သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျမိုင်ကောင်စခန်းမှာ ကချင်ဒုက္ခသည်တွေနဲ့ ကုလအထူးအကြံပေး တွေ့ဆုံ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ကချင်ဒုက္ခသည်စခန်းကို ယခင်က သွားရောက်လည်ပတ်စဉ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ကချင်ဒုက္ခသည်စခန်းကို ယခင်က သွားရောက်လည်ပတ်စဉ်။
ကချင်လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့အကြား မကြာခင်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယား (Vijay Nambiar) က ပြောကြားလိုက်ပါတယ်။ မစ္စတာ နမ်ဘီယားဟာ ဒီကနေ့ နေ့လည်ပိုင်း ကချင်ပြည်နယ် ဂျမိုင်ကောင် ဒုက္ခသည်စခန်းကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် အဲဒီလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယား (Vijay Nambiar) ဟာ ဒီကနေ့ မနက်ပိုင်းက မြစ်ကြီးနားမြို့ကို လေယာဉ်နဲ့
ရောက်ရှိသွားပြီး နေ့လည်ပိုင်းမှာ ဂျမိုင်ကောင် ဒုက္ခသည်စခန်းကို လာရောက် လည်ပတ်ခဲ့တယ်လို့ စခန်းတာဝန်ခံ ဦးအောင်မြတ်က ဗွီအိုအေကို ပြောပါတယ်။

ဒုက္ခသည်တွေအနေနဲ့ မေးချင်တာမေးဖို့ မစ္စတာ နမ်ဘီယားက ခွင်ပြုတဲ့အတွက် ဒုက္ခသည်တွေဘက်ကလည်း သူတို့ရဲ့ စိုးရိမ်မှုတွေကို မေးမြန်း ပြောဆိုခဲ့တယ်လို့ ဦးအောင်မြတ်က ပြောပါတယ်။

“တယောက်ပြောတာက အခု ပြန်လို့ရပြီဆိုတာ အားလုံးတော့ ပြောနေကြတယ်။ ဒါပေမဲ့ ကျနော်တို့ ပြန်တဲ့အချိန်မှာ တိုင်းရင်းသားတွေက အားလုံး တောင်သူတွေပဲ လုပ်စားကြတယ်။ တောင်ယာတွေပဲ ခုတ်စားကြတော့ တောင်ယာသွားတဲ့လမ်းမှာ လုံခြုံတာမျိုးမရှိဘူး။ ကျနော်တို့တွေဟာ စစ်တပ်နဲ့တွေ့တဲ့အချိန် ဖမ်းတာ၊ နှိပ်စက်တာမျိုး၊ မသင်္ကာဖြစ်တာမျိုး အဲ့လိုမျိုး ခဏခဏဖြစ်တယ်။ အဲ့ဒါကြောင့် ဒီမှာ ပြန်လုပ်ရတယ်လို့ ပြောဆိုနေပေမဲ့ တကယ့် လက်တွေ့ကျမှ ကျနော်တို့ ပြန်လို့မရဘူးလို့ သူတို့က အဲ့လိုမျိုး ပြောကြတယ်။ အဲ့ဒါတွေကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ ပြောကြတယ်။”

မြန်မာအစိုးရနဲ့ ကချက် လက်နက်ကိုင် အဖွဲ့အစည်းကြားက တွေ့ဆုံဆွေးနွေးမှုတွေဟာ တိုးတက်မှုရှိပြီး ကချင်ပြည်သူလူထု လိုလားတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း မစ္စတာ နမ်ဘီယား က ပြောဆိုသွားတယ်လို့ ဦးအောင်မြတ်က ဆက်ပြောပါတယ်။

