို့ ကချင်လူထုအရေး ဆောင်ရွက်နေသူ ဒေါ်ဂျာဆိုင်းခွန် က ပြောပါတယ်။

“ဗိုလ်ချုပ်ဂွမ်မော်က စပြီးတော့ အခု မနေ့က သဘောတူညီချက် ဆောင်ရွက် ပြီးစီးတဲ့ အနေအထားတွေကို သူ ပြောပြပါတယ်။ ပြီးတော့ ဒီလူထုကြီးရဲ့ နေရပ်ရပ်ရွာကို ပြန်နိုင်ရေးအတွက် နှစ်ဘက်စလုံးက ဝိုင်းဝန်းပြီးတော့ တာဝန်ယူရမယ်။ ဒါက လူထုတွေရဲ့ လုံခြုံရေးအတွက် နှစ်ဘက် တပ်တွေမှာ မူတည်တယ်ပေါ့နော်။ အဲ့အခါကျတော့ တဘက်တည်းနဲ့လည်း အာမခံလို့လည်း မဖြစ်ဘူးဆိုတဲ့အခါကျတော့ လူထုတွေ ပြန်သွားတဲ့အခါမှာ အစစအရာရာ လုံခြုံရေး၊ အခုလောလောဆယ်မှာ သူတို့မှာ အိမ်ပျောက်၊ ယာပျောက်၊ သူတို့ပစ္စည်းတွေ အကုန်ပျောက် ဖြစ်နေတဲ့နေရာကို သူတို့တွေ ဘယ်လို ပြန်ပြီးတော့ နေရာချ ထားရမယ့်ဟာမှာတော့ နှစ်ဘက်စလုံးနဲ့ သက်ဆိုင်တယ်ဆိုတဲ့အကြောင်းတွေကို သူ အဲ့ဒါတွေကို ရှင်းပြတယ်။ လက်ရှိ အနေအထားမှာတော့ သူတို့အနေနဲ့ အကောင်းဆုံး ကြိုးစားဆောင်ရွက်နေတယ်။ အဲ့တော့ တကယ်လို့ အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေး မရဘူးဆိုရင်လည်း ပြန်သွားပြီးတော့ နောက်ထပ် ဆက်တိုက်လာလို့ရှိရင်လည်း ပြည်သူတွေက တစ်ခါနာ၊ နှစ်ခါနာပြီး နောက်ထပ် သုံးခါနာ ဖြစ်မယ်။ အဲ့တော့ သူ့အနေနဲ့ကတော့ ပထမဆုံးကတော့ အခု တိုက်ပွဲတွေကို အရှိန်လျှော့မယ်။ လျှော့ပြီးတော့ ဒါ KIA အနေနဲ့ ကတော့ နိုင်ငံရေး ဒိုင်ယာလော့ ကို ဆက်ပြီး သွားမယ်။ သွားတဲ့အခါကျမှ ကျမတို့အားလုံး ကချင်ပြည်သူတွေ လိုလားတောင့်တနေတဲ့ ကျမတို့ရဲ့ အနာဂတ်၊ ကျမတို့ရဲ့ အာမခံချက်ကို ရရှိဖို့အတွက် အဲ့ဒါတွေကို ဆက်လက်ပြီးတော့ ကြိုးစားနေတယ်ဆိုတဲ့အကြောင်း အဲ့ဒါတွေကို ရှင်းပြတာပါ သူ့အနေနဲ့က။”

မစ္စတာ နမ်ဘီးယား ဟာ မနက်ဖြန်ကျရင်တော့ ဒေသခံ ကချင်အမျိုးသမီးအဖွဲ့ရဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ တက်ရောက် အဖွင့်မိန့်ခွန်းပြောကြားဖို့ ရှိတယ်လို့လည်း ဒေါ်ဂျာဆိုင်းခွန်း က ပြောပြခဲ့ပါတယ်။

ဒီကနေ့ မစ္စတာ နမ်ဘီးယား သွားရောက်ခဲ့တဲ့ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်ဦးရေ ထောင်နဲ့ချီ ရှိနေတာပါ။ KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ စဖြစ်ကတည်းကဆိုရင် ကချင်ပြည်နယ်တွင်းမှာ ဒုက္ခသည်ဦးရေ ၃ သောင်းခွဲကျော် ရှိပြီး တရုတ်-မြန်မာနယ်စပ်တလျှောက်မှာတော့ ဒုက္ခသည် ၇ သောင်းကျော်အထိကို ရှိနေတာပါ။ ကချင်ပြည်နယ်တွင်း ဒုက္ခသည်တွေရဲ့ အခြေအနေထက် နယ်စပ်တလျှောက်မှာရှိကြတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေက ပိုဆိုးပြီး၊ မကြာခင် မိုးတွင်းရောက်တော့မှာမို့ နေစရာ၊ အစားအသောက်နဲ့ ဆေးဝါး အရေးပေါ် လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း ဒေါ်ဂျာဆိုင်းခွန် က ပြောပြခဲ့ပါတယ်။

KIO/KIA ကချင်လွတ်မြောက်ရေးတပ်မတော် နဲ့ မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအကြား တွေ့ဆုံဆွေးနွေးနေတာ ၃ ကြိမ်ရှိသွားပြီဆိုပေမဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတော့ အခုထိ မရသေးပါဘူး။ ဒီလို နှစ်ဘက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမျှ မရသေးသ၍ ဒုက္ခသည်တွေ နေရပ် ပြန်နိုင်ရေးကတော့ မသေချာ မရေရာ အခြေအနေမှာပဲ ရှိနေဆဲဖြစ်ပါတယ်။
XS
SM
MD
LG