“ကျနော့်အမြင်ရော သူတို့လာတာကတော့ တကယ် ဒီ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တာတွေ တော်တော် အဲ့ဒါ အကျိုးသက်ရောက်မယ်လို့ ကျနော် မြင်မိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဒီနေ့ သူ ခွန်အားပေးသွားတာက သူ ဒီ ဒီ နောင်ဖြစ်လာမယ့်အချိန်မှာ တခြား ပဋိပက္ခ မရှိဖို့ အားလုံး ကြိုးစားကြပါတယ်လို့ သူက အဲ့လို ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာ ဇွန်လမှာ ကျင်းပတဲ့ ဒီ KIO နဲ့ သူတို့ ဒီ စစ်တပ် အစိုးရတွေ ညှိနှိုင်းတဲ့ ဒီဟာ မြစ်ကြီးနား မနောပွဲမှာ ကျင်းပတဲ့ ဒီဟာ ပထမဆုံး Agreement ပေါ့နော် ဒီဟာ အချက် ၇ ချက်ပါ တကယ့် ဒီဟာ ဖော်ဆောင်တာတွေ အကျိုးသက်ရောက်မယ့် တကယ့် ညှိနှိုင်း ဆွေးနွေးဖြစ်ပါတယ် ဆိုပြီးတော့မှ ပြောပါတယ်။”

“ပြီးတော့ အဲ့ဒါ ခွန်အားပေးသွားတာကတော့ ဒီဟာ အခု မင်းတို့ မျှော်လင့်ထားတဲ့ တန်းတူညီမျှ အခွင့်အရေးရဖို့အတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တကယ် ဖော်ဆောင်လာမှာပါလို့ အဲ့လိုမျိုးပြောပြီးမှ ခွန်အားပေးသွားတာပါ။”

သူ အရင်တခေါက် မြန်မာပြည်ကို လာရောက်စဉ်ကလည်း ဒီ ဂျမိုင်ကောင် ဒုက္ခသည်စခန်းကို လာသွားခဲ့ပါသေးတယ်။ မစ္စတာ နမ်ဘီယား မြစ်ကြီးနားမြို့ ကို ရောက်လာပြီး မြန်မာအစိုးရဘက်က ဆောင်ရွက်ပေးတဲ့ အခြေအနေတွေကိုတော့ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ကျနော်တို့နဲ့ မတွေ့ဘူးဗျ။ သူ့ဟာသူ ဟိုဟာနဲ့တွေ့တာ။ ဟိုဟာပေါ့ KBC သွားတယ်ဗျာ။ KBC ဆိုတာ ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံအဖွဲ့ပေါ့။ အခု အဲ့ဒါ မနက်ရောက်ပြီး ခဏ လေဆိပ်မှာနားပြီး သွားတွေ့တယ်။ တွေ့ပြီးရင်တော့ သူ IDP Camp တွေ လျှောက်သွားမှာပေါ့ဗျာ။ သူက သွားတယ် ကျနော်တို့ မပါဘူးဗျ။ ကောင်းတာက သူတို့ကို မေးရင်တော့ အပြည့်အစုံရမယ်။ ကျနော်တို့ကျတော့ တခါတည်းမေးလိုက်တယ် လိုက်ဖို့လိုလားလို့။ သူတို့က လွတ်လွတ်လပ်လပ်ပဲ သွားမယ်ဆိုတော့ ပြီးသွားရောပေါ့ဗျာ။ မနက်ဖြန် လိုင်ဇာသွားပါမယ်။ လိုင်ဇာသွားရင်လည်း ကျနော်တို့ မပါပါဘူး။ ကျနော်တို့က စီစဉ်ပေးလိုက်တာ။ ကားတွေ၊ လုံခြုံရေးတွေ အေးဆေးပါပဲ။”

မေး။ ။ ဆိုတော့ မြန်မာအစိုးရဘက်က တယောက်မှ မပါဘူးဆိုတဲ့ သဘောလားခင်ဗျ။
ဖြေ။ ။ “ဟုတ်တယ်။ ကျနော်တို့ မလိုက်ပါဘူး။ မလိုက်ဘူးဆိုတာ သူတို့က သူတို့ဟာသူတို့ သွားပြင်တာလေ။”

မနက်ဖြန်မှာတော့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို မစ္စတာ နမ်ဘီယား သွားရောက်မှာ ဖြစ်ပါတယ်။ အဲဒီမှာ KIO အဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်လို့ ယူဆရပေမဲ့ ဘယ်သူတွေပါမယ်ဆိုတော့ အတိအကျတော့ မသိသေးဘူးလို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က တာဝန်ရှိသူ ဦးလမိုင်ခွန်ဂျာက ပြောပါတယ်။

“သူတို့က KIO ဗဟိုမှာသွားမယ်ဆိုတော့ ဗဟိုလူကြီးတွေ အားလုံးနဲ့ တွေ့မယ်ကတော့ မသိဘူးလေ။ ဗဟိုကို သွားမှာဆိုတော့ အားလုံးနဲ့ တွေ့ဖြစ်လိမ့်မယ်ထင်တယ်။ ကျနော့်အထင်ပါ။”

မေး။ ။ ကျနော်တို့ကြားတာက ဦးခွန်ဂျာတို့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ကနေပြီး ကြားဝင် ဆောင်ရွက်ပေးသလားလို့ပါ။ အဲ့လို နှစ်ဘက်တွေ့ဆုံဖို့အတွက်လေ။ မစ္စတာ နမ်ဘီယားနဲ့ KIO ဗဟိုက တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ကိစ္စအတွက်။
ဖြေ။ ။ “အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ သူတို့က တိုက်ရိုက် ဆက်သွယ်တာတော့ မရှိဘူး။ သူတို့ရောက်လာတဲ့အချိန်မှာပဲ လိုက်ပို့ဖို့အတွက် ကျနော်တို့ PCG ကို တာဝန်ပေးထားတယ်ခင်ဗျ။”

မေး။ ။ ဟုတ်ကဲ့ ဦးခွန်ဂျာတို့ဘက်က လိုက်ပို့ပေးမယ်ပေါ့နော်။ သဘောက သူနဲ့အတူတူ လိုက်သွားမယ်ပေါ့။
ဖြေ။ ။ “ဟုတ်ကဲ့။ ဟုတ်ကဲ့”

မစ္စတာ နမ်ဘီးယားဟာ မနက်ဖြန် သြဂုတ်လ ၂၈ ရက်နေ့ကျရင် လိုင်ဇာမှာ KIO အဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ကချင်ပြည်နယ်ကနေ ပြန်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ကျန်ရက်တွေမှာ ဘယ်သူနဲ့တွေ့မယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ဒါဟာ မစ္စတာ နမ်ဘီယားအနေနဲ့ မြန်မာနိုင်ငံကို ၆ ကြိမ်မြောက် လာရောက်ခြင်းလည်း ဖြစ်ပါတယ်။

မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ KIO အဖွဲ့တို့ မေလအတွင်း တွေ့ဆုံကြစဉ်တုန်းက ကေအိုင်အိုအဖွဲ့နဲ့ သီးခြား တွေ့ဆုံခဲ့သူလို မေလ ၃၀ ရက်နေ့မှာ သဘောတူညီချက် (၇) ချက်ကို လက်မှတ်ထိုးကြစဉ်တုန်းကလည်း လေ့လာသူအဖြစ်နဲ့ တက်ရောက်ခဲ့ပါတယ်။ အဲဒီ ခရီးစဉ်အတွေ့အကြုံတွေကိုတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဖွဲ့စည်းထားတဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ကို မစ္စတာ နမ်ဘီယား တင်ပြခဲ့ပါတယ်။

မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ကိုတော့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နိုင်ငံပေါင်း ၁၄ နိုင်ငံနဲ့ ဖွဲ့စည်းခဲ့ပြီးတာဖြစ်ပါတယ်။
XS
SM
MD
LG